NLD အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ပဲလို့ ဗိုလ်ချုပ် ဂွမ်မော်ပြောတဲ့ အနာဂတ် ငြိမ်းချမ်းရေး

NLD အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့်ပဲလို့ ဗိုလ်ချုပ် ဂွမ်မော်ပြောတဲ့ အနာဂတ် ငြိမ်းချမ်းရေး

ကချင် လွတ်မြောက်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်၊ ဒု-စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော် နဲ့ မဇ္ဈိမတို့ရဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် မေးမြန်းမှု အပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။

အခု အစိုးရအသစ်နဲ့ တစ်ချို့အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပြောတာတွေ ကြားရတယ်။ KIO (ကချင် လွတ်မြောက်ရေးအဖွဲ့)ရဲ့ အခြေအနေ၊ သဘောထားကကော ဘယ်လိုဆွေးနွေး ဆုံးဖြတ် ထားလဲခင်ဗျ။

ကျွန်တော်တို့ ကချင်လွတ်မြောက်ရေးအဖွဲ့က ဘယ်အစိုးရဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဆိုတာက အခုချိန်ထိ မပြောင်းလဲတဲ့ မူဝါဒဖြစ်ပါတယ်။ အစိုးရအသစ်ပဲ ဖြစ်ဖြစ် ဘယ်အစိုးရဖြစ်ဖြစ် ဆွေးနွေးမှု လမ်းကြောင်း ပွင့်လာပြီဆိုရင် KIO ကဆွေးနွေးဖို့ အဆင်သင့်ရှိတယ်။

ဒါကကျွန်တော်တို့ရဲ့ ဦးတည်ချက် ဖြစ်ပါတယ်။ ဒါကြောင့် အခုရွေးကောက်ပွဲကနေ လူထုတစ်ခဲနက် ထောက်ခံပြီး ဖြစ်လာမယ့် အစိုးရနဲ့လည်း ကျွန်တော်တို့က ဆွေးနွေးဖို့ အဆင့်သင့်ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသလိုပေါ့ နဂိုရှိပြီးသား အုတ်မြစ်ပေါ်မှာ အခြေယူပြီး တော့ ကောင်းတာတွေကို ယူမယ်။ မကောင်းတာတွေကို ကောင်းအောင် လုပ်မယ်ဆိုတဲ့ မူဝါဒကို ကျွန်တော်တို့က ကြိုဆိုပါတယ်။

 

NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်အချို့က လုံး၀ ပြင်ဆင်စရာ မရှိတော့ဘူးလား။ KIO အနေနဲ့ ပြင်ဆင်သင့်တာတွေ ရှိသေးတယ်လို့ ထင်လားခင်ဗျ။ ဘယ်လို ဟာမျိုးဖြစ်မလဲ။

NCA ကတော့ တိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ အစိုးရက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက ၂နှစ်လောက် အချိန်ယူပြီး အတတ်နိုင်ဆုံး ပြင်ဆင်ထားတဲ့ စာချုပ် မူကြမ်းဖြစ်ပါတယ်။ အဲဒီစာချုပ်ကို ၈ဖွဲ့က လက်မှတ်ထိုးတယ်။ ကျန်တဲ့ အဖွဲ့တွေကတော့ မထိုးသေးဘူး။ သို့သော်လည်းပဲ ဒါတွေက လုပ်နည်းလုပ်ဟန် အတိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းမိုင်မှာ နောက်ဆုံး ညီလာခံလုပ်ခဲ့တုန်းက မတူညီတဲ့ ပန်းတိုင်ကို မတူညီတဲ့ ခြေလှမ်းတွေနဲ့ သွားမယ်ဆိုတာက အဓိကကျပါတယ်။

ဒါကြောင့်မို့လို့ တစ်ချို့ အပိုင်းတွေက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြုပြင်ပြောင်းလဲတာ ဖြစ်နိုင်သော်လည်းပဲ မူဝါဒပိုင်းဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားကြမယ် အတူတကွ နေကြမယ် တန်းတူဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ အစိုးရ သော်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင်တွေ၊ KIO သော်လည်းကောင်း ၊ အခြား နိုင်ငံရေး ပါတီတွေသော်လည်းကောင်း ပြုပြင်ပြောင်းလဲ လိမ့်မယ်လို့ မထင်ပါဘူး။ ဒါတော့ တစ်ပြေးညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မနိုင်ခင်ကတည်းက ငြိမ်းချမ်းရေး ဖော်ဆောင် ချင်တယ်လို့ ဆိုထားတယ်။ အစိုးရအသစ် ငြိမ်းချမ်းရေးလုပ်ရင် အပစ်အရင် ရပ်သင့်လား။ ဒါမှမဟုတ် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပြီးမှ အပစ်အခတ်ရပ်စဲရေးကို သွားသင့်လား ဘယ်လိုထင်လဲ။ ဘယ်လို အကြုံပြုချင်လဲ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တစ်ကယ် ကြိုးစားမယ်ဆိုတာကို ကျွန်တော်တို့ သံသယမရှိပါဘူး။ ကျွန်တော်တို့ဖက်က စဉ်းစားတာကတော့ အခု NLD ဦးဆောင်ပြီးတော့မှ အစိုးရအသစ် ဖွဲ့လာတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ လွှတ်တော်ထဲက လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာ ဆုံးဖြတ်ချက်တွေ ဘယ်လောက်ချမှတ်နိုင်မလဲ၊ ဘယ်လောက် အကောင် အထည် ဖော်နိုင်မလဲဆိုတဲ့ အပိုင်းကိုတော့ ကျွန်တော်တို့ သတိထားပြီးတော့မှ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကို စိုးရိမ်မှုလည်း ရှိပါတယ်။

ဒါက ပထမအပိုင်းပေါ့ နောက်တစ်ခုက ပြည်တွင်း ငြိမ်းချမ်းရေးကို သွားတဲ့အခါမှာ အများအားဖြင့် ကျွန်တော်တို့ နိုင်ငံထဲမှာ ပြောနေတာက ငြိမ်းချမ်းရေးလို့ ပြောနေတယ်။ တစ်ကယ်တမ်းတော့ Peace Processes ဒီစကားလုံးကို အဆုံးထိမြင်ဖို့ လိုပါတယ်။ တတိယအပိုင်း ကတော့ ဘာကိုအရင် လုပ်ကြမလဲလို့ ပြောတဲ့အခါမှာ ဒါကတော့ ကျွန်တော်တို့တွေ မရမချင်း စဉ်းစားရမယ့် အပိုင်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ် သွားတဲ့အခါမှာ အပစ်အခတ်ရပ် သဘောတူညီတဲ့ နေရာက သွားပြီး ချဉ်းကပ်မယ်လို့ အားလုံးသဘောတူရင် လုပ်လို့ရသော် လည်းပဲ အဲဒီလို မဖြစ်နိုင်ဘူး နိုင်ငံရေး ဆွေးနွေးပွဲက ထုတ်လာတဲ့အဖြေကို ဘယ်လိုတည်ဆောက် မလဲဆိုတဲ့ နှစ်ခုလုံးကို စဉ်းစားသင့်ပါတယ်။

အဲဒီတော့ နောက်တက်လာမယ့် အစိုးရနဲ့ သူရဲ့ လုပ်နည်းလုပ်ဟန် တွေနဲ့ သူရဲ့ မျှော်မှန်းချက်တွေကို တပ်မတော်၊ လွှတ်တော်၊ အစိုးရနဲ့ နိုင်ငံရေးပါတီများ၊ ကျန်တဲ့ အဖွဲ့အစည်းများ အာလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးမှ လုပ်ကိုင် သွားမယ်ဆိုရင် လုပ်တဲ့အခါမှာ သိပ်အခက်အခဲ ရှိမယ်လို့ မထင်ပါဘူး။ အောင်မြင်မယ်လို့ ထင်ပါတယ်။

 

ခုနပြောသွားတဲ့ NLD အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လွှတ်တော်တွင်း ဆုံးဖြတ်ချက် ချတဲ့နေရာတွေ အပေါ် စိုးရိမ်မှုရှိတယ် ဆိုတာဘယ်လို ဆိုလိုချင်တာလဲခင်ဗျ။

ပထမအချက်ကတော့ အစိုးရ ဖွဲ့စည်းမှုအပိုင်းပေါ့။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ တစ်ခဲနက် ထောက်ခံမှုနဲ့ NLD ကအနိုင်ရသွားပြီ ဆိုတဲ့အခါ၊ NLDက အစိုးရကို ဖွဲ့စည်းနိုင်မယ့် အခွင့်အာဏာရသွားပါပြီ သို့သော်လည်းပဲ တစ်ဖက်မှာ သမ္မတ ရွေးကောက် ပိုင်ခွင့်နဲ့၊ ပြည်နယ်ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်ထားခွင့်က တစ်ကယ်ပဲ NLDက သတ်မှတ်ထားတဲ့ မျှော်မှန်းထားတဲ့သူတွေကို ဖြတ်လေးဖြတ် လုပ်နည်းနဲ့ လုပ်လေမလား။ နောက်တစ်ချက်က တစ်ချို့ဒေသတွေမှာ တိုင်းရင်းသား ပါတီများအနေနဲ့ NLD ကိုထောက်ခံသော်လည်းပဲ မိမိတို့အရေးကို မိမိတို့ လုပ်ဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်လို၊ တစ်ချို့ကတော့ အားမရတဲ့ လေသံမျိုး ထွက်လာတယ်။ NLDအနေနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ညှိနိုင်ဆောင်ရွက်ပြီး ဘယ်လောက် လုပ်နိုင်မလဲဆိုတာ။

နောက် တတိယအချက်ကတော့ အစိုးရဖွဲ့ပြီးမှ လွှတ်တော်ထဲမှာ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချတဲ့အခါမှာ ဘယ်လောက်အထိ ကျော်ဖြတ်နိုင်မလဲ ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ တပ်ပိုင်းဆိုင်ရာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အစဉ်အလာအရ တပ်မတော်က အရေးကြီးတဲ့ နိုင်ငံရေး နယ်ပယ်ထဲမှာ စိုးမိုးခဲ့တာ သိပ်ကြာပါပြီ။ အဲဒီကိစ္စကို အစိုးရနှစ်တစ်ခုနဲ့ ချက်ချင်း ပြုပြင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေ အပေးအယူတွေ၊ အချိန်ယူမှုတွေကို လုပ်ရမှာဖြစ်ပြီး တစ်ဖက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြေလည်အောင် ညှိနှိုင်းမှုတိုင်းရင်သားများရဲ့ ကျေနပ်မှုတွေရရှိနိုင်မှု ဆိုတဲ့အပိုင်းတွေမှာ NLDအနေနဲ့ ရတဲ့ ၅နှစ်အတွင်း ဘယ်လောက် ကျော်ဖြတ်နိုင်မလဲ ဆိုတဲ့အပိုင်းကတော့ စိန်ခေါ်မှုဖြစ်မယ်၊ ဒါက စိုးရိမ်မှုနဲ့ စောင့်ကြည့်ရမယ့် အပိုင်းတွေဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေက လွှတ်တော်ပြင်ပက သွားမယ်လို့ဆိုတယ်။ NLDကတော့ အဲဒါကိုလွှတ်တော် တွင်းက သွားမယ်ဆိုတာကို ပြောထားတယ်။ အပြင်က ပြင်တာကို လက်ခံတယ် လက်မခံဘူးဆိုတာကို ပြတ်ပြတ်သားသား ပြောထားတာမရှိဘူး။ အဲဒီတော့ တိုင်းရင်းသားတွေစွဲကိုင်တဲ့ လွှတ်တော်ပြင်ပဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာကို မသွေဖယ်ဖို့ အစိုးရသစ်ကို ဘာပြောချင်လဲ။

ကျွန်တော်တို့ လွှတ်တော်ပြင်ပလို့ ပြောရတဲ့ အခြေခံက ၂၀၀၈ဖွဲ့စည်းပုံကြောင့်လို့ ထင်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ လွှတ်တော်ထဲမှာ ဒီဥပဒေအတိုင်း ဆွေးနွေးမယ်ဆိုရင် ကျွန်တေ်ာတို့ တိုင်းရင်း သားတွေရဲ့ ပြောဆိုပိုင်ခွင့် ဆွေးနွေးခွင့်တွေက အဟန့်အတားဖြစ်မယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ရဲ့ ပြင်ပလို့ပြောရတာက ၂၀၀၈အခြေခံဥပဒေကြောင့် ဖြစ်ပါတယ်။ လွှတ်တော်ကို မယုံကြည်ဘူးလို့ အဲဒီလို တိုက်ရိုက်ပြောဆိုတာ မဟုတ်ပါဘူး။

NLDက အစိုးရဖြစ်လာမယ်ဆိုရင် သူ့အနေနဲ့ စဉ်းစားရမှာက တိုင်းရင်းသား တွေ အစဉ် တစ်စိုက်ပြောနေတဲ့၊ NLD ကိုယ်တိုင်ပြောနေတဲ့၊ ၂၀၀၈အခြေခံဥပဒေရဲ့ စိုးမိုးမှု အောက်မှာ ရှိတဲ့ လွှတ်တော်ထဲမှာပဲ ဒီကိစ္စတွေကို ဆွေးနွေးပါ့မလားဆိုတာ NLDက စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘယ်နေရာမှာပဲ ဆွေးနွေး ဆွေးနွေး လွတ်လွတ်လပ်လပ ်တန်းတူဆွေးနွေး နိုင်တယ်ဆိုတဲ့ ပုံစံမျိုးကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

 

နောက်ဆုံး ဗိုလ်ချုပ်ဂွမ်မော် ပြောဆိုချင်တဲ့ အကြောင်းဘာများ ရှိဦးမလဲခင်ဗျ။

အခုတစ်နိုင်ငံလုံးမှာ ပြည်သူလူထုက မျှော်လင့်ချက်ကြီးစွာနဲ့ NLDကို မဲပေးပြီးမှ ရွေးကောက် လိုက်ပါပြီ။ အဲဒီတော့ မျှော်လင့်ချက် ဆိုတာက ကျွန်တော်တို့ရဲ့ အားလုံးရဲ့ စိတ်ကူးထဲမှာ ရှိပါလိမ့်မယ်။ သို့သော်လည်းပဲ လာမယ့် ၅နှစ်သက်တမ်းမှာ NLDအစိုးရ အသစ်ကို ကျွန်တော်တို့က ပံ့ပိုးမှုဖြစ်အောင်နဲ့ နောင် ၂၀၂၀ ရွေးကောက် ပွဲကြီးမှာ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ရေရှည်နိုင်ငံရဲ့ အကျိုးစီးပွားများကို ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြောချင်တာကတော့ အောင်မြင်မှုရသွားတဲ့ ပါတီများနဲ့ အဓိကအင်အားကြီး အဖြစ်နိုင်ငံမှာ ရပ်တည်နေတဲ့ ပါတီကြီးနှစ်ခုတို့က နိုင်ငံအကျိုး ကျေးဇူးကို ရှေးရှု့ပြီးတော့ တိုင်းရင်းသားများ နဲ့သော် လည်းကောင်း လူထုတစ်ခုလုံး နဲ့သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် များနဲ့ သော်လည်းကောင်း နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထားအားလုံး ဖြစ်အောင် ကြိုးစားဖို့လို အပ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags