၂၀၂၀ မကုန်မီ ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် AA ထုတ်ပြန်  

၂၀၂၀ မကုန်မီ ရခိုင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန် AA ထုတ်ပြန်  

နိုဝင်ဘာ ၁၃၊ ၂၀၂၀ 

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ချန်လှပ်ထားခဲ့သည့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ယခုနှစ် ဒီဇင်ဘာလ မကုန်မီအတွင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံး ကျင်းပပေးရန် တိုက်တွန်းကြောင်း ရခိုင့်တပ် AA အဖွဲ့က ၎င်းတို့၏ အင်တာနက် ဝက်ဘ်ဆိုဒ် မှတစ်ဆင့် ထုတ်ပြန်သည်။   

အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာ ၁၂ ရက်နေ့တွင် အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။   

အဆိုပါ ထုတ်ပြန်ချက်အပေါ် သဘောထားမှတ်ချက်ပေးရန် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတို့ထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပါ။   

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တည်ငြိမ်သော အခြေအနေတစ်ခုကို ဖန်တီးနိုင်ရန် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့နှင့် သင့်လျော်သလို ပံ့ပိုးကူညီ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

လုံခြုံရေး အခြေအနေကောင်းပါက ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက ရွေးကောက်ပွဲ ကျင်းပပေးရန် အဆင်သင့်ရှိပြီး မဲဆန္ဒရှင် အသိပညာပေးမှုနှင့် မဲရုံအဖွဲ့ဝင် အသိပညာပေးခြင်းတို့ကိုသာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။   

“ရခိုင်ပြည်နယ်ထဲက ၁၇ မြို့နယ်လုံးက မြို့နယ်တွေမှာ မဲရုံသုံးပစ္စည်းတွေက ရှိနေပြီးသားပါ။ မဲလက်မှတ်တစ်ခုပဲ ပြည်နယ်ရုံးမှာ သိမ်းထားတာပါ။ ရွေးကောက်ပွဲလုပ်ဖို့ အဆင်သင့်ရှိပါတယ်” ဟု ၎င်းက ပြောသည်။   

AA က ထိုသို့ထုတ်ပြန်ခြင်းကို ကြိုဆိုကြောင်း တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့မှ ကိုရဲမျိုးဟိန်းက ပြောသည်။   

“AA လို လက်နက်ကိုင်အဖွဲ့က ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတာကတော့ ကောင်းတဲ့လက္ခဏာလို့ မြင်တယ်ပေါ့” ဟု ကိုရဲမျိုးဟိန်းက ဆိုသည်။   

သို့သော်လည်း ရွေးကောက်ပွဲ ဥပဒေအရ အထွေထွေ ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးစီးပါက အနည်းဆုံး ခြောက်လခန့် ကြာပြီးမှသာ နောက်ထပ် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပနိုင်သည်ဟု မှတ်သားဖူးကြောင်း ရခိုင်ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့မှ ဦးခိုင်ကောင်းစံက ပြောသည်။   

သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မည်သို့ ဆုံးဖြတ်မည်ကို မသိနိုင်ကြောင်းနှင့် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပစေချင်ကြောင်းလည်း ၎င်းကပြောသည်။   

“အပေါ်ဘက်မှာ ထုတ်ပြန်တာတွေက ထုတ်ပြန်နေတာပဲ။ မြေပြင်မှာ ဖြစ်နေတာတွေက ဖြစ်နေတာပဲ။ စစ်ရေးလှုပ်ရှားမှုတွေ အကုန်လုံးကို နှစ်ဖက်လုံးက ရပ်တန့်ရမှာပါ” ဟု ဦးခိုင်ကောင်းစံက ပြောသည်။   

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မြို့နယ် စုစုပေါင်း ကိုးမြို့နယ် ရှိခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးရှိ  မဲဆန္ဒရှင် ထက်ဝက်ကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required