ရာပေါင်းများစွာသော အထည်ချုပ်စက်ရုံအလုပ်သမားများကို လစာမပေးဘဲ တရုတ်ပိုင်ရှင်ထွက်ပြေး

ရာပေါင်းများစွာသော အထည်ချုပ်စက်ရုံအလုပ်သမားများကို လစာမပေးဘဲ တရုတ်ပိုင်ရှင်ထွက်ပြေး

ဇူလိုင် ၆

တရုတ်နိုင်ငံသားပိုင် ရွှေပြည်သာစက်မှုဇုန် (၁) ၊ ကနောင်မင်းသားကြီးလမ်းတွင် ဖွင့်လှစ်ထားသော  ABLE GLAND Myanmar အထည်ချုပ်ရုံက စက်ရုံအလုပ်သမား ၆၆၉ ဦး၏ ဇွန်လ လစာကို ပေးချေခြင်းမရှိဘဲ ထွက်ပြေးသွားကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားခေါင်းဆောင်ဖြစ်သူ  ကိုစိုးနိုင်လင်းအောင်က မဇ္ဈိမကို ပြောသည်။

“သူဌေးကအော်ဒါတွေယူလာပြီး ဒီမှာချုပ်ရတယ်။ သူဌေးက အခုထွက်ပြေးသွားတယ်။ အဲ့အော်ဒါတွေကို အခုက လစာမရတဲ့အတွက် စက်ရုံထဲက ဘာမှချုပ်ပေးလို့မရပါဘူး။ သူဌေးက သူတကယ်ပိုင်တာ ဘာမှမရှိပါဘူး။ အထည်ကြတော့လည်း သူများအထည်ကိုယူပြီး ဌားချုပ်တယ်။ စက်တွေကလည်းဌား ထားတယ်။ စက်ရုံကလည်း သူများ ဟာပါ။ “ ဟု ကိုစိုးနိုင်လင်းအောင်က ပြောသည်။

ဇွန်လ ဇူလိုင်လ ၅ ရက်နေ့တွင် လစာပေးချေရမည်ဖြစ်သော်လည်း လစာမပေးဘဲ ထွက်ပြေးသွားကြောင်းကို အဆိုပါစက်ရုံပိုင်ရှင်က တယ်လီဖုန်းမက်ဆေ့ချ်မှတစ်ဆင့် စကားပြန်ထံ ရေးသားပေးပို့ဆက်သွယ်ပြောရာက တစ်ဆင့် သိရှိခဲ့ရခြင်းဖြစ်သည်ဟု  သူက ပြောသည်။

အလုပ်သမားရေးရာဆောင်ရွက်ပေးနေသော သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် ( မြန်မာ) က စည်းရုံးရေးမှူးတာဝန်ခံ ဦးစိုးသော်ကလည်း အဖြစ်အပျက်ကို သိရှိပြီး အဖွဲ့အနေဖြင့် သွားရောက်ဆွေးနွေးခဲ့သည် ဟုဆိုသည်။

“ဒီစက်ရုံမှာရှိတဲ့အလုပ်သမားတွေနဲ့သွားပြီးတော့ ဆွေးနွေးတယ်။ သူတို့တွေ့ရဲ့ဖြစ်စဉ်တွေ ကိုဆွေးနွေးကြပါတယ်။ အဖွဲ့ကနေ့ဘာတွေလုပ်ပေးရမယ်ဆိုတာကိုလည်း မေးပါတယ်။ ဒီလိုမျိုးဖြစ်သွားတဲ့ ကာလမှာ ဘယ်လိုပုံစံနဲ့လှုပ်ရှားကြမလဲ ဆိုတာအစီစဉ်တွေဆွဲကြပါတယ် “ ဟု ဦးစိုးသော်က ပြောဆိုသည်။

လုပ်ခလစာမရရှိသေးတာကြောင့် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းများနှင့် မြို့နယ်အလုပ်သမားရုံးများကို အကြောင်းကြားထားသည်ဟု သိရသည်။

သို့သော် အထည်အပ်နှံထားသူများက အပ်နှံထားသော အဝတ်အစားများ ချုပ်လုပ်ပြီးစီးပါက အလုပ်သမားများ၏ လုပ်ခလစာကို ရှင်းပေးမည်ဖြစ်ကြောင်း  နိုင်ငံခြားသားအစုရှယ်ယာဝင်များက ပြောသည်ဟုလည်း အလုပ်သမားများက ပြောသည်။

သို့သော် လက်ရှိမှာတော့ နိုင်ငံခြားသားအစုရှယ်ယာဝင်များက စက်ရုံရှိ စက်ပစ္စည်းများကို ယူဆောင်ခြင်းများပြုနေကြောင်း  ကိုစိုးနိုင်လင်းအောင်က ပြောပါတယ်။

အဆိုပါအထည်ချုပ်စက်ရုံသည်  မကြာခဏပိုင်ရှင်အပြောင်းလဲရှိသော စက်ရုံတစ်ရုံဖြစ်ပြီး စက်ရုံသည်  တဆင့်ခံအပ်ထည်များနှင့် နိုင်ငံခြားဝတ်အထည်များကို တာဝန်ယူချုပ်ပေးသည်။

ရွှေပြည်သာနယ်စက်မှုဇုန်အတွင်းမှာပင် ယခုနှစ်အတွင်း ပိုင်ရှင်ထွက်ပြေးသော  စက်ရုံ ငါးရုံ ရှိသည်ဟု ဦးစိုးသော် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly