နမ္မတူတွင် RCSS နှင့် TNLA တို့ စစ်ရေးတင်းမာ  

နမ္မတူတွင် RCSS နှင့် TNLA တို့ စစ်ရေးတင်းမာ  

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၂၀  

ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ ဒီဇင်ဘာ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးတင်းမာနေကြောင်း နှစ်ဖွဲ့စလုံးက ပြောသည်။  

နမ္မတူမြို့နယ်၊ ပန်တောင်းတံတားအနီး၊ မိုင်းမုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရပ်ရွာများနှင့် အလှမ်းဝေး၍ အရပ်သားထိခိုက်မှုမရှိကြောင်း RCSS ဘက်က ပြောသည်။  

“လက်ရှိတော့ တိုက်ပွဲတော့ ငြိမ်နေပါတယ်။ ဒါပေမယ့် တစ်ဘက်နဲ့ တစ်ဘက်က အဆင်သင့် အနေအထားတော့ ရှိနေသေးတယ်လို့ ကြားသိရတယ်။ TNLA ဘက်က ထွက်တဲ့အသံကျတော့ RCSS က နယ်မြေကျူးကျော်တယ်လို့ ထွက်တာကြားသိရတာပေါ့။ ဒါပေမယ့် အဲဒီ နမ္မတူဘက်က RCSS က ရှိနေတာက နှစ် ၃၀ ကျော်ပြီ” ဟု RCSS/SSA ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။  

အုပ်ချုပ်ရေးနယ်မြေ အငြင်းပွားမှုများကြောင့် RCSS နှင့် TNLA တို့ စစ်ရေးတင်းမာမှုများ ဖြစ်နေသည်မှာ ငါးနှစ်ခန့်ရှိနေပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။  

RCSS က နယ်မြေကျော်လွန် ကျူးကျော်လာခြင်းကြောင့် တိုက်ပွဲပြန်ဖြစ်ကြောင်း TNLA ဘက်က ပြောသည်။  

TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အပစ်ရပ်ကြေညာထားတော့ တိုက်ပွဲမဖြစ်အောင် ရှောင်တာပေါ့။ အဲဒီလိုမျိုး ကျွန်တော်တို့ရှောင်တဲ့အချိန်မှာ RCSS က ထပ်မံပြီး ထိုးစစ်ဆင် ကျူးကျော်ပြီး ရောက်လာတယ်။ ရောက်လာတော့ အခုလိုမျိုး တိုက်ပွဲပြန်ဖြစ်တာ ဖြစ်တယ်” ဟု ဆိုသည်။  

နမ္မတူ၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ မူဆယ်၊ ကွတ်ခိုင် စသည့် မြို့နယ်များသည် RCSS နှင့် TNLA တို့ကြား ၂၀၁၅  ခုနှစ်ခန့်မှ စတင်ကာ နယ်မြေအငြင်းပွားမှု တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ဘေးရှောင် ရာနှင့်ချီ နေရပ်စွန့်ခွာခဲ့ရသည်။  

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှာ နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်တို့ ဆွေးနွေးမှု တစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ပေ။  

“အဲဒီတုန်းကလည်း ဆွေးနွေးတဲ့အဆင့်ကို မရောက်ဘူး။ ဘာလို့လဲဆို‌တော့  ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတယ်။ သူတို့ဘက်က ကိုယ်စားလှယ်တွေ စေလွှတ်တာက ဘာမှဆွေးနွေးစရာ မရှိဘူး။ ကျွန်တော်တို့ပြောတာ နားထောင်ရုံပုံစံပဲ” ဟု TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။  

ဆွေးနွေးမှု၏ နောက်ဆက်တွဲအဖြစ် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြပြီး RCSS ကှ အကြောင်းမပြန်သည့်အတွက် TNLA ဘက်မှ စာဖြင့် ထပ်မံ အကြောင်းကြားခဲ့သေးကြောင်းလည်း ၎င်းက ပြောသည်။  

သို့သော်လည်း TNLA ဘက်မှ ကမ်းလှမ်းလာပါက တိုက်ပွဲများရပ်ဆိုင်းရေး စားပွဲပေါ်တွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း RCSS မှ ဒု ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဆိုသည်။  

“TNLA ဘက်က ဆွေးနွေးချင်ရင်တော့ RCSS ဘက်က အမြဲတံခါးဖွင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။  

နှစ်ဖက်စလုံးမှ ဆွေးနွေးလိုကြောင်း ပြောဆိုသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအထိ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ ဒီဇင်ဘာ ၇ ရက်နေ့တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။  

RCSS နှင့် TNLA တို့ စစ်ရေးတင်းမာနေသည့် နမ္မတူမြို့နယ်သည် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA အပြင် တပ်မတော်ပါ လှုပ်ရှားသွားလာမှုရှိနေသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly