ကိုက်လန်၏ အကျိုးကျေးဇူးများ

ကိုက်လန်၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr.Thant Zin

အစိမ်းရောင်ရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ဖွယ်ရာ ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ကိုက်လန်ဟာ ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် ဆေးဖက်ဝင်ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုက်လန်ဆီကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။

၁။ အာဟာရဓာတ်သိပ်သည်းခြင်း

ကိုက်လန်ကို ဂေါ်ဖီအုပ်စုဝင် အပင်ဖြစ်ပြီး အစိမ်းရောင်၊ ခရမ်းရောင် စသဖြင့် မျိုးကွဲတွေ ရှိပါတယ်။ တွေ့ရအများဆုံး အမျိုးအစားကတော့ အစိမ်းရောင်နဲ့ လှိုင်းတွန့်သဏ္ဌာန်အရွက်ရှိတဲ့ ကိုက်လန်မျိုး ဖြစ်ပါတယ်။ ကိုက်လန်တခွက်စာ (၆၇ ဂရမ် သို့မဟုတ် ၂.၄အောင်စ) မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကတော့

– ဗီတာမင် A။ တနေ့တာလိုအပ်ချက်၏ ၂၀၆%

– ဗီတာမင် K။ တနေ့တာလိုအပ်ချက်၏ ၁၃၄%

– ဗီတာမင် B6။ တနေ့တာလိုအပ်ချက်၏ ၉%

– မန်ဂနိစ်။ တနေ့တာလိုအပ်ချက်၏ ၂၆%

– ကယ်လ်ဆီယမ်။ တနေ့တာလိုအပ်ချက်၏ ၉%

– ကော့ပါးဓာတ်။ တနေ့တာလိုအပ်ချက်၏ ၁၀%

– ပိုတက်ဆီယမ်။ တနေ့တာလိုအပ်ချက်၏ ၉%

– မဂ္ဂနီဆီယမ်။ တနေ့တာလိုအပ်ချက်၏ ၆%

– ဗီတာမင် B1 ဗီတာမင် B2 ဗီတာမင် B3။ တနေ့တာလိုအပ်ချက်၏ ၃% စီ

– သံဓာတ်နှင့်ဖော့စ်ဖရပ်စ်။ တနေ့တာလိုအပ်ချက်၏ ၃% စတာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ၃၃ ကယ်လိုရီ၊ ကာဘိုဟိုက်ဒရိတ် ၆ ဂရမ်၊ ပရိုတိန်း ၃ ဂရမ် ပါဝင်ပါတယ်။ အဆီဓာတ်ပါဝင်မှုနည်းပါတယ်။ အဆီဓာတ်အများစုဟာ omega 3 ဖြစ်ပါတယ်။ အာဟာရဓာတ် သိပ်သည်းစွာ ပါဝင်တဲ့ စားစရာဖြစ်တာမို့ ယနေ့အခါမှာ ကိုက်လန်စားသုံးမှု မြင့်မားလာကြပါတယ်။

၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ခြင်း

အစိမ်းရောင်ရှိတဲ့ တခြားအသီးအရွက်တွေလိုပဲ ကိုက်လန်မှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီအပြင် flavonoids နဲ့ polyphenols စတဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓာတ်တိုးထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရှိဆဲလ်တွေကို ပျက်စိးစေပြီး ကင်ဆာအပါအဝင် တခြားရောဂါများစွာ ပျက်ဆီးစေပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းမှုကို ကျစေခြင်း၊ စိတ်ကျခြင်းကို သက်သာစေခြင်း၊ ကင်ဆာကာကွယ်ခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။

၃။ ဗီတာမင် စီ ကြွယ်ဝခြင်း

ဗီတာမင် စီဟာ ကိုယ်ခံစွမ်းအားမြှင့်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေဖြင့် ဆောင်ရွက်ပေးခြင်း၊ ကော်လဂျင်ဖွဲ့စည်းရာတွင် ပါဝင်ခြင်း စတဲ့အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ ကိုက်လန်မှာ ဗီတာမင်စီပါဝင်နှုန်းဟာ တခြားအသီးအရွက်တွေထက် ပိုမိုများပြားပါတယ်။

၄။ ကိုလက်စထရော ကျစေခြင်း

ကိုက်လန်ဟာ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သုတေသနတခုအရ ကိုက်လန်ဖျော်ရည်ကို ၁၂ပတ်ဆက်တိုက် နေ့စဉ်သောက်သွားရင် အကျိုးပြုတဲ့ HDL ကိုလက်စထရောကို ၂၇% မြင့်တက်စေပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ၁၀% ကျဆင်းစေပါတယ်။

၅။ ဗီတာမင် K ကြွယ်ဝခြင်း

ဗီတာမင် K ဟာ သွေးခဲစေတဲ့ဖြစ်စဉ်အတွက် မရှိမဖြစ် အရေးပါပါတယ်။ ကိုက်လန်ဟာ ဗီတာမင် K ကြွယ်ဝပြီး ကိုက်လန်အစိမ်းတခွက်မှာ တရက်စာ ဗီတာမင် K လိုအပ်တဲ့ ပမာဏရဲ့ ခုနစ်ဆထိ ပါဝင်ပါတယ်။

၆။ ကင်ဆာကာကွယ်သော ဓာတ်ပစ္စည်းများပါဝင်ခြင်း

သုတေသနတွေအရ ကိုက်လန်မှာ ကင်ဆာရောဂါကို ခုခံနိုင်တဲ့ အာနိသင်တွေရှိတယ်လို့ ဆိုပါတယ်။ ကိုက်လန်မှာ sulforaphane ဆိုတဲ့ ဓာတ်တမျိုးပါဝင်ပါတယ်။ ၎င်းဟာ ကင်ဆာဆဲလ်တွေ ကြီးထွားမလာအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် indole-3-carbinol ဆိုတဲ့ ဓာတ်ပစ္စည်းလည်းပါဝင်ပြီး ကင်ဆာကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

၇။ သတ္တုဓာတ်များစွာ ပါဝင်ခြင်း

လူအများစုမှာ နည်းပါးနေတတ်တဲ့ သတ္တုဓာတ်တွေဟာ ကိုက်လန်မှာ ကြွယ်ဝတာကို တွေ့ရပါတယ်။ အရိုးများနဲ့ ဆဲလ်များရဲ့လုပ်ငန်းတာဝန်အတွက် အရေးကြီးတဲ့ ကယ်လ်ဆီယမ် ပါဝင်ပါတယ်။ လူတွေရဲ့ခန္ဓာကိုယ်မှာ မလုံလောက်တတ်တဲ့ မဂ္ဂနီဆီယမ်လည်း များစွာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါအတွက် အကာအကွယ်ဖြစ်စေပါတယ်။

၈။ မျက်စိကို ကာကွယ်ပေးခြင်း

အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံဟာ ချို့ယွင်းလာတတ်ပါတယ်။ အာဟာရဓာတ်အချို့ဟာ ဒီပြဿနာကကို ထိန်းထားပေးနိုင်ပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ lutein နဲ့ zeaxanthin ဟာ မျက်စိရဲ့ကြွက်သားတွေ ပျက်စီးခြင်း၊ တိမ်စွဲခြင်း စတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

၉။ ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူပြုခြင်း

ကိုက်လန်မှာ ကယ်လိုရီနည်းပြီး ရေဓာတ်များပါတယ်။ တနည်းပြောရရင် စွမ်းအင်သိပ်သည်းဆနည်းပါတယ်။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အထောက်အကူပြုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly