ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီ ၁၅ ပါတီက လက်မှတ်မထိုးပဲ ကန့်ကွက်

ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီ ၁၅ ပါတီက လက်မှတ်မထိုးပဲ ကန့်ကွက်

ဇွန် ၂၈ရက်

နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အပါအဝင် နိုင်ငံခေါင်းဆောင်များ၏ ရုပ်ပုံများကို အသုံးပြုပြီး မဲမဆွယ်ရန်ဆိုသည့် အချက် ပါဝင်လာခြင်းမရှိခြင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံပါတီအချို့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၆ရက် နှင့် ဇွန် ၂၇ရက်က ရန်ကုန်မြို့၊ မလီယာဟိုတယ်တွင် ပြုလုပ်ခဲ့သည့်  ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက် ပွဲဆိုင်ရာကျင့်ဝတ်လက်မှတ်ရေးထိုးပွဲတွင် လက်မှတ်မထိုးဘဲ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

 “ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားခေါင်းဆောင်ဖြစ်တယ်။ နိုင်ငံရဲ့လွတ်လပ်ရေးဖခင် ကြီးလည်းဖြစ်တယ်။ ပုံကိုအသုံးပြုပြီးတော့ ပါတီ တစ်ခုထဲက မဲဆွယ်စည်းရုံးတဲ့အခါ မမျှတဘူးလို့ နိုင်ငံရေးပါတီအများစု က ယူဆတယ်။ဒါကြောင့်ကျနော်တို့ပါတီကလည်း သဘောတူတယ်။ နိုင်ငံရေးပါတီအများစုက ဒီ COC (Code of Conduct) မှတစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့အမျိုးသားခေါင်းဆောင် ပုံကို ပါတီတွေ ရဲ့မဲဆွယ်စည်းရုံးရေးမှာ မသုံးဖို့ ၊ ဘယ်ပါတီမှမသုံးဖူး အားလုံးတန်းတူပဲ ၊ ကိုယ့်ပါတီခေါင်းဆောင်ပုံ ၊ ကိုယ့်ကိုယ်စားလှယ်ပုံ ကိုပဲသုံးဖို့သဘောတူခဲ့ကြတယ်။ ဒါကိုတင်ပြခဲ့ကြတယ် “ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှာ ပြောရေးဆိုရေးရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံခဲ့သည့်  နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် လက်မှတ်ရေးထိုးပွဲသို့ နိုင်ငံရေးပါတီ ၈၃ ပါတီ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီ ၁၅ ပါတီက လက်မှတ်မထိုးပဲ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

လက်ရှိ လက်မှတ်မထိုးပဲ ကန့်ကွက်ခဲ့သည့် နိုင်ငံရေးပါတီ ၁၅ ပါတီအနေဖြင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်စာအုပ် မထွက်ခင်က ယင်းစာအုပ်တွင်  ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်များ၏ ရုပ်ပုံများနှင့် မဲမဆွယ်ရန်ဆိုသည့်  အချက် ၁ ချက် ထည့်သွင်းစေချင်ကြောင်း လုပ်ငန်းကော်မတီအစည်းအဝေးတွင် အသိပေးထားပြီးဖြစ်ကြောင်းလည်း  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
 
 “ UEC(Union Election Commission ) ကို Working Committee က တဆင့်ပို့ပါတယ်။ ဒါပေမဲ့ ဒီ COC (Code Of Conduct)မှာ အဲဒါကိုကန့်သတ်ထားတဲ့အချက်ပါမလာတဲ့အတွက် ဒီနိုင်ငံရေးပါတီတွေက လက်မှတ်မထိုးကြတာပါ “ ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

လက်ရှိထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်းများလိုက်နာရမည့် ကျင့်ဝတ်စာအုပ်သည် ၂၀၁၅ ခုနှစ်က ကျင့်ဝတ်စည်းမျဉ်းများကို ခေတ်နှင့်ညီသည့် နိုင်ငံရေး ၊ဥပဒေ၊ လူမူရေးအခင်းအကျင်းနှင့် လိုက်လျောညီစေရန်  ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ခုနှစ်၊ဧပြီလ ၂၀ရက်နေ့က အွန်လိုင်းအီးမေးလ်နှင့် စာတိုက်များမှ တဆင့်ပေးပို့ပြီး နိုင်ငံရေးပါတီများအားလုံးဖြင့် ညှိနှိုင်းဆွေးနွေးလက်ခံခဲ့ခြင်းဖြစ်ကြောင်း ယင်းစာအုပ်တွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ၂၀၂၀ခုနှစ်၊ ဇွန်လ ၁၇ရက်တွင် နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် လုပ်ငန်းကော်မတီအစည်းအဝေး တွင်  သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း  နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် စာအုပ်တွင် ဖော်ပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly