မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံမှုကြောင့်သေဆုံး

မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံမှုကြောင့်သေဆုံး

ရန်ကုန်၊ ဇွန် ၁၉

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်ရှိ မြောင်းဘွေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး  သည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

၎င်းရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှုဖြစ်စဉ်နှင့်ပတ်သက်၍  မြောက်ဦးမြို့နယ်၊ မဲဆန္ဒနယ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းကို မဇ္ဈိမသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်သည်မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ဒေသခံတွေပြောတာတော့ (ဇွန်လ ၁၈ ရက်) ည ၃ နာရီလောက်ရှိမယ်ပြောတယ်။ အသက် ၃၀ ပါတဲ့၊ ဆုံးသွားပြီ ” ဟု မြောက်ဦးမြို့နယ်၊ မဲဆန္ဒနယ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက အတည်ပြုပြောသည်။

သို့သော် ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍မူ မသိရှိကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်သည် မြောင်းဘွေရဲစခန်းမှ အသက် ၃၀ ဝန်းကျင်အရွယ် ဒုတိယတပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ၎င်းတပ်ဖွဲ့ဝင်သည် ကင်းတာဝန်ပြီးဆုံးချိန်တွင် နေထိုင် သို့ပြန်မည်ပြုစဉ် နံနက် ၃နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းရဲတပ်ဖွဲ့ဝင်အား မြောင်းဘွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ ကြောင်း ဒေသခံများ၏ ပြောဆိုမှုများအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly