မိုးကုတ်မြို့ စံပြမုန့်တိုက် ( SP Bakery) ပိုင်ရှင် ဦးကျော်ဝင်း အဖမ်းခံရဟုသတင်းထွက်

 မိုးကုတ်မြို့ စံပြမုန့်တိုက် ( SP Bakery) ပိုင်ရှင် ဦးကျော်ဝင်း အဖမ်းခံရဟုသတင်းထွက်

ဒီဇင်ဘာ ၄

မိုးကုတ်မြို့ စံပြမုန့်တိုက် ( SP Bakery) ပိုင်ရှင် ဦးကျော်ဝင်း ယနေ့  ဒီဇင်ဘာ ၄ ရက်နေ့နံနက်ပိုင်းတွင် လက်နက်ကိုင်တစ်စု၏  ဖမ်းဆီးမှုကိုခံရကြောင်း သတင်းများထွက်ပေါ်နေသည်။

“ အဲ့လိုဆွဲသွားတယ်ဆိုတာကြားတယ်။ အောင်ချမ်းသာဈေးနားမှာ လူတစ်ယောက်ကိုခေါ်သွားတယ်ဆိုပြီး ကျွန်တော့်ကိုသတင်းလာပေးပါတယ်။ နောက်ပိုင်းတော့ အဲ့တာ SP (SP Bakery) ကဦးကျော်ဝင်းဆိုတာပြောတော့ အောင်ချမ်းသာဈေးမှာ ကျွန်တော်နဲ့လည်းတွေ့ခဲ့တော့ ဒါဖြစ်နိုင်ချေများတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု မိုးကုတ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်ကပြောသည်။

ဦးနိုင်ငံကျော်ကိုယ်တိုင် ဦးကျော်ဝင်းနှင့် မနက်  ၈နာရီခွဲဝန်းကျင်တွင် မိုးကုတ်မြို့အောင်ချမ်းသာဈေး၌ တွေ့ဆုံခဲ့ကြသေးသည်။ သို့သော် တွေ့ဆုံပြီးနောက်ပိုင်း မိတ်ဆွေများတဆင့်ပြောကြားချက်မှသာလျှင် ဦးကျော်ဝင်း အဖမ်းခံရသည်ဆိုသော သတင်းကို ကြားသိခဲ့ရခြင်းဟု ဆိုသည်။
 
ထို့ကြောင့် မိုးကုတ်မြို့နယ်မှူးရုံးသို့ဖုန်းနှင့်ဆက်သွယ်မေးမြန်းရာ “ သတင်းအတည်မပြုရသေးတဲ့အတွက်ပြောပြလို့မရသေးလို့ပါ။ လာတိုင်တာတော့ မရှိသေးပါဘူး” ဟု တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
 
မိုးကုတ်၏ မြို့မျက်နှာဖုံးတစ်ဦးဖြစ်သော ဦးကျော်ဝင်းသည် ရန်ညှိုးရန်စရှိသည်ဟူ၍လည်းမကြားဖူးဘဲ လက်နက်ကိုင်အဖွဲ့များနှင့်ပက်သက်မှုရှိသည်ဟုလည်း မကြားဖူးကြောင်း ဦးနိုင်ငံကျော်ကဆိုသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို မဇ္ဈိမက မေးမြန်းရာ အဖွဲ့အနေဖြင့် အမှန်တကယ် ဖမ်းဆီးမှု ရှိ၊ မရှိ မသိသေးကြောင်းနှင့် အောက်ခြေကို မေးမြန်းထားသည်ဟု ဖြေကြားသည်။
 
မိုးကုတ်မြို့အနီးတွင်  နိုဝင်ဘာ ၂၄ ရက်နေ့က  TNLA နှင့် တပ်မတော်တို့တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပါရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly