ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ

ကွမ်းရွက်လေးနဲ့ အလှအပ ထိန်းသိမ်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win |

ရေးသားသူ Aye Thi Mon

ကွမ်းရွက်လို့ ပြောလိုက်ရင် ကွမ်းယာစားဖို့အတွက်ပဲ အသုံးဝင်တယ်၊ လို့ ယူဆနေတုန်းလား။ ကွမ်းရွက်က ကွမ်းယာအတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကွမ်းရွက်လေးသုံးပြီး အလှအပ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး အကြောင်း ပြောပြပေးပါရစေ။
အလှအပအတွက် ကွမ်းရွက်ရဲ့ အသုံးဝင်ပုံက

ကွမ်းရွက်လေးက
ဆံပင်ကျွတ်တာ သက်သာစေတယ်

ကွမ်းရွက်ကို ဆံသားနဲ့ ဦးရေပြား ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တတ်သူတွေအနေနဲ့

ကွမ်းရွက် ၅ ရွက် ကနေ ၆ ရွက်ခန့်ကို ကြိတ်ခြေပါ။ ကြိတ်ခြေထားတဲ့ ကွမ်းရွက်ထဲကို နှမ်းဆီ ဒါမှမဟုတ် အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်လို့ သမအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းလို့ လက်ချောင်းလေးတွေ သုံးပြီး နှိပ်နယ်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ခေါင်းကို လျှော်နေကျ ခေါင်းလျှော်ရည် သုံးလို့ လျှော်ပါ။
ဝက်ခြံ သက်သာစေတယ်

ကွမ်းရွက်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဝက်ခြံတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ကွမ်းရွက်လေးကို စိတ်ချ လက်ချ သုံးပေးလို့ရပါတယ်။

ကွမ်းရွက်ကို ရေသန့်သန့်ထဲမှာ မိနစ် ၂၀ လောက် စိမ်ပါ။ ပြီးရင် အရိုးတံကို ဖယ်ထုတ်ပြီးအရွက်ကို သေချာလေး ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ထည့်ပြီး ဆား ၁ မှုန် ၂ မှုန်လောက်ထည့်ပါ။ ပြီးရင် သမအောင် မွှေလို့ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။

တစ်ပတ်တစ်ကြိမ် ကနေ နှစ်ကြိမ်လောက် လုပ်ပေးရုံနဲ့ ဝက်ခြံ၊ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို သိသိသာသာ သက်သာစေမှာပါ။
အသားအရေ ချောမွေ့စေတယ်

အသားအရေလေး ချောမွေ့စေဖို့လည်း ကွမ်းရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ကွမ်းရွက် ၂ ရွက် ၃ ရွက်ခန့်ကို သေချာလေး ကြိတ်ခြေလို့ နနွင်း နည်းနည်းလောက်ထည့်ပြီး သမအောင်မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းလို့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးချပါ။

တစ်ပတ်ကို ၂ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။ ရောင်ရမ်းတာကို သက်သာစေပြီး မျက်နှာ အသားအရေကို ချောမွေ့စေမှာပါ။
အင်ပျဉ် သက်သာစေတယ်

ကမ်းရွက်ရဲ့ အရာင်ကျစေနိုင်တဲ့ အာနိသင်က အရေပြားပြဿနာဖြစ်တဲ့ အင်ပျဉ်တွေ သက်သာစေဖို့လည်း အသုံးဝင်ပါတယ်။ ရေနွေးဆူဆူထဲကို သန့်စင်ထားတဲ့ ကွမ်းရွက် ၁၀ ရွက်လောက် ထည့်ပြုတ်ပါ။ ရလာတဲ့အ ရည်ကို အအေးခံပြီး ရေချိုးချလိုက်တာ ဒါမှမဟုတ် အင်ပျဉ် ဖြစ်တဲ့နေရာကို ဆွတ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ အင်ပျဉ်ကို သက်သာစေသလို အရေပြားပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ယားယံတာကို သက်သာစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly