ရွှေပဲသီး စိမ်းစိမ်းလေးတွေက ဘယ်လို အာဟာရတွေ ပေးနေသလဲ

ရွှေပဲသီး စိမ်းစိမ်းလေးတွေက ဘယ်လို အာဟာရတွေ ပေးနေသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon

အစိမ်းကြော်၊ ကုန်းဘောင်ကြီးကြော်၊ အသီးအရွက်ကြော် တို့လို ဆိုင်ချက်ဟင်းလျာတွေ ထဲမှာ အမြဲပါလေ့ရှိတဲ့ ရွှေပဲသီး ကို သိကြမှာပေါ့။ စားရတာ ကြွပ်ကြွပ်ချိုချိုလေးမို့ လူကြိုက်လည်း များတဲ့ ပဲသီးတစ်မျိုးပါပဲ။ လတ်လတ်ဆတ်ဆတ်လေး ကြော်စားလိုက်ရင် သူ့ရဲ့ သဘာဝအချိုကြောင့် သက်သတ်လွတ်လည်း အရသာရှိ၊ အသားတစ်မျိုးနဲ့ ရောကြော်လိုက်ရင်လည်း အာဟာရပြည့်တဲ့ ဟင်းတစ်ခွက် ဖြစ်သွားရောလေ။

ရွှေပဲသီး မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အပြင် အမျှင်ဓာတ် အပါအဝင် တခြားအကျိုးပြုအာဟာရဓာတ်တွေ အများကြီးပါဝင်နေတာပါ။ ကျန်းမာရေး အကျိုးကျေးဇူးတွေ ဘယ်လောက်ရှိသလဲ လေ့လာကြည့်ရအောင် –

ရွှေပဲသီး ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ရွှေပဲသီးရဲ့ အာဟာရဓာတ် ပါဝင်မှုတွေထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ သံဓာတ်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်စစ် တွေက ရတနာပါ။ သူ့မှာ အကျိုးပြုအဆီဓာတ် အနည်းငယ် ပါဝင်ပြီး ကယ်လိုရီပါဝင်မှု လည်း နည်းပါတယ်။

(၁) ကိုယ်အလေးချိန် လျှော့ချဖို့ ကူညီတယ်

ရွှေပဲသီး မှာ အမျှင်ဓာတ် ကြွယ်ဝပြီး အာဟာရဓာတ်တွေ အများကြီး ပါဝင်တာကြောင့် အစား ဆင်ခြင်ပြီး ဝိတ်လျှော့နေသူ တွေအတွက် ဗိုက်ပြည့်တင်းတိမ်စေဖို့ ကူညီပေးပါတယ်။ အဆီ နဲ့ ကယ်လိုရီ နည်းတဲ့ ဟင်းသီးဟင်းရွက် ဖြစ်တဲ့အပြင် အစာခြေစနစ် ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ် ကို မြှင့်တင်ပေးတဲ့ အမျှင်ဓာတ် ကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ပေးနိုင်တာ ဖြစ်ပါတယ်။

(၂) ဆီးချိုသွေးချို ထိန်းတယ်

အမျှင်ဓာတ် ပါဝင်မှု မြင့်မားတဲ့အတွက် သွေးတွင်းသကြားဓာတ် ပမာဏကို ပိုပြီး ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါ ရှိသူတွေဟာ သွေးတွင်းသကြားနဲ့ အင်ဆူလင် ပမာဏကို ထိန်းနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အစာမကြေမှာလည်း မစိုးရတဲ့အတွက် ဆီးချိုသွေးချိုသမားတွေရဲ့ နေ့စဉ်အာဟာရမှာ အသီးအရွက်အဖြစ် များများ စားလို့ရပါတယ်။

(၃) နှလုံးရောဂါ ကာကွယ်တယ်

ပိုတက်စီယမ်၊ ဗီတာမင် စီ ပမာဏ သိသိသာသာ များတာမို့ ရွှေပဲသီး က နှလုံးကျန်းမာရေး ကို ဘက်ပေါင်းစုံကနေ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပိုတက်စီယမ် က သွေးတိုး ကို ကျစေပြီး နှလုံးသွေးကြောစနစ် အပေါ် ဒဏ်ပိခြင်းတွေ မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် စီ က သွေးလွှတ်ကြော နဲ့ သွေးပြန်ကြောတွေ မှာ ပြန်လည်ကုစားမှုတွေ ဖြစ်ပေါ်စေဖို့ အားပေးတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

(၄) အစာခြေစနစ် ကို ကျန်းမာစေတယ်

ကိုယ့်ရဲ့ နေ့စဉ် စားသောက်မှုပုံစံမှာ အမျှင်ဓာတ် ထိုက်သင့်တဲ့ ပမာဏ ပါရှိတယ်ဆိုရင် အစာခြေစနစ်ရဲ့ လုပ်ငန်းစဉ်တွေကို ပိုကောင်းစေမှာ သေချာပါတယ်။ စားလိုက်တဲ့ အစာတွေ ကြေစေဖို့၊ စားလိုက်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်ဖို့၊ ဗိုက်ပြဿနာ ဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ဖို့ အမျှင်ဓာတ် က ကူညီပေးပါတယ်။

(၅) အရိုးပွခြင်း ကို ကာကွယ်ပေးတယ်

ရွှေပဲသီး ရဲ့ သတ္တုဓာတ်တွေထဲမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ် တို့လို အရိုးထုထည်အားဖြည့်ပေးဖို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တွေပါဝင်ပါတယ်။ ပဲသီး အရွယ်အစားကြောင့် တစ်တောင့်စီမှာ ပါဝင်မှုပမာဏ နည်းတယ် ဆိုပေမယ့် ထိုက်သင့်တဲ့ပမာဏ မကြာမကြာ စားပေးရင်း အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျောနည်းစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

(၆) ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် စီ ဟာ နေ့စဉ် အာဟာရမှာ ပါဝင်ဖို့ အရေးကြီးဆုံး ဓာတ်တွေထဲ ပါဝင်ပါတယ်။ သူက ကိုယ်ခံအားစနစ် အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို နှိုးဆွပေးလို့ပဲ ဖြစ်ပါတယ်။

(၇) မျက်စိ အားကောင်းစေတယ်

ဗီတာမင် အေ က မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အာဟာရဓာတ် ဖြစ်ပြီး မြင်လွှာ ကို ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မျက်စိမှုန်ခြင်းကို ဖြစ်နိုင်‌ခြေ နည်းစေပြီး အတွင်းတိမ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ အစိမ်းရောင် ရွှေပဲသီးလေးတွေမှာ ဒီအာဟာရဓာတ် ပါဝင်နေတာ ဘယ်လောက် ကောင်းလိုက်သလဲ။

ဒါ့ကြောင့် အသားနဲ့ အသီးအရွက် အာဟာရ မျှတအောင် စားတော့မယ် ဆိုရင် ရွှေပဲသီး ကို ပါအောင် စားပါလို့ အကြံပေးလိုက်ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly