မဲစာရင်းမှာ သင့်အမည် ပါ၊ မပါ ဘယ်လိုစစ်ဆေးမှာလဲ

မဲစာရင်းမှာ သင့်အမည် ပါ၊ မပါ ဘယ်လိုစစ်ဆေးမှာလဲ
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇူလိုင် ၂၅

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းတွေကတော့ ထွက်လာပါပြီ။

မဲစာရင်းတွေကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်တွေက စနေနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ကနေပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဲ့ ဓမ္မရုံတို့မှာ ကြေငြာထားပါတယ်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

မဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ အမည်၊မှတ်ပုံတင်အမှတ်၊မိဘအမည်တို့ကို တိုင်ဆိုင် စစ်ဆေးဖို့လိုပါတယ်။

 “ အိမ်အပြောင်းအရွေ့ကြောင့်မဲစာရင်းက ထပ်နေတယ်ဆိုရင် သက်ဆိုင်ရာကံယကံရှင်အနေနဲ့ မိမိမဲပေးနိုင်ခွင့်ရှိတဲ့ နေရာမှာ မိမိအမည်စာရင်းပါမပါ သွားရောက်ကြည့်ရှုဖို့လိုအပ်ပါတယ်။ မိမိအမည်စာရင်းပါသင့်ရဲ့မပါဘူးဆိုရင် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုကို သွားလျှောက်ဖို့လိုပါတယ် “ ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင်ကပြောသည်။

Photo Credit - Union Election Commission

ကော်မရှင်အနေနဲ့ကတော့ ၂၀၁၉ခုနှစ်မှာ အခြေခံမဲဆန္ဒရှင်တွေရဲ့စာရင်းတွေကို ပြုစုခဲ့ပြီး လစဉ် ပြင်ဆင်ခြင်း ၊ ဖြည်စွက်ခြင်း နဲ့ ပယ်ဖျက်ခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းထဲမှာ ကိုယ့်ရဲ့အမည်မပါရင်၊ မပါဝင်သင့်သူများပါဝင်နေရင်၊ မဲစာရင်းပါအချက်အလက်မှားနေရင် ၁၄ ရက်အတွင်း ကန့်ကွက်တောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - Union Election Commission

ကိုယ့်ရဲ့နာမည် မဲစာရင်းမှာ မပါရင် ပုံစံ(၃) မှာ ဖြည့်စွက်ပြီး တောင်းဆိုနိုင်ပါတယ်။
 မပါဝင်သင့်သူတွေပါဝင်နေရင် ပုံစံ(၄) နဲ့ ကန့်ကွက်ရမှာဖြစ်သလို မဲစာရင်းပါအချက်အလက်တွေမှားနေရင် ပုံစံ  (၄-ဂ) နဲ့ ပြင်ဆင်လွှာ တင်သွင်းရမှာပါ။

ပုံစံဖောင်တွေကို ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အခမဲ့ရနိုင်ပြီး ဖောင်ဖြည့်ပြီးရင် ကော်မရှင်အဖွဲ့ခွဲရုံးအရာရှိကို သွားရောက်ပေးအပ်ရမှာဖြစ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတိုင်းမှာ ရွေးကောက်ပွဲကော်မရှင်အရာရှိတစ်ဦးစီကို တွဲထားပါတယ်။
 

Photo Credit - Union Election Commission

ပြင်ဆင်ချက်တွေပြီးရင် ကော်မရှင်အနေနဲ့  မဲဆန္ဒရှင်စာရင်းအသစ်တွေကို ၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလတွင်းမှာ ကပ်ထားပေးဦးမှာဖြစ်ပါတယ်။
 
၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် စာရင်းဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက်စာရင် လူဦးရေ ခြောက်သိန်းကျော် မြင့်တတ်လာတယ် သိရပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း  မဲရုံပေါင်း ခြောက်ထောင်နီးပါး ထားရှိသွားမယ်လို့လည်း သိရပါတယ်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly