အမေရိကန်မှာ ပြန်လည်ဖွင့်လှစ်လိုက်သည့် နှာခေါင်းစည်းတပ် တိုင်ပတ်အကမယ်တို့၏ ဝတ်လစ်စားလစ်ကလပ်

အမေရိကန်မှာ ပြန်လည်ဖွင့်လှစ်လိုက်သည့် နှာခေါင်းစည်းတပ် တိုင်ပတ်အကမယ်တို့၏ ဝတ်လစ်စားလစ်ကလပ်

မေ ၁၈

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ပိတ်ထားခဲ့ရသည့် ဝတ်လစ်စားလစ် ကလပ်များအနက် ယခုအခါ တချို့ကို ပြန်လည်စတင် ဖွင့်လှစ်နေပြီ ဖြစ်သည်။

ဝိုင်အိုးမင်းပြည်နယ်က The Den ကလပ်သည် ယင်းနိုင်ငံတွင် ကပ်ရောဂါကာလအတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်လိုက်သည့် ဝတ်လစ်စားလစ်ကလပ်များထဲက တစ်ခုဖြစ်သည်။ ပြန်လည် ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် မေလ ၁၅ ရက်ညပိုင်းက ဆင်နွှဲခဲ့သည့် ယင်းကလပ်၏ ပါတီပွဲတွင် အကမယ်တို့သည် ဝတ်လစ်စားလစ် ပုံစံ ဖြစ်နေသော်လည်း နှာခေါင်းစည်းများ တပ်ဆင်ပြီး ဆင်နွှဲခဲ့သည်။

ဝိုင်အိုးမင်း ပြည်နယ်သည် ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် နည်းပါးသော ပြည်နယ်တစ်ခု ဖြစ်သည့်အတွက် ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူများသည် ပြည်နယ်တွင်းရှိ စီးပွားရေးလုပ်ငန်း အများစုကို မေလ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ယင်းသို့ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုခြင်း ခံရသည့် လုပ်ငန်းများတွင် စားသောက်ဆိုင်များ၊ အရက်ဘားများ ပါဝင်ခဲ့သည့်အတွက် The Den လည်း ပြန်လည်ဖွင့်လှစ်ရန် လိုင်စင်ရခဲ့ခြင်း ဖြစ်သည်။

“ခုလို ကလပ် ပြန်ဖွင့်တဲ့အပေါ် ကျွန်မ အရမ်းကို စိတ်လှုပ်ရှားမိနေပါတယ်၊ ကျွန်မ နည်းနည်းတော့ ကြောက်နေမိပါတယ်၊ ဘာလို့လဲ ဆိုတော့ ဗိုင်းရပ်စ်က ပျောက်ကွယ်မသွားဘဲ ဆက်ရှိနေဆဲမို့ပါ၊ ဒါပေမယ့် ခုလို အလုပ်ကို ပြန်လာနိုင်တဲ့အတွက်လည်း အရမ်း ဝမ်းသာနေမိပါတယ်၊ ဘာလို့လဲ ဆိုတော့ လူတော်တော်များများက ခုထိ အလုပ်တွေကို ပြန်မလာနိုင်ကြသေးဘူးလေ” ဟု အသက် ၂၀ အရွယ် အကမယ် ဒေါရစ် ခရက်ချ်က ပြောသည်။ “ အစိုးရရဲ့ ပံ့ပိုးငွေ ရခဲ့တာလည်း ကောင်းပါတယ်၊ ဒါပေမယ့် ဒါကလည်း ကုန်တော့မယ်လေ၊ ပြီးတော့ အစိုးရအပေါ်မှာ မှီခိုနေရတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ကျွန်မ တကယ်မကြိုက်ပါဘူး” ဟု ၎င်းက ပြောသွားသည်။

အလားတူ အခြား အကမယ်တစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ကလီယိုကလည်း တွန့်ကြေနေသည့် ဒေါ်လာငွေစက္ကူများကို ရေတွက်ရင်း ငွေစက္ကူများကို ပြန့်သွားစေရန် ဆွဲဆန့်နေလျက် ရှိသည်။ “၂၂ ဒေါ်လာ၊ မဆိုးပါဘူးလေ” ဟု ကလီယိုက ပြောသည်။

သူမ၏ အနီးအနားတွင်လည်း ဝတ်လစ်စားလစ် အမျိုးသမီး တစ်ဒါဇင်ကျော်သည် စတိတ်စင်ပေါ်တွင် ကနေရင်း တိုင်တစ်တိုင်ကို လွှဲယမ်း ပတ်ကာ ဖျော်ဖြေတင်ဆက်နေသည်။ တေးဂီတက မြူးကြွစွာ ထွက်ပေါ်နေသလို ဖောက်သည်များကလည်း အကမယ်များကို ငွေစက္ကူများဖြင့် အားပေးနေသည်။

ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ပြန်လည် ဖွင့်လှစ်ခဲ့သည့်အတွက် အဆိုပါ ကလပ်တွင် ခြွင်းချက်တစ်ခု ရှိနေသည်။ ယင်းက အကမယ်များအားလုံး ဝတ်လစ်စားလစ် ဖြစ်နေသော်လည်း အားလုံး နှာခေါင်းစည်းများ စည်းထားကြသည်။

မည်သို့ပင် ဖြစ်စေ ယခုအချိန်သည် ဗိုင်းရပ်စ် ကူးစက်မှု ကာလဖြစ်နေပြီး ပြည်နယ်တွင် ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာကြရသည့်အတွက် အမျိုးသမီးများအနေဖြင့် နှာခေါင်းစည်းများကို စည်းထားရခြင်း ဖြစ်သည်။

ထို့ပြင် The Den ကလပ်အတွင်း နေရာတိုင်းတွင် လက်သန့်ဆေးရည်များ ထားရှိပေးထားသော်လည်း အကမယ်များသည် အားပေးသူ ဖောက်သည်များနှင့် ထိတွေ့နေရသလို ဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် ငွေစက္ကူများ ကိုင်တွယ်နေရလျက် ရှိသည်။

The Den ကလပ် ပိုင်ရှင် ဖြစ်သည့် ကင် ချာဗက်ဇ်က ပြောကြားရာတွင် သူမအနေဖြင့် ကလပ်ကို ပြန်လည် ဖွင့်လှစ်ခဲ့သော်ငြား အပြည့်အဝ စိတ်အေးလက်အေး မခံစားရသေးဟု ပြောသွားခဲ့သည်။ သို့သော် အခြေအနေအရ အခြား ရွေးချယ်စရာလည်း မရှိသည့်အတွက် ကလပ်ကို ပြန်ဖွင့်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly