ကွတ်ခိုင်ရှိ တပ်မတော်တပ်ရင်း ၁ ခုနှင့် ပြည်သူ့စစ်စခန်း ၁ခု လက်နက်ကြီးဖြင့်အပစ်ခံရ

ကွတ်ခိုင်ရှိ တပ်မတော်တပ်ရင်း ၁ ခုနှင့် ပြည်သူ့စစ်စခန်း ၁ခု လက်နက်ကြီးဖြင့်အပစ်ခံရ
Photo - TNLA

အောက်တိုဘာ ၅

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ  တပ်မတော်တပ်ရင်းတစ်ခုနှင့် ပြည်သူ့စစ်စခန်းတစ်ခုတို့ကို အောက်တိုဘာ ၃ ရက်နေ့က တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)နှင့် ကိုးကန့်အဖွဲ့ (MNDAA) ပူးပေါင်းအဖွဲ့တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်တပ်ရင်းတစ်ခုကို အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တာမိုးညဲ ပြည်သူ့စစ်စခန်းကို ယင်းနေ့ ည ၁၁ နာရီခန့်တွင် RPG များဖြင့် လာရောက်ပစ် ခတ် ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ဘက်မှ ပြောသည်။

“ တာမိုးညဲ ပြည်သူ့စစ်ရုံးကတော့ အနည်းငယ်ပျက်ဆီးတာရှိတယ်။ လူထိခိုက်မှုတော့မရှိပါဘူး” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် တပ်မတော်အနေဖြင့် လုံခြုံရေးနှင့်ပက်သက်၍ ဆောင်ရွက်နိုင်သည်မှန်သမျှကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

တအာဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က တပ်မတော်မှ အပစ်ရပ်ထုတ်ပြန်ချက်များသည် မြေပြင်တွင် အသက်ဝင်ခြင်းမရှိဘဲ ၎င်းတို့၏ တပ်စခန်း များအထိ ထိုးစစ်ဆင်လာခြင်းကြောင့် ပြန်တိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ စခန်းကို နှစ်ရက်ဆက်တိုက်လာတိုက်တော့ သူတို့စခန်းနှစ်ခုကို လက်နက်ကြီးနဲ့ပစ်တာ သွားတိုက်တာမဟုတ်ဘူး။ စစ်ရေးအရတန်ပြန်ပြီးမှ သတိပေးတာဖြစ်ပါတယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြော သည်။

အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ တပ်မတော်၏ တပ်မ (၈၈) နှင့် တပ်မ (၉၉) တို့မှ TNLA ၏တောတွင်းစခန်းများကို ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲကြီး၊ငယ်ဖြစ်ပွားနေသည်မှာ  ၄ ရက်အတွင်း ရှစ် ကြိမ်ခန့်ရှိပြီဖြစ် ကြောင်းလည်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

တပ်မတော်ဘက်ကမူ ထိုးစစ်ဆင်မှုများ ပြုလုပ်ခြင်းမရှိဘဲ လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ် ရေးအရ ဆောင်ရွက်နေခြင်းမျိုးသာရှိပြီး တစ်ဖက်က ပစ်ခတ်မှသာ ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း  ဗိုလ်မှူး ချုပ်ဇော်မင်းထွန်း က ပြောသည်။

တပ်မတော်နှင့် TNLA တို့သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက  တိုက်ပွဲ ငါးကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး လက်ရှိ အောက်တိုဘာလတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required