ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးမှုများမရှိပါက ပဋိပက္ခများပိုလာနိုင်ဟု AHCT အတွင်းရေးမှူးပြော 

ရခိုင်အရေးနှင့်ပတ်သက်၍ နိုင်ငံရေးဆွေးနွေးမှုများမရှိပါက ပဋိပက္ခများပိုလာနိုင်ဟု AHCT အတွင်းရေးမှူးပြော 
ဓာတ်ပုံ - အောင်အောင်ထူး/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၁၉  

လတ်တလောကာလ၌ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုလျော့ကျလာသော်လည်း နိုင်ငံရေး အရ ဆွေးနွေးမှုများ မပြုလုပ်ပါက နယ်မြေလု ပဋိပက္ခများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း AHCT အဖွဲ့အတွင်းရေးမှုး ဦးကျော်ဆန်းလှိုင်ကသုံးသပ်သည်။ 

 “ အခုလောလောဆယ်သူတို့ ရွေးကောက်ပွဲကြောင့်လည်းဖြစ်ချင်ဖြစ်မယ်။ တခြားသူတို့ ပန်းပြီးမတိုက်တာလဲဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့အထင်တော့ တိုက်ပွဲတွေတော့ဖြစ်လာမယ် နိုင်ငံရေးဖြေရှင်းချက်မရဘူးဆိုရင်” ဟု ၎င်းကပြောသည်။  

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်မြို့နယ်၉ခုတွင် ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်များမရှိသည့်အတွက် လွှတ်တော်ထံ ပြည်သူ့အသံမရောက်သဖြင့် စစ်အုပ်ချုပ်ရေးပုံစံမျိုးလည်းဖြစ်လာနိုင်ကြောင်းလည်း နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်သည့် စစ်ရှောင်ပြည်သူများကိုကူညီရန် ရခိုင်အရပ်ဖက်အဖွဲ့ (၆) ဖွဲ့ပေါင်းစည်းထားသော “ ရခိုင်လူသားချင်းစာနာထောက်ထား ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့”(AHCT)၏ အပတ်စဉ် အစီရင်ခံစာတွင်ဖော်ပြထားသည်။  

ရွေးကောက်ပွဲမကျင်းပနိုင်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် AA က‌တောင်းဆိုထားသည်။ 

 “ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲက ဥပဒေအရ ရွေးကောက်ပွဲအလွန် ၁ နှစ်ကျော်မှလုပ်လို့ရတာလေ။ ဒါကြောင့် ကျွန်တော်တို့ကဖြစ်စေချင်တာကြားဖြတ်ရွေးကောက်ပွဲအနေနဲ့မဟုတ်ဘူး၊ ၂၀၂၀ ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် ဆက်ပြီးကျင်းပဖို့ UEC ကိုတိုက်တွန်းနေတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။  

သို့သော် ရခိုင်လူထုတွင် ရွေးကောက်ပွဲနှင့်ပက်သက်၍ စိတ်ဝင်စားမှုအားနည်းနေသည်ကို စစ်တမ်းများတွင်တွေ့လာရပြီး မဲပေးခွင့်ရှိသူ ၄ သိန်းဝန်းကျင်တွင် ၂ သိန်းခန့်သာမဲလာပေးခဲ့ကြောင်းလည်းသိရသည်။  

အဆိုပါဒေသများတွင် ကြားဖြတ်ရွေးကောက်ပွဲအမြန်ဆုံးလုပ်ဆောင်ရန်လိုအပ်နေသော်လည်း AAအဖွဲ့က တိုက်တွန်းသကဲ့သို့ ဒီဇင်ဘာလတွင် ကျင်းပပေးနိုင်ရေးအတွက် UEC အနေဖြင့်အခက်အခဲရှိနိုင်ကြောင်း ဦးကျော်ဆန်းလှိုင်ကသုံးသပ်သည်။  

“နောက်ပြီးတော့ အထူးသဖြင့် ဒီမိုကရေစီအစိုးရနဲ့ အဖွဲ့အစည်းတွေပေါ်မှာ ပြည်သူလူထုကယုံကြည်မှုအရမ်းအားနည်းတဲ့အခါကျရင် ဒီမိုကရေစီဖြစ်စဉ်အပေါ် မယုံကြည်ဘူးဖြစ်နေတာပေါ့။ အဲ့တော့ ရွေးကောက်ပွဲလုပ်လာရင်တောင်မှ မဲပေးတဲ့သူကရှိပါဦးမလား။ ဉပမာ- ကျောက်ဖြူမြို့နယ်မှာဆို ၃ သောင်းမှာ ၁ သောင်းပဲမဲလာပေးတယ်” ဟု ဦးကျော်ဆန်းလှိုင် ကပြောသည်။  

ထို့ပြင် UEC အနေဖြင့် အချို့မြို့နယ်များတွင် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်သည်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပေးသင့်ကြောင်းလည်း ဆိုသည်။  

လက်ရှိရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်မြို့နယ်များမှာ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တာ၊ မြေပုံ မြို့နယ်တို့ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃ ပုံ ၂ ပုံခန့်မဲပေးခွင့်ဆုံးရှုံးထားရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly