ရှမ်းပြည်က ပယ်ဖျက်ထားသည့် မဲဆန္ဒနယ်များတွင်ရွေးကောက်ပွဲ ကျင်းပပေးရန် ပါတီအချို့ ရွေးကော်သို့တင်ပြ

ရှမ်းပြည်က ပယ်ဖျက်ထားသည့် မဲဆန္ဒနယ်များတွင်ရွေးကောက်ပွဲ ကျင်းပပေးရန် ပါတီအချို့ ရွေးကော်သို့တင်ပြ

အောက်တိုဘာ ၂၃ ၊ ၂၀၂၀

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည့် နေရာအများစုတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရန် နိုင်ငံရေးပါတီအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ တင်ပြထား ကြောင်းသိရသည်။  

အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  ထုတ်ပြန်ကြေညာသည့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများတွင် ရှမ်းပြည်နယ် မှ ၆ မြို့နယ်၏ နယ်မြေအားလုံး၊ အခြားမြို့နယ် ၁၆ ခုမှ ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စု ၁၃၃ စု တို့ ပါဝင်ခဲ့သည်။  

အဆိုပါနယ်မြေအများစုသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အများစုအနိုင်ရရှိထားသည့် မြို့နယ်များလည်းဖြစ်သည်။  

“ ကျွန်တော်တို့ မူဆယ်ခရိုင်မှာရော၊ လားရှိုးခရိုင်မှာရော ကျောက်မဲခရိုင်မှာရော တင်ပြထားတာရှိပါတယ်။ အဓိကအားဖြင့် မိုင်းကိုင်မှာလည်းတင်ပြထားတာရှိပါတယ်။ မိုင်းကိုင်ကတော့ ကျွန်တော်တို့ တစ်ပါတီထဲမဟုတ် ပါဘူး။ မိုင်းကိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီအားလုံးနဲ့ ညှိနှိုင်းပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ် ” ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်ညွှန့်ကဆိုသည်။  

မိုင်းကိုင်တွင်ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်သူ တစ်သောင်းကျော်လက်မှတ်ရေးထိုးထားသည့် ဆန္ဒပြုလွှာကိုပါ UEC သို့ ပူးတွဲ့ပို့ဆောင်ထားပြီး သက်ဆိုင်ရာမဲဆန္ဒနယ်မြေများမှ ကိုယ်စားလှယ်လောင်းအသီးသီးကိုလည်း ရွေးကောက်ပွဲ ကျင်းပနိုင်သည့်နယ်မြေဖြစ်ပါက ကော်မရှင်ထံ တင်ပြရန် ပါတီမှညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

တအာင်းအမျိုးသားပါတီ (TNP) မှလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ နှင့် ကျောက်မဲမြို့နယ်တို့ အတွင်း ပယ်ဖျက်ခံရသည့် ရပ်ကွက် ၁ ခုနှင့် ကျေးရွာအုပ်စု ၃၆ စု တွင်ပဋိပက္ခမရှိ သဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၂၁ ရက်နေ့ကတင်ပြထားကြောင်းပြောသည်။   

“ တင်ပြထားပါတယ်။ အခြေအနေတော့ဘာမှ အကြောင်းပြန်လာတာမရှိသေးဘူးဗျ။ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေလည်းရှိတယ်။ လမ်းပန်းဆက်သွယ်ရေးရော၊ လုံခြုံရေးအရရောကျင်းပနိုင်တဲ့ အခြေအနေမျိုးရှိပါ တယ် ” ဟု TNP အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကပြောသည်။  

အချို့ဒေသများတွင် လက်နက်ကိုင်အဖွဲ့များရှိသည်မှာမှန်သော်လည်း အပစ်အခတ်ရပ်စဲထားသလို မဲဆွယ်မှုလည်း လွတ်လွတ်လပ်လပ်ပြုလုပ်ခွင့်ရ၍ ရွေးကောက်ပွဲအားနှောက်ယှက်မည်ကိုစိုးရိမ်စရာမလိုဟုလည်း ၎င်းက ဆိုသည်။  

ရှမ်းပြည်နယ်မြောက်ပိုင်း  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ကျောက်မဲ၊ လားရှိုးနှင့် မူဆယ်ခရိုင် များမှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တင်ပြလာသည့်စာများရရှိထား၍ ပြည်နယ်မှတစ်ဆင့် ပြည်ထောင်စုအဆင့်သို့ တင်ပြနိုင်ရန် ပေးပို့ထားကြောင်းဆိုသည်။  

“ တချို့နေရာတွေတော့ဖြစ်နိုင်ပါတယ်။ လာရှိုးဆိုရင် သဘောကကျင်းပနိုင်ဖို့ဖြစ်ပါတယ်။ ကွမ်းလုံကတော့ မန်ပြိန်းပေါ့။ ဒီဟာတွေကို ရှမ်းမြောက်အဖွဲ့ကနေရွေးကောက်ပွဲလုပ်ဖို့ ပြန်လည်ထောက်ခံတင်ပြထားတာတွေ လည်းရှိပါတယ်” ဟု ရှမ်း (မြောက်) ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးလုပ်ယွန်းကဆိုသည်။  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် တင်ပြလာချက်များကို ထပ်မံသုံးသပ်ပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေများစာရင်းထဲမှ ဖြစ်နိုင်ချေရှိသည့်နေရာများကို ပြန်လည်ကြေငြာပေးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားသည်။  

ထို့အပြင် ကြေငြာချက်တွင်မပါဝင်သော်လည်း အန္တရာယ်ရှိနိုင်သည့်နေရာများဖြစ်သည့် အမ်းနှင့် ပလက်ဝလိုနေရာမျိုးအတွက်လည်း ထပ်မံကြေငြာပေးမည်ဟုဆိုသည်။  

ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်သည့်နေရာများတွင် ရခိုင်ပြည်နယ်မှအများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်သည် ဒုတိယအများဆုံးပြည်နယ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required