ကိုဗစ်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ AA ကိုတပ်မတော်ပြော

ကိုဗစ်ကာလမှာ တိုက်ခိုက်မှုတွေမလုပ်ဖို့ AA ကိုတပ်မတော်ပြော
Photo - EPA

သြဂုတ်လ ၂၅ရက်

ကိုဗစ် ၁၉ ရောဂါကို တွန်းလှန်နေတဲ့ကာလမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေမလုပ်ဖို့ ရခိုင့်တပ် AA ကို တပ်မတော် က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင့်တပ် AA ဘက်ကနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်တာ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ရေးကို အနှောက်အယှက်ပေးတာတွေကြောင့်သာ တပ်တော်ကနေပြီး လုံခြုံရေးအရ စစ်ဆင်ရေးဆောင်ရွက် ကာကွယ်နေရတာဖြစ်တယ်လို့လဲ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။

 “ တိုက်ခိုက်မှုတွေကို ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဒီကာလအတွင်းမှာ မလုပ်ဖို့ပဲပြောချင်တယ်။  ပြီးတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်နိုင်တင်းနဲ့ပက်သက်ပြီး လုပ်ဆောင်တဲ့ဟာမှန်သမျှ တပ်မတော်အနေနဲ့လည်း ချန်လှပ်ထားခြင်းမရှိဘူး ” လို့ သူကပြောပါတယ်။

ဒါ့အပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့နဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့အတွက် စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ အပစ်အခတ်နဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို တိုးမြင့်ရပ်ဆိုင်းပေးထားမယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင့်တပ် AA ဘက်ကတော့ တပ်မတော်ကနေပြီး ထိုးစစ်ဆင်မှုတွေ၊ စစ်ရေးအင်အားတိုးချဲ့မှုတွေလုပ်နေတာ ကြောင့်ပြန်လည်ခုခံရတာလို့ဆိုပါတယ်။

နှစ်ဖက်စလုံးက တိုက်ပွဲတွေလျော့ချဖို့ပြောနေပေမယ့် လာပြီးတိုက်ခိုက်လာရင်တော့ ပြန်ပြီးလက်တုန့်ပြန်မယ်ဆိုတဲ့ သဘောမျိုးတွေပြော နေတာကြောင့် ရခိုင်မှာ ကိုဗစ်ထိန်းချုပ်ရေးလုပ်ဖို့ကတော့ ခက်ခဲနေဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ တကယ့်စစ်မြေပြင်မှာ ဘယ်သူကစတယ်၊ မစဘူးဆိုတာ ကျွန်တော်တို့သိဖို့ခက်ခဲပါတယ်။ ဒီအခြေအောက်မှာ တစ်ဖက်ဖက်ကစတယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ စစ်ပွဲတွေအရှိန်မြင့်လာနိုင်တာရှိပါတယ် ” လို့ သူကပြောပါတယ်။  

အခုတစ်ကြိမ် တပ်မတော်ရဲ့ အပစ်ရပ်ရေးထုတ်ပြန်ချက်ဟာ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းကနေစပြီးထုတ်ပြန်ခဲ့တဲ့ အပစ်ရပ်စဲရေး ထုတ်ပြန်ချက်တွေနဲ့ အတူတူပဲဖြစ်တယ်လို့လဲ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၈၂ ယောက်ရှိနေပြီး အဲဒီအထဲက တစ်ဦးကိုတော့ ရခိုင်ပြည်နယ်က နေ ရန်ကုန်၊ကမာရွတ်မြို့နယ်ကိုလာရောက်စဉ်မှာတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီကူးစက်ခံရတဲ့သူတွေထဲမှာတော့ ကျန်းမာရေးဝန်ထမ်း ၁၀ ယောက်ထက်မနည်းပါဝင်ထားပါတယ်။

လက်ရှိ စစ်တွေမြို့နယ်မှာတော့ ကူးစက်ခံရသူ ၇၃ ယောက်အထိရှိတဲ့အတွက် ညမထွက်ရအမိန့်ထုတ်ထားရသလို  မြောက်ဦးက ၃ ယောက်၊ သံတွဲက ၂ ယောက်နဲ့ ဘူးသီးတောင်က ၄ ယောက်အထိ ကူးစက်ခံရသူတွေရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly