သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Myo Myat

သုက်ပိုးဆိုတာ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းမှာ တည်ရှိပါတယ်။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည်နဲ့အတူ သုက်ပိုးတွေပါ ပါသွားပြီး မမျိုးဥနဲ့ ပေါင်းစပ်ကာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသားတစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါသွားပြီး သုက်ပိုး တစ်ကောင်တည်းကသာ မမျိုးဥနဲ့ ပေါင်းစပ်တာပါ။

ဒီဆောင်းပါးမှာတော့ လိင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားတဲ့ အလွဲတွေထဲမှာမှ သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ကို ပြောပြပေးချင်ပါတယ်။

၁။ သုက်ပိုးဟာ မမျိုးဥဆီသို့ တည့်တည့်ပြေးတဲ့ အလွဲ

ယောက်ျားလေးတစ်ယောက် မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ရှိတဲ့ သုက်ပိုးတွေဟာ မမျိုးဥဆီကို အပြိုင်ကူးခတ်တာ မှန်ပေမယ့် သုက်ပိုးတိုင်းက တည့်တည့်သွားတာမျိုး မဟုတ်ပါဘူး။ မြွေလိမ်မြွေကောက် ပုံစံ သွားတာလည်း ရှိသလို မမျိုးဥဘေးမှာ ပတ်နေတာမျိုးလည်း ရှိပါတယ်။ လုံးဝ မသွားဘဲ မိန်းမကိုယ်မှာပဲ ငြိမ်ငြိမ်လေး နေနေတဲ့ သုက်ပိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် သုက်လွှတ်ပြီးတာနဲ့ သုက်ပိုးတွေဟာ မမျိုးဥဆီကို တည့်တည့်ပြေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

၂။ ပျစ်တဲ့သုက်ရည်ထဲမှာ မျိုးအောင်နိုင်ခြေ များတဲ့သုက်ပိုးတွေ ပိုပါနေတယ်ဆိုတဲ့ အလွဲ

သုက်ရည် ပျစ်ခြင်း၊ ကျဲခြင်းဟာ အထဲမှာ ပါဝင်နေတဲ့ သုက်ပိုးတွေရဲ့ ကျန်းမာရေး၊ မျိုးအောင်နိုင်ခြေ၊ ကူးခတ်နိုင်စွမ်းနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် အမျိုးသားများ လူပျိုဖြစ်ကာစမှာ တော်တော် ပျစ်နေတတ်ပြီး အာသာဖြေတဲ့ အကြိမ်ရေများလာလေ၊ အသက်ကြီးလာလေ ကျဲသွားတတ်ပါတယ်။ ဒီအတွက် ပျစ်တဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ပိုပြီးကျန်းမာတယ်၊ ကျဲတဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ကူးခတ်တာ မြန်တယ်ဆိုတာကတော့ ချင်း (ဂျင်း) သက်သက်ပါပဲ။

၃။ သုက်ရည်ထုတ်ပြီးနောက်မှာ သုက်ပိုးတွေဟာ ခဏပဲ ရှင်သန်နိုင်တဲ့ အလွဲ

ဒါကတော့ သုက်ရည်ဟာ ဘယ်နေရာပေါ် ကျသွားလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အေးတဲ့ နေရာတွေမှာ သုက်ရည်ကျသွားတဲ့အခါ လေနဲ့ အအေးဒဏ်ကြောင့် သုက်ရည်က ခြောက်သွားပါတယ်။ သုက်ရည်ခြောက်ပြီ ဆိုတာနဲ့ မိနစ်အနည်းငယ်အတွင်းမှာ သုက်ပိုးတွေဟာ သေသွားနိုင်ပါတယ်။ ပူနွေးစိုစွတ်တဲ့ နေရာ အထူးသဖြင့် မိန်းမကိုယ်ထဲမှာ သုက်လွှတ်လိုက်တဲ့အခါ အကြာဆုံး ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေချိန် အတူနေပြီး ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။

၄။ သုက်ပိုးတွေဟာ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာပြီး မျိုးအောင်နိုင်တဲ့ အလွဲ

အမျိုးသားတွေဟာ လူပျိုစဖြစ်တဲ့ အချိန်မှစပြီး အသက်ကြီးတဲ့အထိ ဝှေးစေ့က သုက်ပိုးထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုက်ပိုး ထုတ်လုပ်နှုန်းဟာ နည်းသွားသလို မျိုးအောင်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ဆေးလိပ်အရမ်း သောက်တာ၊ အရက်သောက်တာ၊ ဝှေးစေ့ကို အမြဲ ပူနေအောင် ထားတာ၊ မွေးရာပါ မြုံတဲ့သူတွေမှာတော့ သုက်ပိုးဟာ မျိုးအောင်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုးလည်း တွေ့ရပါတယ်။

၅။ သုက်ပိုးရဲ့ ကျန်းမာရေးဟာ အတွင်းခံပေါ် သက်ရောက်နေနိုင်လား။

အတွင်းခံကို ကျပ်နေအောင် ဝတ်တဲ့အခါ အထဲမှာ အပူအောင်းသွားတဲ့အတွက် သုက်ပိုးထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလို အတွင်းခံအကျပ်ဝတ်လို့ မြုံတယ်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ၊ ယောက်ျားလေး တစ်ယောက်အတွက် အရမ်းကျပ်နေတဲ့ အတွင်းခံမျိုးတွေထက် ချောင်ချောင်ချိချိ လေဝင်လေထွက် ကောင်းမယ့် Boxer လို အတွင်းခံမျိုးကတော့ အကောင်းဆုံးပါပဲ။

၆။ သုက်ပိုးကောင်ရေတိုင်းဟာ ကျန်းမာနေတယ်ဆိုတဲ့ အလွဲ

သုက်ရည်ထဲမှာ ပါတဲ့ သုက်ပိုး အကောင်ရေတိုင်းဟာ မကျန်းမာနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ယောက်ျားလေး တစ်ယောက်က စက္ကန့်နဲ့အမျှ သုက်ပိုးကောင်ရေကို ထုတ်လုပ်ပေးနေပါတယ်။ အာသာမဖြေတာ ကြာသွားတာနဲ့အမျှ သုက်ပိုးရဲ့ သက်တမ်းဟာ ကုန်ဆုံးပြီး အထဲမှာ ကျန်းမာနေတဲ့သုက်ပိုးတွေနဲ့ ရောသွားပါတယ်။ ဒီအတွက်ကြောင့်

လိုက်တဲ့ သုက်ရည်ထဲမှာ ပါတဲ့ သုက်ပိုးကောင်ရေတိုင်းဟာ ကျန်းမာတယ်လို့ အတိအကျ ပြောလို့ မရပါဘူး။

၇။ သုက်ရည်ကြည်ဟာ ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အလွဲ

ကွန်ဒုံးမပါဘဲ ထိုးသွင်းဆက်ဆံပြီး အပြင်မှာ သုက်လွှတ်လို့ ကိုယ်ဝန်မရနိုင်ဘူး ထင်ရင်တော့ လုံးဝမှားသွားပါလိမ့််မယ်။ အမျိုးသားတွေဟာ သုက်မထွက်သေးရင်တောင် ထိပ်ဖူးမှာ သုက်ရည်ကြည် (Pre-cum) တွေ စိမ့်ထွက်နေတတ်ပါတယ်။ သုက်ရည်ကြည်ထဲမှာလည်း သုက်ပိုးကောင်ရေ အနည်းနဲ့ အများ ပါနေနိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေ မများတဲ့တိုင်အောင် လုံးဝမရတာတော့ မဟုတ်ပါဘူး။

၈။ သုက်ရည်များများ ထွက်လေ၊ မျိုးအောင်နိုင်ခြေ ပိုများနိုင်တဲ့ အလွဲ

ပုံမှန်က သန္ဓေတည်ဖို့ မမျိုးဥတစ်လုံးနဲ့ သုက်ပိုးတစ်ကောင်ပဲ လိုအပ်တာပါ။ သုက်ရည် အများအပြား ထုတ်လွှတ်လိုက်တဲ့အခါ သန်းပေါင်းများစွာသော သုက်ပိုးတွေဟာ မမျိုးဥဆီကို ကူးခတ်သွားပြီး တစ်ကောင်ထက် ပိုတဲ့ သုက်ပိုးတွေက မမျိုးဥနဲ့ ပေါင်းစည်းသွားနိုင်ပါတယ်။ ဒီအခါ အမြွှာမေးတာမျိုးလည်း ရှိသလို၊ ရှားပါးအခြေအနေမှာ မွေးလာတဲ့ကလေးမှာ DNA ပုံမမှန်ခြင်း၊ ဒေါင်းရောဂါ (Down Syndrome) ၊ နှလုံး၊ ကျောရိုး၊ ဦးခေါင်းခွံမှာ သေစေနိုင်တဲ့ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးတော့ ကိုယ်သိထားတဲ့ လိင်ကျန်းမာရေးအလွဲလေးတွေနဲ့ အမှန်ကို ခွဲခြားသိမြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly