ရခိုင်ပြည်နယ်က ၅ မြို့နယ်ကို Stay at Home ကြေညာ

သြဂုတ်လ ၂၆ရက်

COVID-19 ကူးစက်ပျံ့နှံ့မှုမရှိစေဖို့အတွက် လမ်းပန်းဆက်သွယ်ရေးမဟာဗျူဟာကျတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် (၅) မြို့နယ်ကို Stay at Home ကြေညာရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့နယ်ကို Stay at Home ကြေညာထားပြီး  တစ်ပတ်အတွင်းမှာပဲ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေကို ကျန်းမာရေးဝန်ကြီးဌာနက Stay at Home ထပ်မံကြေညာခဲ့တာပါ။

“ဒေသတွင်းမှာရှိတဲ့ ရောဂါရှိပြီး လက္ခဏာမပြဘဲသယ်ဆောင်တဲ့သူတွေကလည်း ပြည်မဘက်ကိုဆက်လက်မကူးစက်စေဖို့ မဟာဗျူဟာကျတဲ့ လမ်းပမ်းဆက်သွယ်ရေးအရ တိုက်ရိုက်ထိစပ်ပြီးပြည်မကို လည်းအသွားအလာ များတဲ့နေရာတွေပေါ့နော်။ အဲ့နေရာက သူတွေကိုလည်း မိမိနေအိမ်မှာနေဖို့ပန်ကြားတာဖြစ်ပါတယ်ဗျ” လို့ ဒေါက်တာသန်းနိုင်စိုးကပြောတာပါ။

စစ်တွေမြို့နယ်၊ကျောက်ဖြူမြို့နယ်နဲ့သံတွဲမြို့နယ်တွေကတော့ ရောဂါအတည်ပြုလူနာတွေ့ရှိထားတာကြောင့် ကြေညာရတာဖြစ်ပါတယ်။

 အမ်းနဲ့ တောင်ကုတ်ကတော့ ဩဂုတ် ၂၅ ရက်နေ့အထိ ကူးစက်လူနာမရှိသေးပေမယ့် လမ်းပန်းဆက်သွယ်ရေးအရ အသွားအလာရှိလို့ထည့်သွင်းကြေညာရတာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့် COVID-19 အတည်ပြုလူနာတွေ့ရှိထားတဲ့ မြောက်ဦးနဲ့ ဘူးသီးတောင်ကတော့ Stay at Home ကြေညာတဲ့အထဲမှာ မပါဝင်သေးပါဘူး။

“ ကူးစက်မှုအခြေအနေကိုကြည့်ရတယ်ပေါ့။ လိုအပ်ရင်တော့ လိုအပ်သလိုလုပ်ရမှာပေါ့။ ဒေသရဲ့ကူးစက်မှုအခြေအနေ နောက်ပြီး Stay at Home ရလာမယ့်အကျိုးအပြစ်တွေ ဒါတွေအကုန်လုံးကိုစဉ်းစားပြီးဆောင်ရွက်ရ တယ်။ ရှု့ထောင့်တစ်ခုထဲနဲ့စဉ်းစားလို့မရပါဘူး ” လို့ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။

မြောက်ဦးမြို့နယ်မှာတော့ ဩဂုတ် ၂၆ ရက်နေ့ ကူးစက်လူနာထပ်တွေ့ပေမယ့်လို့ Stay at Home မကြေညာရတာဟာ မြောက်ဦးမြို့နယ်ဟာ ရန်ကုန်ဘက်ကိုလာမယ်ဆိုရင် အမ်းဘက်က နေဖြတ်လာရတဲ့အတွက် ဖြစ်တယ်လို့လဲ သူကဆိုပါတယ်။

 ကျန်းမာရေးဌာနက ဆက်စပ်လူနာတွေကို စစ်ဆေးပေးနေသလို ကူးစက်နိုင်ခြေရှိတဲ့ ဆရာဝန်လိုမျိုး၊ လူထုဝန်ဆောင်မှု ပေးတဲ့သူတွေကိုလည်း ကျန်းမာရေးစစ်ဆေးမှုတွေကို ထပ်မံပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly