ဝမ်းချုပ်ခြင်းအတွက် သဘာဝကုထုံးများ

ဝမ်းချုပ်ခြင်းအတွက် သဘာဝကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

လူအတော်များများဟာ တချိန်မှာတော့ ဝမ်းချုပ်တဲ့ပြဿနာကို ကြုံဖူးကြပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းဟာ ကြီးမားတဲ့ရောဂါတော့ မဟုတ်ပေမယ့် နေရထိုင်ရခက်စေပါတယ်။ တော်သေးတာက နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ ပြောင်းလဲပေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ များသောအားဖြင့် ဆေးဝါးများသုံးစရာမလိုဘဲ သဘာဝနည်းလမ်းများနဲ့ အဆင်ပြေအောင် ကုစားနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းအလုပ်လုပ်ပုံ၊ ဝမ်းသွားပုံဟာ တယောက်နဲ့တယောက်တော့ မတူပါဘူး။ ယေဘုယျအားဖြင့် အနည်းဆုံး တပတ်မှာ သုံးကြိမ်ကနေ အများဆုံး တရက်မှာ သုံးကြိမ်ထိ သွားခြင်းကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာလို့ သတ်မှတ်ထားပါတယ်။ ဝမ်းသွားခြင်းဟာ နေ့စဉ် စားသောက်မှုပုံစံ ဒါမှမဟုတ် နေထိုင်ကောင်းခြင်း/မကောင်းခြင်းပေါ်လည်း မူတည်ပါသေးတယ်။

ဝမ်းချုပ်တဲ့အခါ ဝမ်းနုတ်ဆေးများသုံးစွဲနိုင်ပေမယ့် သဘာဝကုထုံးများကျင့်သုံးခြင်းအားဖြင့်လည်း သင့်အူလမ်းကြောင်းကို လှုပ်ရှားမှု ပြန်လည်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်းများဘဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေကို လှုံ့ဆော်ပေးရာ ရောက်ပါတယ်။ အထူးသဖြင့် အစာဟောင်းတွေကို စွန့်ထုတ်ပေးမယ့် အူလမ်းကြောင်းအောက်ပိုင်းကို ဖြစ်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်စရာ မလိုပါဘူး။ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းပြေးခြင်းနဲ့ တခြားလေ့ကျင့်ခန်းများဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးတက်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဖြေလျှော့ခြင်း

ဝမ်းသွားချင်စိတ်ရှိပြီး မသွားနိုင်တဲ့အခါ ဖိစီးမှု ဖြစ်ပေါ်ပါတယ်။ ဒီအခါမှာ စိတ်ရောကိုယ်ပါဖြေလျှော့ပြီး အချိန်ကောင်းကောင်းပေးသင့်ပါတယ်။ ဝမ်းချုပ်နေချိန်မှာ မရမက ညှစ်ထုတ်ဖို့ ကြိုးစားနေခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒူးခေါင်းများကို မြှင့်ထားခြင်းဟာ ဝမ်းသွားရ ပိုလွယ်စေပါတယ်။ အိမ်သာထိုင်နေချိန်မှာ ဒူးခေါင်းများကို မြှင့်ထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ဆီးသီးခြောက်

ဆီးသီးခြောက်မှာ အမျှင်ဓာတ် ကြွယ်ဝပါတယ်။ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းထဲမှာ အစာတွေ ကောင်းစွာ ရွေ့လျားနိုင်အောင် အထောက်အကူပြုပါတယ်။ ဆီးသီးခြောက်ကို ပုံမှန်စားပေးရင် ဝမ်းမှန်စေပါတယ်။

ကီဝီသီး

ကီဝီသီးဟာလည်း အမျှင်ဓာတ်များစွာ ပါဝင်ပြီး အစာအိမ်အူလမ်းကြောင်းကို လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်နေချိန်မှာ ကီဝီသီးစားပေးခြင်းဟာ ဝမ်းမှန်ဖို့ အထောက်အကူပြုပါတယ်။

ကော်ဖီ

ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းစေတယ်ဆိုတာ သုတေသနအချို့အရ သိရှိရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ကော်ဖီပုံမှန်သောက်သူများဟာ ဝမ်းချုပ်ခြင်းကို သိပ်မကြုံရဘူးလို့ ဆိုပါတယ်။

နှမ်းကြတ်စေ့ဆီ

နှမ်းကြတ်စေ့မှ ထုတ်လုပ်ထားတဲ့အဆီဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ နေ့စဉ် နှမ်းကြတ်စေ့ဆီကို ၄ မီလီလီတာခန့် သုံးစွဲပေးသင့်တယ်လို့ အဆိုပါ သုတေသနမှာ ဖော်ပြထားပါတယ်။ နှမ်းကြတ်ဆီကို ဆေားတောင့်ပုံစံ အားဖြည့်ဓာတ်စာအနေနဲ့လည်း ရရှိနိုင်ပါတယ်။

ရေသောက်ခြင်း

ရေကို မှန်မှန်သောက်ပေးခြင်းဟ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အရွယ်ရောက်ပြီးသူများအနေနဲ့ တနေ့တာမှာ ရေကို ဖန်ခွက်နဲ့ ၆ ခွက်ကနေ ၈ ခွက်ထိ သောက်သုံးပေးသင့်ပါတယ်။ အမျှင်ဓာတ်များတဲ့ အသီးအရွက်များကို စားသုံးပြီး ရေကို ပုံမှန်သောက်ပေးမယ်ဆိုရင် အူလမ်းကြောင်း လှုပ်ရှားမှုကောင်းမွန်ပြီး ဝမ်းမှန်စေမှာ ဖြစ်ပါတယ်။

ဘယ်ချိန်မှာ ဆရာဝန်ပြမလဲ

အိမ်တွင်းကုထုံးများနဲ့ ဝမ်းချုပ်ခြင်း မသက်သာရင်၊ အောက်ပါအခြေအနေကြုံနေရင် ဆရာဝန်ပြသင့်ပါတယ်။

– တပတ်မှာ သုံးကြိမ်အောက်သာ ဝမ်းသွားခြင်း

– ဝမ်းကျစ်ခြင်း၊ မာကျောခြောက်သွေ့ခြင်း

– မစင်တုံး ပုံမှန်ထက်ကြီးပြီး စွန့်ထုတ်ရန်ခက်ခဲခြင်း

– ဝမ်းတွင်သွေးပါခြင်း

……………………….

ဝမ်းချုပ်ခြင်းဟာ ပုံမှန်အားဖြင့် စိုးရိမ်ရတဲ့အနေအထား မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါအခံတခုခုကြောင့်လည်း ဖြစ်နေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ အမျှင်ဓာတ်များများစားခြင်း၊ ရေသောက်ခြင်း၊ ဝမ်းမှန်စေတဲ့ အစားအစာများစားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly