နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပနိုင်မည်ဟု ဦးအောင်မင်းပြော

နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပနိုင်မည်ဟု ဦးအောင်မင်းပြော
ဓာတ်ပုံ-မင်းမင်း၊မဇ္ဈိမ

ချင်းမိုင်၊ နိုဝင်ဘာ ၁၈ ။ ။ လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ဒုတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ရမည်လည်းဖြစ်သည်။ 

“ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ လာမည့် ရက် ၉၀ ပြည့်တဲ့ ဇန်နဝါရီလမှာ ကျနော်တို့ နိုင်ငံရေးဆွေးနိုင်ဖို့ ဖြစ်ပါတယ်။ အကယ်၍သာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့မျှော်မှန်းထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယူဆပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုအစည်းအဝေးတွင် JICM တာဝန် နှစ်ခုသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) တင်ပြသည့်ကိစ္စကို အတည်ပြုပေးခြင်းဖြစ်ပြီး နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ(Code of Conduct)၊ လုပ်ငန်းလမ်းညွန်း စသည့် လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်ရမည့် အချိန်ဇာယားအတိုင်း သတ်မှတ်နိုင်ခဲ့ကြောင်း ဦးအောင်မင်းက ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့အစည်းအဝေးတွင် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ(Code of Conduct)ကို အတည်ပြုနိုင်ခဲ့သဖြင့် ယင်းအတည်ပြုချက်များကို အစိုးရစစ်တပ်၏ အောက်ခြေတပ်ရင်းတပ်ဖွဲ့များသို့ အမြန်ဆုံး ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတွင်းရေးမှူး (၂) တာဝန်ယူနေသော အစိုးရ တပ်မတော်ဘက်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“သဘောတူမှု ဖြစ်တဲ့အတွက် အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေကို အောက်မှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် ကျနော်တို့ ပူးတွဲ ကော်မတီကို ကျနော်တို့ ဖြန့်ဝေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ တစ်နိုင်ငံလုံး အပစ်ရပ်စဲထားတဲ့ အဖွဲ့တွေအပြင်၊ ကျန်တဲ့အဖွဲ့တွေ လက်မှတ် ရေးထိုးလာရင်ဆောင်ရွက်နိုင်ဖို့အတွက် အကုန်လုံးကို ဖြန့်ဝေထားပေးမှာ ဖြစ်ပါတယ်”ဟု ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

အဆိုပါ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို နှစ်ဖက် ခေါင်းဆောင်များ ရက်ပေါင်းများစွာ အချိန်ယူ ဆွေးနွေးခဲ့သဖြင့် ခိုင်မာမှု ရှိသည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

“တဖက်ဖက်က ချိုးဖောက်လာရင်လည်း နှစ်ဖက်ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ အသေးအဖွဲအဆင့်ကို အသေးအဖွဲ့အဆင့်နဲ့ ထိုက်တန်သလို ကိုယ့်အဖွဲ့အစည်းကို ပြန်ပြီးတော့ အရေးယူဆောင်ရွက် ထိန်းသိမ်းသွားဖို့ ညှိနှိုင်းထားပါတယ်။" ဟု ပြောသည်။

လက်ရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့် ပတ်သက်၍ သတင်းထောက်များ မေးမြန်းမှုအပေါ် သူက NCA အပေါ် အားလုံး ပါဝင် လက်မှတ်ရေးထိုးစေလိုကြောင်းနှင့် လက်မှတ်ရေးထိုးပြီးပါက NCA သဘောတူညီစာချုပ် မူဘောင်အရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက သတင်းထောက်များကို ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM)တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ခေါင်းဆောင်များ တိုက်ပွဲများ ရပ်တပ်ရန် အားလုံး ပါဝင်ရေး ကြိုးပမ်းရန် တင်ပြခဲ့ကြသည်။

အစိုးရနှင့် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ဖက် ပူးပေါင်း၍ တစ်လအတွင်း ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ တပ်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ရေးဆွဲနိုင်ခဲ့၍ ယနေ့ အတည်ပြုနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

“အထူးသဖြင့် တပြည်လုံး လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုသေနပ်သံ ရပ်စဲဖို့အတွက် အထူးလိုအပ်တယ်”ဟု ပဒိုကွယ်ထူးဝင်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ပွဲများ မရပ်စဲဘဲစစ်မှန်သည့် ငြိမ်းချမ်းရေး အခက်အခဲ ရှိနိုင်ပြီး အစိုးရဘက်မှ ဖိတ်ကြားထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ လုံး ပါဝင်လာရေးအတွက် ပူးတွဲအဖွဲ့ဖွဲ့စည်းခြင်း၊ နှစ်ဖက် အပြန်အလှန် အချက်အလက်များပေး၍ ကြိုးပမ်းဆောင်ရွက်ပါက ဖြစ်နိုင်မည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP)မှ ခိုင်စိုးနိုင်အောင်၏ မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြထားသည်။

“အစိုးရဘက်ကရော၊ ကျနော်တို့ EAO အနေနဲ့ရော အဖွဲ့တွေ ဖွဲ့ပြီးတော့ စစ်ပွဲတွေ ရပ်အောင်၊ အန်စီအေမှာပါပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင် နည်းလမ်ရှာဖို့ သိပ်အရေးကြီးပါတယ်။ အဲဒါကြောင့် နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက တိုက်ပွဲတွေ ရပ်ပြီးတော့ သေနတ်သံတွေ ငြိမ်းပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင်နှစ်ဖက် ကြိုးစားကြပါစို့”ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရက နှစ်နှစ်ကျော်ကြာ ကြိမ်းပမ်းခဲ့သော လက်ရှိ ငြိမ်းချမ်းရေးလုပ်ဆောင်မှုကို ဆက်လက် ခိုင်မာစေရန်နှင့် လက်ရှိ အစိုးရမှ ပြည်တွင့် ပဋိပက္ခများ အဆုံးသတ်နိုင်ရေး သမိုင်းတွင် ရှိနေပြီး တက်လာမည့် အစိုးရနှင့် ဆက်လက် လုပ်ဆောင်သွားနိုင်ရန် အရေးကြီးကြောင်း မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားခဲ့သည်။

အလားတူ လက်ရှိ အစိုးရက ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကြီး တည်ဆောက်ရန် လက်ခံခဲ့သလို၊ ပြည်ထောင်စုအတွင်း အားလုံ စုစည်းနေထိုင်ကြမည်ဆိုသည့် မူဝါဒကိုလည်း အားလုံး လက်ခံသလို၊ လက်နက်ကိုင် ပဋိပက္ခများကို စစ်ရေးနည်းအစား နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း မူဝါဒကိုလည်း လက်ခံခဲ့သဖြင့် NCA ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုလုပ်ငန်းစဉ်များ လက်တွေ့ ကျကျ ခိုင်ခိုင်မာမာ ရပ်စဲနိုင်ရန် အထူးလိုအပ်ကြောင်း “နှစ်ဖက် ပြောကြားခဲ့တဲ့အတိုင်း မပြီးဆုံးသေးတဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်နေတဲ့နေရာတွေမှာ လက်နက်ကိုင် စစ်ရေး ပဋိပက္ခတွေ ပပျောက်နိုင်ဖို့အတွက် ဆက်လက် ပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု ဦးသိန်းဇော်၏ မိန့်ခွန်းတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags