ရွေးကောက်ပွဲအပြီး နှစ်ရက်တွင် SSPP ဌာနချုပ်အနီး လေယာဉ်ဖြင့် ဗုံးကျဲခံရဟုဆို

ရွေးကောက်ပွဲအပြီး နှစ်ရက်တွင် SSPP ဌာနချုပ်အနီး လေယာဉ်ဖြင့် ဗုံးကျဲခံရဟုဆို

ချင်းမိုင်၊ နိုဝင်ဘာ ၁၀ ။ ။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ် ဝမ်ဟိုင်းသို့ အစိုးရစစ်တပ်က လက်နက်ကိုင်ဖြင့် ပစ်ခတ်သဖြင့် ဝမ်ဟိုင်းဘုန်းကြီးကျောင်းသို့ ကျရောက်ခဲ့ပြီး ပျက်ဆီးမှုများ ရှိခဲ့သည်ဟု သိရသည်။

 

“ဒီမနက် လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ မနက် ၆ နာရီမှာက ခါတိုင်း ကျူမောင်ခေါင်ကနေ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ လက်နက်ကြီးနဲ့က ဘယ်မှာထိတယ်ဆိုတာ သတင်းယူနေတုန်းဘဲ။ နက် ၁၀ နာရီမှာတော့ လေယဉ် ၂ စင်းနဲ့ လာပစ်တယ်။ ဗုံးလာကျဲတယ်။ အဲဒါ ဘုန်းကြီးကျောင်းထိသွားတယ်။ လူတော့ မထိဘူး။ ဆိုင်ကယ်တစ်စီး မီးလောင်သွားတယ်။ နောက် ထမင်းစားဆောင် ပျက်ဆီးသွားတယ်” ဟု SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

 

ဝမ်ဟိုင်းဘုန်းကြီးကျောင်းသို့ လက်နက်ကြီး ကျရောက်ခဲ့သဖြင့် ဝမ်ဟိုင်းဘုန်းကြီးကျောက်း ထမင်းစားဆောင် ပျက်ဆီးခဲ့သလို၊ ဆိုင်ကယ် တစ်စီးလည်း ပျက်ဆီးသွားခဲ့သည်ဟု သူက ပြောသည်။ လူထိခိုက်ကျဆုံးမှုအခြေအနေများကို ဆက်လက် စုံစမ်းနေသည်ဟု သူက ပြောသည်။

 

၎င်းဘုန်းကြီးကျောင်းတွင် စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေပြီး လက်နက်ကြီး ကျရောက်ခဲ့သဖြင့် လက်ရှိ ပန်လော့ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း သူက ပြောသည်။

 

လက်ရှိ နိုဝင်ဘာလ ၁၀ ရက်တွင် မိုင်းရှူးမြို့နယ် မိုင်းဟန်ဘက်တွင်မူ ယနေ့ နံနက်ပိုင်းမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု သူက ပြောသည်။

 

“သူတို့က ကျနော်တို့ကို အပစ်ရှာရှာပြီးတော့ ကျနော်တို့ကို တိုက်နေတာဘဲ။ ကျနော်တို့က မိုန်းခေါင်းစခန်းကို ဘာမှ သွားပစ်စရာလည်း မရှိဘူး။ သူတို့က ကျနော်တို့ကို လာတိုက်တယ်လို့ခနခနပြောနေတယ်။ ကျနော်တို့လည်း သွားမတိုက်ရဘူး။ သူတို့ ပြောတဲ့ စခန်းကလည်း ကျနော်တို့နဲ့ မိုင် ၂၀ လောက်ရှိတယ်”ဟု သူက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှစတင်၍ SSPP/SSA နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည်ပေါင်း ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags