ဟောင်ကောင်ပြည်သူများအား ဗြိတိန်နိုင်ငံသားဖြစ်ခွင့် ပေးခြင်းက နိုင်ငံတကာဥပဒေကို ချိုးဖောက်ဟု တရုတ် ပြော

ဟောင်ကောင်ပြည်သူများအား ဗြိတိန်နိုင်ငံသားဖြစ်ခွင့် ပေးခြင်းက နိုင်ငံတကာဥပဒေကို ချိုးဖောက်ဟု တရုတ် ပြော

ဇူလိုင် ၂၃ ၊၂၀၂၀

ဟောင်ကောင်ဒေသခံများအား ဗြိတိန်နိုင်ငံသား ဖြစ်ခွင့်ပေးမည့် ဗြိတိန်၏ ပေါ်လစီသစ်သည် နိုင်ငံတကာဦပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု လန်ဒန်ရှိ တရုတ်သံရုံးက ကြာသပတေးနေ့တွင် ပြောသည်။

ဗြိတိန် National Overseas ဗီဇာ ရှိထားသော ဟောင်ကောင်ပြည်သူများအနေဖြင့် ၂၀၂၁ ဇန်နဝါရီမှစတင်ပြီး ဗြိတိန်နိုင်ငံဖြစ်ခွင့် လျှောက်ထားနိုင်မည်ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီပါတေးက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

တရုတ်က ကန့်ကွက်နေပြီး ပေါ်လစီကို ပြင်ဆင်ခြင်းမရှိလျှင် ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ဆိုထားသည့်ကြားက ဗြိတိန်သည် ယင်း ဆုံးဖြတ်ချက်ကို ချခဲ့သည်ဟု တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်း လုပ်ဆောင်ချက်သည် ဗြိတိန်၏ ကိုယ်ပိုင် ကတိကဝတ်များကို လွန်လွန်ကျူးကျူး ချိုးဖောက်ပြီး တရုတ်၏ ပြည်တွင်းရေးကို စွက်ဖက်ကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေစံနှုန်းများကို အလွန်အကျွံ ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်း။’ အဆိုပါ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဗြိတိန်တွင် ဟောင်ကောင်ပြည်သူ သုံးသန်းနီးပါး အခြေချနေထိုင်နိုင်ရန် ခွင့်ပြုသော လန်ဒန်၏ ဆုံးဖြတ်ချက်သည် တရုတ်က ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်တွင် လုံခြုံရေးဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပြီးနောက် ချမှတ်လာခြင်းပဲ ဖြစ်သည်။

တရုတ် ပြဋ္ဌာန်းသော လုံခြုံရေးဥပဒေသစ်သည် ၁၉၉၇ ခုနှစ်က တရုတ်အုပ်ချုပ်မှုအောက် ဟောင်ကောင်ပြန်ရောက်စဉ်က လွတ်လပ်ခွင့် ကတိကဝတ်များကို အဆုံးသတ်စေလိမ့်မည်ဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ပြောသည်။

ယင်း ဥပဒေသည် ၁၉၈၄ ခုနှစ်က ဟောင်ကောင်လက်လွှဲပေးအပ်ခြင်း ပဋိဉာဉ်ကို ချိုးဖောက်ရာရောက်သည်ဟု ဗြိတိန်က ပြောသည်။ ဟောင်ကောင်နှင့် တရုတ်အရေးတွင် ဗြိတိန်က ဝင်ရောက်စွက်ဖက်လျက် ရှိသည်ဟု တရုတ်က စွပ်စွဲထားသည်။

“တရုတ်ဖက်က တိုက်တွန်းလိုသည်က ဟောင်ကောင် တရုတ်ဆီ ပြန်လည်ရောက်ရှိသည့် အရှိတရားကို ဆင်ခြင်ပြီး ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေ၏ ရည်ရွယ်ချက်ကို သိရှိကာ အမှားများကို ချက်ချင်ပြင်ဆင်သင့်ကြောင်း။” တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly