ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

ရှားစောင်းလက်ပပ်အပင်ကို ဟိုးအရင်နှစ်ပေါင်းထောင်ကျော်ကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရတာလည်း အလုပ်မရှုပ်သလို နေရာလည်းသိပ်မယူတဲ့ ရှားစောင်းလက်ပတ်ပင်တွေကို လူအတော်များများကတော့ အရေပြားအလှအပအတွက်ပဲ အသုံးပြုနေကြတာကို တွေ့ရတာမို့ တခြားအသုံးပြုနိုင်တဲ့ နေရာတွေကိုလည်း ပြောပြပေးချင်ပါတယ်။

၁။ ရှားစောင်းလက်ပပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပိုးမွှားတွေသေစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်

ရှားစောင်းလက်ပပ်ထဲမှာ ပါတဲ့ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာရောဂါအချို့နဲ့ နှလုံးရောဂါကို အတိုင်းအတာတစ်ခုထိ တားဆီးပေးနိုင်ပြီး ကိုယ်တွင်းရောင်ရမ်းမှုကိုအနည်းငယ်သက်သာ အောင်လုပ်ပေးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ ပိုးမွှားတချို့ မပွားလာအောင်လည်း ရှားစောင်းလက်ပတ်က တားဆီးပေးနိုင်ပါသေးတယ်။

၂။ သွေးတွင်း သကြားဓာတ် ကျစေတယ်

တစ်ရက်ကို ရှားစောင်းလက်ပပ်အရည် စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက် သောက်ပေးရင် အမျိုးအစား (၂) ဆီးချိုဖြစ်နေသူတွေမှာ သွေးတွင်းအချိုဓာတ်ကျသွားအောင် လုပ်ပေးနိုင်စွမ်းရှိတာကို လေ့လာတွေ့ရှိထား ပါတယ်။ ဒါ့ကြောင့် အနာဂတ်ဆီးချိုရောဂါကုသဖို့ ဆေးတွေထုတ်လုပ်ရာမှာ ရှားစောင်းလက်ပပ်က အရေးပါတဲ့နေရာက ပါဝင်လာမယ်လို့ ယူဆကြပါတယ်။ တစ်ခုရှိတာက ရောဂါမရှိတဲ့သူတွေစားသုံးမိရင်တော့ သွေးတွင်းအချိုဓာတ်အရမ်းကျဆင်းသွားပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကို သတိပြုရပါမယ်။

၃။ အရေပြားအတွက်လည်း သုံးနိုင်တယ်

ဒါကတော့ လူအတော်များများ သိပြီးသားအချက်ဖြစ်မှာပါ၊ အခုခေတ်ထုတ်လုပ်တဲ့ အလှကုန်တွေမှာလည်း ရှားစောင်းလက်ပပ်ကို ထည့်သွင်းထုတ်လုပ်လာကြတာ တွေ့ရပါတယ်။ ရှားစောင်းလက်ပပ်အပင်မှာ ရေဓာတ်အများကြီးသိုလှောင်ထားသလို အစိုဓာတ်ကိုထိန်းပေးနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ရှားစောင်းလက်ပတ်ပင်ကို သဘာ၀ အစိုဓါတ်ထိန်းပစ္စည်းလို့ဆိုရင် လွန်မယ်မထင်ပါဘူး။ နောက်ပြီး ရှားစောင်းလက်ပပ်ကို အရေပြားပေါ် မှန်မှန်လိမ်းပေးရင် collagen (ကော်လာဂျင်) ပိုထွက်ရှိအောင် အားပေးတာကြောင့် အရေပြားပေါ်က အရေးအကြောင်းတွေကို လျော့နည်းသွားစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုအတည်ပြုဖို့ ကျယ်ကျယ်ပြန်ပြန့် သုတေသနပြုလုပ်မှုတွေ လိုအပ်ပါသေးတယ်။

၄။ မီးလောင်ဒဏ်ရာတွေကိုသက်သာစေတယ်

ဒါလည်း ရိုးရာဆေးကုသနည်းတစ်မျိုးပါ။ ရှားစောင်းလက်ပတ်ကို မစားသုံးဘဲ အရေပြားပေါ်ပွတ်လိုက်ခြင်းက အသားအရေလှပစေတဲ့အပြင် နေလောင်ဒဏ်၊ မီးလောင်ဒဏ်ရာ၊ နဲ့အရေပြား အနာတချို့ကိုပါ သက်သာ စေတာကြောင့် ဟိုးအရင်ကတည်းက အာရှတိုက်နိုင်ငံတချို့နဲ့ အီဂျစ်နိုင်ငံမှာ ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့တဲ့ သက်သေတွေရှိပါတယ်။

၅။ သွားပြဿနာတွေကိုလည်း သက်သာစေတယ်

အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွားပိုးစားခြင်းနဲ့ သွားဖုံးပြဿနာတချို့ကို ရှားစောင်းလက်ပတ်က လျှော့ချပေးနိုင်ပါတယ်။ သွားအပေါ်လွှာမှာဖြစ်လာတဲ့ bacterial biofilm တွေကနေ သွားနဲ့သွားဖုံးပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ရှားစောင်းလက်ပတ်အရည်နဲ့ မှန်မှန်ပလုတ်ကျင်းပေးရင် bacterial biofilm တွေဖြစ်ပေါ်စေတဲ့ Streptococcus mutans နဲ့ Candida albicans ပိုးတွေကိုသေစေတာကြောင့် သွားကျန်းမာ ရေးအတွက် အကျိုးရှိစေမှာပါ။

ဒါတွေက ရှားစောင်းလက်ပပ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတချို့ဖြစ်ပါတယ်။ သုတေသနတွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်နေသေးပေမဲ့ ရှားစောင်းလက်ပပ်မှာ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေလည်းရှိသေးတာကိုတွေ့ရှိရပါတယ်။ အရေပြားနဲ့အလှအပဆိုင်ရာ အတွက်ရှားစောင်းလက်ပပ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီး နောက်မကြာခင်အချိန်မှာလည်း တခြားရောဂါတွေအတွက် ရှားစောင်းလက်ပပ်ကထုတ်တဲ့ ဆေးဝါးတွေထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly