တိုင်ကြားထားသည့် မုဒိန်းမှုနှင့်ပတ်သက်သော သက်သေအချက်အလက်များကို အမှုစစ်သူများထံ တပ်မတော်လွှဲပြောင်း

တိုင်ကြားထားသည့် မုဒိန်းမှုနှင့်ပတ်သက်သော သက်သေအချက်အလက်များကို အမှုစစ်သူများထံ တပ်မတော်လွှဲပြောင်း
Photo - AFP

ရန်ကုန်၊ ဇူလိုင် ၂၃

ဦးဂါရွာသူ အမှုအတွက် တပ်မတော်၏တွေ့ရှိချက် သက်သေများကို စစ်ဆေးရေးပြုလုပ်နေသော ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးထားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီတစ်ဦးကို တပ်မတော်သား သုံးဦးမှ အဓ္ဓမပြုကျင့်ခဲ့သည်ဟုဆိုကာ ကာယကံရှင်အမျိုးသမီးက  စစ်တွေမြို့မရဲစခန်းတွင် ဇူလိုင်လ ၁၀ ရက်နေ့ က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

“ အဲ့ရွာကိုစစ်ခဲ့တဲ့ထဲမှာ သက်သေအထောက်အထား ဗွီဒီယိုဖိုင်၊ အသံဖိုင်တွေကို စစ်ဆေး တဲ့သူကို လွှဲပြောင်းပြီးဖြစ်တယ်”  လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

တပ်မတော်မှရရှိထားသည့် သက်သေအချက်အလက်များအရဆိုပါက ဦးဂါကျေးရွာသူအမှုမှာ လုပ်ကြံဖန်တီး တိုင်ကြားခြင်းဟုလည်း ၎င်းကဆိုသည်။

သို့သော် အမှုကိုစစ်ဆေးနေသောအဖွဲ့အစည်းများဘက်မှ တစ်စုံတရာ ဆုံးဖြတ်ထားခြင်း မရှိသေးဘဲ စုံစမ်းမှုများ ပြုလုပ်နေသည့်အနေအထားလည်း ဖြစ်သည်။

အမှုစုံစမ်းစစ်ဆေးနေသည့်အခြေအနေနှင့်ပက်သက်၍ မဇ္ဈိမက  စစ်တွေမြို့မရဲစခန်းသို့ဆက်သွယ်မေးမြန်းရာ အမှုအခြေအနေကို ထုတ်ဖော်ပြော၍မရသေး ကြောင်းဆိုသည်။

“စစ်ဆေးပြီးရင် ပြန်ပြောပေးမယ်နော်။အခုပြောလို့မရသေးဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင် က ဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့အထိ အမှုစစ်ဆေးနေသည့် ရဲတပ်ဖွဲ့မှ တရားလိုအပါအဝင် ဦးဂါကျေးရွာသား ၁၈ ဦးကိုစစ်ဆေးပြီးစီးထားကြောင်း တရားလိုဘက်မှ ကူညီပေးနေသည့် Legal Clinic Myanmar မှ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

လတ်တလောတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးဆောင်ရွက်နေမှုကိုသာ စောင့်ကြည့်နေရသေးသည့် အနေအထားဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

 “တကယ်လို့များအမှုက စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးလို့ ဉပဒေအကြံဉာဏ်တောင်းပြီးလို့ တရားရုံးကိုရောက် တဲ့အချိန်မှာ ကျွန်မတို့ရှေ့နေတွေအနေနဲ့ ထပ်ပြီးတော့ လိုက်ပါဆောင် ရွက်ခွင့်ရမှာပါ” ဒေါ်မြသူဇာက ဟုပြောသည်။

ဦးဂါရွာသူအမျိုးသမီးက ဇူလိုင်လ ၁ရက်နေ့တွင် ဆေးစစ်ချက်များခံယူပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၆၆ (မတရားသဖြင့် ကာမယှက်စပ်မှု) ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ( ပူးပေါင်းပါဝင်မှု) စသည့် ပုဒ်မများဖြင့် စွပ်စွဲခံထားရသူ တပ်မတော်သား သုံးဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး လေးယောက်၏မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား သုံးဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောကြားကြောင်း သတင်းမီဒီယာအချို့မှ ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း ဟုလည်း တပ်မတော်က ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly