ပါတီဖျက်သိမ်းခံရမှု ရွေးကောက်ပွဲ ကော်မရှင်ထံ နှင်းဆီပါတီ စာပို့ကန့်ကွက်မည်

ပါတီဖျက်သိမ်းခံရမှု ရွေးကောက်ပွဲ ကော်မရှင်ထံ နှင်းဆီပါတီ စာပို့ကန့်ကွက်မည်
ဓာတ်ပုံ - အောင်မြတ်သူ

အောက်တိုဘာ ၁၈၊ ၂၀၂၀

နှင်းဆီပါတီဟု လူသိများကြသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု မရှိခြင်းကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ စာပို့ကန့်ကွက်သွားမည်ဟု ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးသိုက်ထွဏ်းက မဇ္ဈိမကို ပြောသည်။  

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ နှင်းဆီပါတီကို ဖျက်သိမ်းသည့်အပြင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးကိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခဲ့သည်။  

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ထောင်ပြေးမှုဖြင့် အဖမ်းခံရပြီးနောက်ပိုင်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ပါတီ ဖျက်သိမ်းကြောင်း ကြေညာခံရခြင်း ဖြစ်သည်။ နှင်းဆီပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့နှင့် ငြိစွန်းနေခြင်းကြောင့် ဖျက်သိမ်းသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။  

နှင်းဆီပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဖော်ပြသည့် အချက်များနှင့် မငြိစွန်းသောကြောင့် စာပို့ကန့်ကွက် တုံ့ပြန်ရခြင်းဖြစ်ကြောင်း ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးသိုက်ထွဏ်းက ပြောသည်။

“ကျွန်တော်တို့ကတော့ လောလာဆယ် UEC ကို စာပို့ပါမယ်။ သူတို့ရဲ့ တရားမျှတမှုမရှိဘဲ လုပ်တာအပေါ်မှာ ကျွန်တော်တို့ လုံးဝ လက်မခံပါဘူးဆိုတဲ့ ကြေညာစာတမ်း ပြန်ထုတ်ပေးပါမယ်။ ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် လိုအပ်လို့ရှိရင် UEC ကို တစ်နိုင်ငံလုံးကနေ တရားစွဲမှာပါ” ဟု ၎င်းက ဆိုသည်။  

သို့သော် ပါတီအနေဖြင့် တရားစွဲမည်မဟုတ်ဘဲ အမည်စာရင်း ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီက စွဲဆိုဖြစ်ရန် များကြောင်းလည်း ဦးသိုက်ထွဏ်းက ပြောသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သဖြင့် တရားပြန်စွဲရန် မဖြစ်နိုင်ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းပေးစဉ်က သွင်းငွေကိုသာ ပြန်တောင်းနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။  

“ငွေကိုပြန်ထုတ်ပေးပါ၊ ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ သွင်းထားတာပါဆိုပြီး UEC တော့ သူတို့ပြောပေါ့။ အဲဒီလို မဟုတ်လို့ တရားရုံးကနေ တရားစွဲမယ်ဆိုရင်တော့ ရာဇဝတ်မှုတော့ မစွဲနိုင်ဘူး။ ငွေပြန်ရလိုမှု တရား မကြောင်း အရပဲ ရမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။  

အဖမ်းခံထားရသည့် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရန် ကျပ်ငွေ ၁၂ ဘီလီယံကျော် သုံးစွဲထားပြီး တာဝန်အလိုက် လစဉ်ထောက်ပံ့ကြေး ပေးထားကြောင်း၊ ကိုယ်စားလှယ်လောင်းများကိုလည်း တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီဖြင့် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၇၁၆ ဦးကို ငွေကြေး ထောက်ပံ့ထားကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အထူး သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။  

ဤအချက်ကို နှင်းဆီပါတီက ငြင်းဆိုလိုက်ပြီး ပါတီအနေဖြင့် ငွေကြေးထောက်ပံ့မှုမျိုး မရှိသော်လည်း ကုမ္ပဏီက ထောက်ပံ့မှုမျိုး ကြားဖူးကြောင်း ဦးသိုက်ထွဏ်းက ပြောသည်။  

တစ်နိုင်ငံလုံးအတွက် ရိုက်နှိပ်ပြီးသား မဲလက်မှတ်များတွင်လည်း နှင်းဆီပါတီ ပါဝင်နေသောကြောင့် မဲလက်မှတ်တွင် နှင်းဆီပါတီကို အမှတ်အသားနှင့် ပယ်ဖျက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။  

ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းတွင်ပင် မဲဆန္ဒရှင် ၅၈ သိန်းကျော် ရှိသောကြောင့် မဲလက်မှတ် အသစ်ရိုက်နှိပ်ရန် မဖြစ်နိုင်တော့ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။  

“အဓိကတော့ အချိန်မီရင် မဲလက်မှတ်ထဲမှာ ဖျက်ပစ်လိုက်ရမှာပေါ့။ ဒါပေမယ့် ဒီမှာသိန်းနဲ့ချီပြီး ရှိတယ်လေ၊ ရန်ကုန်မြို့မှာတင်။ အချိန်ကလည်း မရှိတော့ဘူး။ မဲလက်မှတ်ပေါ်မှာ နှင်းဆီပါတီကဟာကို တစ်ခုခုနဲ့ အမှတ် အသား လုပ်ရတော့မှာလေ” ဟု ၎င်းက ပြောသည်။  

ပြည်ပနိုင်ငံများတွင် ကြိုတင်မဲပေးခဲ့ရာ၌ နှင်းဆီပါတီကို ပေးခဲ့လျှင် ယင်းဆန္ဒမဲများ ပယ်မဲဖြစ်သွားကြောင်းလည်း သူက ဆက်ပြောသည်။  

ပါတီကို ဖျက်သိမ်းခဲ့သော်လည်း ပါတီဆိုင်းဘုတ်များ၊ ကိုယ်စားလှယ် ဆိုင်းဘုတ်များကို လက်ရှိတွင် ဖြုတ်ချဦးမည် မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်ကို စောင့်နေကြောင်းလည်း နှင်းဆီပါတီက ပြော သည်။  

လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် နှင်းဆီပါတီဝင် ခြောက်သောင်းကျော်ကို မေတ္တာရပ်ခံထားကြောင်းလည်း သိရသည်။  

နှင်းဆီပါတီကို ၂၀၁၀ ရွေးကောက်ပွဲတွင် စတင် မှတ်ပုံတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် တစ်နေရာမျှ အနိုင်ရရှိခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အထိ ရှိလာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required