ထောင်ထဲက ကျောင်းသားတွေအတွက် တိမ်းရှောင်နေရသူတစ်ဦးရဲ့ သတင်းစကား

ထောင်ထဲက ကျောင်းသားတွေအတွက် တိမ်းရှောင်နေရသူတစ်ဦးရဲ့ သတင်းစကား

သမိုင်းဝင် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်ပြီး အစိုးရသစ်တစ်ရပ်လည်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။ ထို့ကြောင့် အစိုးရသစ် အပြောင်းအလဲကို လူတိုင်းက စိတ်ဝင်စားနေကြသည်။ ထိုသို့ပြောင်းလဲမှုတွင် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကလည်း အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။ ယင်းကဲ့သို့ ပြောင်းလဲမှုနှင့်ပတ်သက်ပြီး  လက်ရှိ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်တစ်ရပ်အပေါ်မျှော်လင့်ချက်၊ ဖမ်းဆီးခံကျောင်းသားများအတွက် သတင်းစကားစသည့် အကြောင်းအရာတစ်ချို့ကို လက်ရှိအစိုးရ၏ တရားခံပြေးအဖြစ်ကြေငြာခံရပြီး တိမ်းရှောင်နေရသည့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုမြတ်သူအား မဇ္ဈိမသတင်းဌာနမှ  သတင်းထောက်မင်းမင်းက မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

မေး။ ။ နောက်တက်မယ့် အစိုးရအပေါ် ဘာတွေ မျှော်လင့်လဲ။

ဖြေ။ ။ NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)သာ အစိုးရဖွဲ့ခွင့်ရမယ်ဆိုလို့ရှိရင်ပေါ့၊ အခုကတော့ ရွေးကောက်ပွဲမှာ  နိုင်သွားပြီ။ အစိုးရဖွဲ့ခွင့်ရမယ်ဆိုရင်တော့ အဓိကမျှော်လင့်တာကတော့ အခြေခံဥပဒေပြင်ဆင်ရေးကို အောင်မြင်အောင် အကောင်အထည်ဖော်ပေးဖို့ အဓိက မျှော်လင့်တယ်။ ဘာလို့လည်းဆိုတော့ ဒီ ၂၀၀၈ အခြေခံဥပဒေရှိနေသရွှေ့ ဒီမိုကရေစီစံနှုန်းတွေ မရဘူး။ တိုင်းပြည်က ဒီမိုကရေစီစံနှုန်းတွေ ရမှာမဟုတ်ဘူး။ ပြည်သူလူထုအပေါ် ၂၀၀၈အခြေခံဥပဒေက ဖိစီးထားတုန်းပဲ။ အဓိကအားဖြင့် နေရာဒေသအသီးသီးမှာ စစ်တပ်က အသွင်ပြောင်း မိုးကျရွှေကိုယ်တွေ နေရာယူထားတဲ့ကိစ္စက အခြေခံဥပဒေနဲ့ အများကြီး သက်ဆိုင်နေတယ်။ အဲ့ဒီဟာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ဦးစားပေး ဖြေဖျောက်ဖို့ မျှော်လင့်တယ်။ နောက်တစ်ခုက ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့လည်း မျှော်လင့်တယ်။ အဲ့ဒီနှစ်ချက်ပါပဲ။ အဲ့ဒီနှစ်ချက်ရရင်တော့ တိုင်းပြည်ဟာ အဆင်ပြေမယ်လို့ ယူဆတယ်။

 

မေး။ ။ ပညာရေးစနစ်ကိစ္စကျတော့ ...

ဖြေ။ ။ ပညာရေးစနစ်ကတော့ ဒီအခြေခံဥပဒေပြင်ဆင်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း လုပ်ရမယ့် ကိစ္စပဲ။ ဘာလို့လည်းဆိုတော့ တိုင်းပြည်ပြောင်းလဲချင်ရင် ပညာရေးစနစ်လည်း ပြောင်းလဲမှ ဖြစ်မှာကိုး။ ဒါကိုတော့ ဒေါ်အောင်ဆန်းစုကြည် နားလည်ပြီးသား ဖြစ်မှာပါ။ အဲ့လိုတော့ ယူဆတယ်။

 

မေး။ ။ ထောင်ထဲရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘာပြောချင်သလဲ။ သူတို့ကို ဘယ်လိုသတင်းစကား ပါးချင်လဲ။

ဖြေ။ ။ အဓိကကတော့ ဘာမှစိတ်ဓာတ်ကျစရာ မလိုဘူး။ တောင့်ခံထားရမယ်။ ပြီးတော့ ကျွန်တော်တို့ ရဲဘော်တွေ မလွတ်မြောက်မချင်း ဆက်လက်ပြီး အပြင်မှာရှိနေတဲ့ ရဲဘော်တွေကလည်း တိုက်ပွဲဝင်နေတယ်ဆိုတဲ့ သတင်းစကားပေါ့နော်။ အဓိကအားဖြင့်တော့ မတရားဖမ်းဆီးထားတာကို ပြည်သူကလည်း သိတယ်။ ကမ္ဘာကလည်း သိတယ်။ အစိုးရကလည်း သိတယ်။ သိလို့လည်း သူတို့ဆီကို MNHRCက ပြန်လွတ်ဖို့ ကြေငြာချက်တွေ ထုတ်တာပဲလေ။ လက်ရှိအခြေအနေကြောင့်မို့လို့ ပြည်သူက ဒါကို ကျယ်ကျယ်ပြန့်ပြန့် မတောင်းဆိုသေးပေမယ့် ပြည်သူလူထုက ပစ်မထားဘူး။ အဲ့ဒီအတွက် တောင့်ခံထားဖို့ ပြောချင်တယ်။ ပြီးတော့ ဒီဘက်မှာလည်း ပြည်သူလူထုရော ဗ.က.သရော ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွတ်ရေးကို မကြာခင် ဖော်ဆောင်ပါမယ်။ အဲ့ဒီသတင်းစကားကို ပါးချင်တယ်။

 

မေး။ ။ ထောင်ထဲမှာ ကိုအောင်မှိုင်းဆန်းအပါအဝင် အစာငတ်ခံဆန္ဒပြနေတဲ့ကျောင်းသားတွေရဲ့ နောက်ဆုံးအခြေအနေရော ဘာကြားသေးလဲ။

ဖြေ။ ။ ကျန်းမာရေးအခြေအနေကတော့ တော်တော်ဆိုးနေတယ်ကြားတယ်။ ကိုအောင်မှိုင်းဆန်းဆို ဒီကနေ့ဆို ၂၃ရက် ဖြစ်ပြီလေ။ လူတစ်ယောက် ရက် ၂၀လောက် အစာမစားဘူးဆိုတဲ့ကိစ္စက တော်တော်စိုးရိမ်ဖို့ကောင်းတယ်။ အခု ရက် ၂၀ကျော်လာပြီဆိုတော့ ၅၀၊ ၅၀ ဖြစ်နေတဲ့သဘောပေါ့။ သူက အားလုံးကို အဆုံးစွန်ထိ ပိုင်းဖြတ်ထားတဲ့သဘောရှိတယ်။ ဆေးကုသမှုလည်း မခံယူဘူးကြားတယ်။ အဲ့ဒါကိုတော့ ပြည်သူတွေ သိစေချင်တယ်။ အခု ရွေးကောက်ပွဲရလာဒ်ကလည်း အတိုင်းအတာတစ်ခုထိ အတည်ဖြစ်လာပြီဆိုတော့ ပြည်သူတွေအနေနဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေး အာရုံစိုက်စေချင်တယ်။

 

မေး။ ။ ပညာရေးစနစ်ပြောင်းလဲဖို့ ကိုမြတ်သူတို့ လမ်းပေါ်ထွက် တောင်းဆိုကြတယ်။ လက်ပံတန်းမှာ ဖြိုခွင်းခံရပြီး ကျောင်းသားတွေ အဖမ်းခံရတယ်။ အခု ထောင်ထဲ ရောက်နေကြတယ်။ ဆိုတော့ ကိုမြတ်သူတို့ တောင်းဆိုချက်က မအောင်မမြင်နဲ့ အဟောသိကံပြီးသွားတယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ အဟောသိကံတော့ မဖြစ်ဘူးလို့ ပြောလို့ရတယ်။ အနိမ့်ဆုံးကတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုကို အဆင့်တစ်ခုထိရောက်အောင် ဆွဲတင်နိုင်ခဲ့တယ်။ ပညာရေးအပေါ်၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု အဆင့်တစ်ခုထိရောက်အောင် ဆွဲတင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီပညာရေးတာဝန်ကြီးက မပြီးဆုံးသေးဘူး။ အဲ့ဒါက အရေးကြီးဆုံးပဲ ဘာလည်းဆိုတော့ နောက်အစိုးရ တက်လာရင်လည်း နောက်အစိုးရက အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ လုပ်နေရင်းကနေ တစ်ဖက်ကလည်း မပြီးဆုံးသေးတဲ့ ဒီမိုကရေစီပညာရေးကို အပြည့်အဝရအောင် ဆက်လုပ်ရမှာကတော့ ဗ.က.သရဲ့ တာဝန်ပဲ။ အဲ့ဒါကတော့ မပြီးသေးဘူး။ ဒါပေမယ့် အဟောသိကံတော့ မဖြစ်ဘူး။

 

မေး။ ။ သပိတ်မှောက်ကျောင်းသားတွေလိုချင်တဲ့ ပညာရးစနစ်က ဘယ်လို စနစ်မျိုးလဲ။

ဖြေ။ ။ အကျဉ်းချုပ် ပြောရရင်တော့ လူအားလုံး ရသင့်ရထိုက်တဲ့၊ လူ့အခွင့်အရေးစံတွေ အခြေခံထားတဲ့ ဒီမိုကရေစီပညာရေးပဲ။ တိုင်းရင်းသားလူနည်းစုတွေကိုကော၊ မသန်စွမ်းတဲ့သူတွေကိုကော အားလုံးကို တစ်ပြေးညီရစေချင်တဲ့ ဒီမိုကရက်တစ် ပညာရေးပဲ။ အဲ့ဒါကတော့ တစ်ကယ့် ဒီမိုကရေစီနိုင်ငံမှာ ရှိကိုရှိရမယ့် ပညာရေးလို့ အတိုချုံးပြောရလိမ့်မယ်။

 

မေး။ ။ အခုနောက်ထပ် ကိုကျော်ကိုကိုနဲ့ ကိုလင်းထက်နိုင်တဲ့ ထပ်ပြီး အဖမ်းခံရတယ်။ ကိုမြတ်သူကိုရော နောက်ကနေ လိုက် Check နေလား။ ဒါမှမဟုတ် လွတ်လွတ်လပ်လပ် သွားလို့ရလား။ ဘယ်လို အနေအထားရှိလဲ။

ဖြေ။ ။ လွတ်လွတ်လပ်လပ်တော့ သွားလို့ မရဘူး။ ဒါက အခုမှတော့ မဟုတ်ဘူး။ သူတို့ တရားခံပြေး စကြေငြာကတည်းက မတ်လကတည်းကလို့ ပြောလို့ရတယ်။ အဲ့ကတည်းက အခုအချိန်ထိ လွတ်လပ်မှုက လုံးဝမရှိဘူးလို့ ပြောလို့ရတယ်။ မြောင်းမြကအိမ်ကို လိုက်ပြီး စောင့်ကြည့်နေတာရှိတယ်။ ပြီးရင် အပေါင်းအသင်းတွေ၊ ကိုယ့်ရဲ့အဖွဲ့အစည်းကလူတွေကို စောင့်ကြည့်တာ ရှိတယ်။ အခုလက်ရှိမှာဆိုရင် Online Hacking လုပ်ခံနေရတာ ရှိတယ်။ အဲ့ဒါကလည်း ဘယ်သူ၊ ဘယ်ဝါလို့ တိတိကျကျပြောလို့မရပေမယ့် လုံခြုံရေးပိုင်းဆိုင်ရာအရ အခုအချိန်ထိကို နှောက်ယှက်ခံနေရတုန်းပဲ။

 

မေး။ ။ ဖြည့်စွက်ပြီးတော့ ကိုမြတ်သူ ဘာပြောချင်ပါသေးလဲ။

ဖြေ။ အဓိကကတော့ အားလုံးသတိမလွတ်ဖို့ပေါ့။ မတ်လမှ ကြားကာလ လုပ်ငန်းစဉ်တွေမှ ပြီးမြောက်မှာလေ။ အဲ့ဒါတွေပြီးမှ အာဏာလွှဲမှာ၊ အာဏာ မလွှဲမချင်းကတော့ စိတ်မချရဘူး။ ဘာလို့လည်းဆိုတော့ မတ်လ ၁၀ မနက်မှာ ကျောင်းသားတွေကို ရန်ကုန်သွားခွင့်ပေးပါမယ်၊ အားလုံးအဆင်ပြေပြေဖြစ်ပါမယ်ဆိုပြီးတော့ အားလုံးရှေ့မှာ ကျွန်တော်တို့ကို ကတိပေးလိုက်ပြီးတော့ သူတို့ကတိကို ချက်ချင်းအချိန်မဆိုင်းဘဲ ပြန်ဖျက်တယ်။ ဒါကြောင့် အစိုးရသည် သူတို့ရဲ့စကားကို သူတို့ဘယ်တော့မှ တန်ဖိုးမထားဘူး။ လူကြီးလူကောင်းမဆန်ဘူး။ ဒါသည် အားလုံး သတိထားရမယ့် ကိစ္စပဲ။ အဲ့ဒါကို ပြည်သူလူထုကော၊ နိုင်ငံရေးအင်အားစုတွေရော သတိချပ်စေချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly