ဆွီဒင် စတော့ဟုမ်းမြို့လယ်က စမတ်ဖုန်းသုံးရင်း လမ်းမကူးရဆိုင်းဘုတ်

ဆွီဒင် စတော့ဟုမ်းမြို့လယ်က စမတ်ဖုန်းသုံးရင်း လမ်းမကူးရဆိုင်းဘုတ်

စတော့ဟုမ်း၊ နိုဝင်ဘာ-၁၈ ။           ။ ဆွီဒင်အနုပညာရှင်တစ်ယောက်က စမတ်ဖုန်းများကို ငုံ့ကြည့်လျှက် လမ်းလျှောက်နေသူနှစ်ဦးပုံ ရေးဆွဲထားသည့် လမ်းသတိပေးဆိုင်းဘုတ်များကို စတော့ဟုမ်း မြို့ထဲလမ်းများတွင် ထားရှိခြင်းဖြင့် စမတ်ဖုန်းအသုံးပြုမှုနှင့် ပတ်သက်၍ သတိပေးနှိုးဆော်ရန် ကြိုးစားနေသည်။

အသက်၂၉နှစ်အရွယ် ယာကော့ ဆမ်ပလာမှာ စတော့ဟုမ်းမြို့ထဲလမ်းများကို လျှောက်သွားစဉ် ကားတစ်စင်းက တိုက်လုနီးပါးဖြစ်သွားသည့်အခါတွင်မှ စမတ်ဖုန်းကို အစွဲကြီးစွဲနေမိမှန်း ကိုယ့်ကိုယ်ကို သိသွားခဲ့သည်။ ယခုတော့မူ အများပြည်သူကို လမ်းလျှောက်စဉ် ဦးခေါင်းများကို မော့ထားကြဖို့ တိုက်တွန်းသည့် သတင်းစကားကို ဖြန့်ဝေနေသည်။  

 ‘တစ်နေ့တော့ အလုပ်ကိုအသွား လမ်းမှာ အရူးတစ်ယောက်လို တစ်ချိန်လုံးဖုန်းကိုပဲ စိုက်ကြည့်နေခဲ့တော့ ကားတိုက်ခံရတော့မလို ဖြစ်သွားတယ်။ ဒီလိုအကျင့်စရိုက်ရှိတာ ကျနော်တစ်ယောက်တည်း မဟုတ်ဘူး၊ ဒါကို တစ်နည်းနည်းနဲ့တော့ ဖြေရှင်းရမယ်လို့ တွေးမိသွားတယ်’’ဟု ဆမ်ပလာက ပြောကြားခဲ့သည်။

ဖြေရှင်းပုံမှာ ရိုးရိုးလေးပင်ဖြစ်သည်။ ဆမ်ပလာနှင့် သူ၏ ဖန်တီးဖက် အီမီး တစ်စ်မန်းတို့နှစ်ဦးက ဆိုင်းဘုတ်များကို ရေးဆွဲပြီး ဆွီဒင်တစ်ဝန်းလုံးရှိ လမ်းများတွင် ချထားလိုက်ခြင်းပင် ဖြစ်သည်။

ထိုဆိုင်းဘုတ်များကို ဖြတ်သွားဖြတ်လာများက စိတ်ဝင်စားသွားကြပြီး ဓာတ်ပုံများရိုက်ယူ၍ လူမှုမီဒီယာများမှတစ်ဆင့် ဝေငှလာကြသည်။ သို့ရာတွင် သူနှိုးဆော်ရန်ကြိုးစားနေသည့် လူထုများမှာ သူ၏ ဆိုင်းဘုတ်များကို ကိုယ်တိုင်ကိုယ်ကျ မျက်စိနှင့်ကြည့်ကြသည်ဟု သူမယုံကြည်ကြောင်း ဆမ်ပလာက ပြောကြားသည်။

‘ဒီဆိုင်းဘုတ်ကို ကြည့်ဖို့ အမှန်တကယ်လိုအပ်နေတဲ့သူတွေက ဖုန်းတွေကိုပဲ စိုက်ငေးပြီး ကျော်သွားကြဖို့များပါတယ်’’ဟု ဆမ်ပလာက ပြောကြားသည်။

ဆမ်ပလာ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း အာဏာပိုင်များကမူ ထိုဆိုင်းဘုတ်များမှာ တရားဝင်လမ်းအချက်ပြမဟုတ်သောကြောင့် ဆွဲချဖယ်ရှားရလိမ့်မည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly