NLD ပါတီဝင် သောင်းချီပါဝင်သည့် အင်အားပြမဲဆွယ်မှု လှည်းကူးမြို့နယ်တွင်ပြုလုပ်

NLD ပါတီဝင် သောင်းချီပါဝင်သည့် အင်အားပြမဲဆွယ်မှု လှည်းကူးမြို့နယ်တွင်ပြုလုပ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

အောက်တိုဘာ ၂၅ရက်

ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီဝင် အင်အား သောင်းချီပါဝင်သည့် အင်အားပြလှည့်လည်မဲဆွယ်ပွဲကို အောက်တိုဘာ ၂၅ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

၎င်းအင်အားပြလှည့်လည်မဲဆွယ်ပွဲတွင် ဖောင်ကြီးမှလာရောက်သည့်ပါတီဝင်များနှင့် လှည်းကူးမြို့နယ်ရှိ ပါတီဝင်အများစုပါဝင်ခဲ့ပြီး အင်အားပြယာဉ်များဖြင့် အောင်နိုင်ရေးတေးသီချင်းများဖွင့်လှစ်လှည့်လည်ရာ ယာဉ်တန်း အရှည်သည် ရန်ကုန် - ပဲခူး မိန်းလမ်းမကြီးတလျှောက် သုံးမိုင်ဝန်းကျင်ခဲ့ခန့်ရှိခဲ့သည်။
 
“ လှည့်လည်တဲ့ပွဲက ဘယ်သူမှဦးဆောင်တယ်မဟုတ်ဘူးပေါ့။ ပြည်သူတွေအားလုံးက ဒီနေ့၊ဒီရက်ကိုသွားကြ မယ်ဆိုတဲ့ ပုံစံနဲ့စုပြီးတော့မှ ထောက်ခံတဲ့ပွဲကိုလှည့်ကြတာပဲ။ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ပဲ ချိတ်ဆက် ပြီးတော့လာကြတာ” ဟု လှည့်လည်ရာတွင် ပါဝင်သူ ဖောင်ကြီးမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုက ဒေါ်နုနုဝင်းကပြောသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါကူးစက်မှုအများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၂၅ ရက်နေ့ အင်အားပြမဲဆွယ်ပွဲသည် ၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်မြို့၏ အကြီးမားဆုံး မဲဆွယ်ပွဲလည်း ဖြစ်ဖွယ်ရှိသည်။

ယခုကဲ့သို့ မဲဆွယ်ပွဲဖြစ်မြောက်စေရန် လွန်ခဲ့သည့်ရက်ပိုင်းမှစတင်ကာ အွန်လိုင်းမှတဆင့် စည်းရုံးလှုံဆော်မှုများ ပြုလုပ်ခဲ့သည်ကိုလည်း မဇ္ဈိမကမြင်တွေ့ခဲ့ရသည်။

“အဓိကပြောရရင် လှည်းကူးရှေ့၊ဇရက်ခေါ်မှာပေါ့။ ကျွန်းကလေးကနေ ဦးဆောင်ပြီးတော့ ဖောင်ကြီး၊ မင်းကွန်းကအဖွဲ့ပါလာတယ်။ တောက်လျောက်ပေါ့။ ရပ်ကွက်တွေထဲက ထွက်လာတယ်။ ပထမက ကျွန်တော် တို့ အဲ့လောက်မထင်ဘူး။ အခုတော်တော်များများထွက်လာတယ်။ တော်တော်ပီတိဖြစ်ရတယ်။ သိပ်ပြီးတော့ လည်း တအားကြီးစည်းရုံးပြီး ဖန်တီးတာတော့ မဟုတ်ရပါဘူး” ဟု လှည်းကူးမြို့နယ် NLD ပါတီဝင် ဦးသက်နိုင်က ပြောသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ပါတီဝင်များက မြို့နယ်တွင်းရှိ ကျေးရွာများသို့ကွင်းဆင်း လှည့်လည်မှု များပြု လုပ်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပုသိမ်မြို့တွင် ထိုသို့လူထောင်ချီအင်အားပြလှည့်လည်မှုုပြုလုပ်ခဲ့သည့်အတွက် ပုသိမ်မြို့ကိုဗစ်ကော် မတီက NLDပါတီနှင့် ပြည်ခိုင်ဖြို့ပါတီတို့မှ ပါတီဝင် ၂၂ ဦးကို အမှုဖွင့်လှစ်ခဲ့သေးသည်။

ဓာတ်ပုံ - သူရ / မဇ္ဈိမ

လက်ရှိ လှည်းကူးမြို့တွင် ပြုလုပ်သည့် သောင်းနှင့်ချီသောအင်အားပြလှည့်လည်မှုနှင့်ပတ်သက်၍ မြို့နယ်ကိုဗစ်ကော်မတီမှ အမှု ဖွင့်အရေးယူမှုပြုလုပ်ခြင်းရှိ၊မရှိအား ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

Stay Home ညွှန်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမှ မဲဆွယ်အင်အားပြရာတွင် လူ ၅၀ ထက်မပိုရန် ညွှန်ကြားချက်ထုတ်ထားသော်လည်း မြို့အတော်များများတွင် လူရာချီပါဝင်သည့် ထောက်ခံပွဲများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required