အမ်းမြို့စစ်ဘေးရှောင်စခန်းနှစ်ခုတွင် ကလေး၄၀၀‌ကျော် ‌ကျောင်းအပ်နှံရေးအခက်အခဲကြုံနေ

အမ်းမြို့စစ်ဘေးရှောင်စခန်းနှစ်ခုတွင် ကလေး၄၀၀‌ကျော် ‌ကျောင်းအပ်နှံရေးအခက်အခဲကြုံနေ
ပုံ - ဦးသန်းချို ( အမှတ်၁စစ်ဘေးရှောင်စခန်း )

ဇွန်လ ၁၅

ရခိုင်ပြည်နယ် အမ်းမြို့တွင်ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းနှစ်ခုတွင်ရှိသည့် ကျောင်းနေအရွယ်ကလေးငယ် စုစုပေါင်း ၄၂၅ဦးကျော်သည် ယခုနှစ်အတန်းပညာသင်ကြားရေးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းတက်ခွင့်ရရှိရန် အခက်အခဲရှိနေသည်။

အမှတ်(၁)စစ်ဘေးရှောင်စခန်းဥက္ကဋ္ဌဦးသန်းချိုက“ အမှတ် ၁စစ်ဘေးရှောင်စခန်းမှာ ရှိနေတဲ့ကျောင်းတက်တဲ့အရွယ်ကလေးငယ် စုစုပေါင်းက ၂၅၅ ဦးရှိပါတယ်။ အလယ်တန်းအထက်တန်းက ၁၀၀နဲ့မူလတန်းအရွယ်က ၁၅၅ဦးရှိပါတယ်။ အခုကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ၉တန်းနဲ့၁၀တန်းကို ကျောင်းတွေပြန်အပ်ခိုင်းပါတယ်။ မူလတန်းအဆင့်ကို ဒီစခန်းမှာပဲသင်ကြားပေးခွင့်ရအောင် မြို့နယ်အုပ်ချုပ်ရေးမှူး ကိုစာတင်ထားပါတယ်။ “ ဟု မဇျ္စိမသတင်းဌာနကိုပြောသည်။

စစ်ရှောင်စခန်းသို့ရွှေ့ပြောင်းလာကြသူများအနေဖြင့်မိမိတို့မူလနေထိုင်ခဲ့သောကျေးရွာများတွင်ကျောင်းပြန်လည်အပ်လျှင်ယခုနေထိုင်သောနေရာမှကျောင်းသွားတက်ရန်အခက်အခဲများရှိနေကြသည်။ထို့ကြောင့်ကျောင်းအပ်နှံချိန်တွင် အထက်တန်းနှင့်အလယ်တန်းကိုအမ်းမြို့ပေါ်မှကျောင်းများတွင်အပ်နှံခွင့်ရရှိရေးနှင့်မူလတန်းကို တော့စစ်ရှောင်စခန်းများတွင်သာ သင်ကြားခွင့်ရရှိရေးအတွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြေရှင်းနေကြာင်း သိရသည်။

အမှတ် ၁ စစ်ဘေးရှောင်စခန်း (ပဲပဒုံကယ်ဆယ်ရေးစခန်း)တွင် လူဦးရေ ၆၄၈ ဦးထိရှိလာပြီး ကျေးရွာပေါင်း ၁၄ ရွာ ၊ အိမ်ထောင်စု ၁၃၀ စုမှပြောင်းရွေ့လာကြသူများနေထိုင်ကြသည်။အမ်းမြို့အနီးက ဒါးလက်အုပ်စု (ဒါးလက်ချောင်း ဒေသ)တွင် စားနပ်ရိက္ခာသယ်ယူခွင့် မရရှိသည့်အတွက် ရိက္ခာ ပြတ်တောက် သည့်ကာလကြာလာသောကြောင့် စစ်ရှောင်စခန်းများသို့လာရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း ဦးသန်းချိုက ပြောဆိုခဲ့သည်။

ပုံ - ဦးသန်းချို ( အမှတ်၁စစ်ဘေးရှောင်စခန်း)

“ကျောင်းတွေကပြန်ဖွင့်တော့မယ်ဆိုတော့အဓိကလိုအပ်နေတာ ကျောင်းသုံးပစ္စည်းတွေပါ။ ထီးတွေကလှူထားတာရှိပါတယ်။ကျောင်းသားတစ်ယောက်ချင်းစီအတွက် စစ်တွေကောလိပ်ကျောင်းသားဟောင်းတွေ နဲ့ ဂျပန်ပြန်ရခိုင်လူမျိုးတွေ စာအုပ်စာတမ်းတွေ၊ကျောင်းဝတ်စုံတွေ ၊ မိုးကာအကျီ်၊ အတန်းကြီးရင်ကြီးသလိုပေါ့ “ ဟု  အမှတ်၂စစ်ဘေးရှောင်စခန်းမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ယခင်က ၂၀၀ကျော်သာရှိသော ထိုစစ်ရှောင်စခန်းများသို့ ယခုနှစ် မေလကုန်မှစတင်ကာ ကျေးရွာများမှရွေ့ပြောင်းလာကြခြင်းဖြစ်ပြီးယခုလကုန်ပိုင်းမှာတော့ စစ်ဘေးရှောင်စခန်း နှစ်ခုတွင် လူဦးရေ ၁၅၀၀ ကျော်လာပြီး စားသောက်ရေး နှင့်နေထိုင်ရေးတို့အတွက် အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။

အမှတ်၂စစ်ဘေးရှောင်စခန်းကို ကစုကွန်းနှင့်ဒါးလက်အုပ်စုတို့ဘက်သို့ အများဆုံးရောက်ရှိလာကြတာဖြစ်ပြီး ရွာပေါင်း ၂၃ ရွာမှလူပေါင်း ၈၆၂ ဦးတို့က စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။

ကျောင်းအပ်နှံနိုင်သည့်ကာလမှာ ဇူလိုင်လ၁၃ရက်နေ့မှ၁၇ ရက်နေ့အထိဖြစ်ပြီး ဇူလိုင်လ ၂၁ရက်နေ့မှာတော့ သင်ရိုးသစ် ဒသမတန်းနှင့် သင်ရိုးဟောင်းဒသမတန်းတို့ ကျောင်းပြန်တက်ကြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly