COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ(၂)

COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ(၂)

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

၁)   အရက်သောက်ခြင်းဟာ COVID-19 ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ အမှန်ပဲလား။

မဟုတ်ပါဘူး။

အရက်သောက်ခြင်းဟာ COVID-19 ရောဂါကို ကာကွယ်နိုင်ဖို့နေနေသာသာ အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။ အကြိမ်အရေအတွက်များများ၊ ပမာဏများများ အရက်သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာတွေတောင်ဖြစ်လာမှာပါ။

(၂)   ဆိုလာမီးချောင်းတွေက အလင်းတန်းတွေကို ခံယူရင်ရော လက်က ဗိုင်းရပ်စ်ပိုးကို သေစေနိုင်သလား

ဆိုလာမီးချောင်းတွေက အလင်းတန်းတွေကို ဗိုင်းရပ်စ်သတ်ရာမှ အသုံးပြုလို့မရပါဘူး။ အလင်းတန်းတွေ အရေပြားကို တိုက်ရိုက်ထိတွေ့ခြင်းဟာ အရေပြားထိခိုက်ယားယံမှုကိုတောင် ဖြစ်ပွားစေနိုင်ပါတယ်။

(၃)   ဆယ်စက္ကန့်အကြာ အသက်မရှူဘဲ အောင့်ထားနိုင်သူတစ်ယောက်ကို COVID-19 ရောဂါမကူးစက်ထားသူလို့ ကောက်ချက်ချနိုင်လား။

ဆယ်စက္ကန့်ကြာ အသက်အောင့်ထားနိုင်ခြင်းသူဟာ COVID-19 ရောဂါကင်းစင်သူလို့ မသတ်မှတ် နိုင်ပါဘူး။ COVID-19 မှ မဟုတ်ပါဘူး၊ အခြားသောအဆုတ်ရောင်ရောဂါတွေ ရှိမရှိကိုလဲ ဒီလိုပုံစံမျိုးနဲ့ စစ်ဆေးလို့မရပါဘူး။

COVID-19 ရောဂါခံစားရသူဟာ ချောင်းခြောက်ဆိုးခြင်း၊ မောပန်းနွမ်းနွယ်ခြင်းနဲ့ ဖျားနာခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။ ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေမှာဆိုရင်တော့ နမိုးနီးယားလိုမျိုး အဆုတ်ရောင်ခြင်းကိုခံစား ရမှာပါ။ ဒါကြောင့် COVID-19 ရောဂါရှိမရှိ၊ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိကိုတော့ ဓာတ်ခွဲစစ်ဆေးတဲ့အဖြေနဲ့သာ စမ်းစစ်နိုင်မှာပါ။ အထက်မှာ ပြောခဲ့သလို အသက်ရှူလေ့ကျင့်ခန်းမျိုးနဲ့ စစ်ဆေးခြင်းဟာ အင်မတန်အန္တရာယ် များပါတယ်။

(၄)   အေးချမ်းတဲ့ ရာသီဥတုနဲ့နှင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို သတ်ပေးနိုင်သလား။

အလွန်အေးတဲ့ ရာသီဥတုဟာ ကိုရိုနာဗိုင်းရပ်စ်ကိုတင်မကပါဘူး အခြားသော ရောဂါပိုးမွှားတွေကို လည်းမသတ်ပစ်နိုင်ပါဘူ။ ပုံမှန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် အပူချိန်ဟာ ၃၆.၅ ဒီဂရီ ဆယ်စီးယက်စ် နဲ့ ၃၇ ဒီဂရီဆယ်လ်စီးယပ်စ် လောက်မှာပါ။ ပြင်ပရာသီဥတု အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ ခန္ဓာကိုယ်ဟာ ဒီအပူချိန်ကို အမြဲထိန်းသိမ်းထားပါတယ်။ ဒါကြောင့်ဘယ်လို အေးအေး၊ ဘယ်လောက်ပူပူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို မတားနိုင်ပါဘူးနော်။ အအေးပိုင်းနိုင်ငံတွေ၊ (ဥပမာ အမေရိကန်နိုင်ငံ) မှာလည်း ကူးစက်မှုနှုန်းဟာ ကြောက်မက်ဖွယ်ရာပါပဲ။

(၅) အရက်ပြန်နဲ့ကလိုရင်းကိုခန္ဓာကိုယ်ပေါ်ဖြန်းထားမယ်ဆိုရင် COVID-19 မကူးစက်နိုင်တော့ဘူးလား။

မဟုတ်ပါဘူး။ အရက်ပြန်၊ ကလိုရင်းကို ဖြန်းလိုက်ရုံနဲ့ ခန္ဓာကိုယ်ထဲရောက်ပြီးသား ဗိုင်းရပ်စ်ကို မသတ်ပစ်နိုင်သလို၊ မကူးစက်သေးဘူးဆိုရင်လည်း ခန္ဓာကိုယ်ကို ကူးစက်ခြင်းမဖြစ်အောင် မကာကွယ်ပေးနိုင်ပါဘူ။ အရက်ပြန်၊ ကလိုရင်းတွေဟာ ပြင်းအားမြင့်တာကြောင့် အဝတ်အစားတွေအပါအဝင် မျက်လုံး၊ ပါးစပ်နဲ့ အရေပြားကိုပါ စပ်ဖျဉ်းလောင်ကျွမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ အရက်ပြန်၊ ကလိုရင်း တွေ အသုံးဝင်တဲ့နေရာတွေတော့ ရှိပါတယ်။ ဥပမာ စားပွဲမျက်နှာပြင်တွေ၊ တံခါးလက်ကိုင်တွေနဲ့ ဖုန်းမျက်နှာပြင်လိုနေရာမျိုးတွေကိုတော့ သုတ်လိမ်းတဲ့အခါ ဗိုင်းရပ်စ်ကို သေစေနိုင်ပါတယ်။ လူ့ခန္ဓာကိုယ် မှာတော့ အသုံးမပြုရပါဘူး။ တိကျတဲ့ လမ်းညွှန်ချက်တွေ ဖတ်ရှုပြီးသုံးဖို့လည်း လိုအပ်ပါသေးတယ်။

(၆)   နမိုးနီးယားအဆုတ်ရောင်ရောဂါကာကွယ်ဆေးဟာ ယခု COVID-19 ကိုရော ကာကွယ်နိုင်မလား။

မကာကွယ်ပေးနိုင်ပါဘူး။ နမိုးနီးယားကာကွယ်ဆေး (Pneumococcal vaccine and (Hib) vaccine) တွေဟာ ယခု ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 ကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်ပုံစံ အသစ်ဖြစ်ပြီ မူလဗိုင်းရပ်စ်တွေနဲ့ မတူကွဲပြားတာကြောင့် ယင်းရောဂါ အတိုင်း ကိုယ်ပိုင်ကာကွယ်ဆေးလိုအပ်ပါတယ်။ သုတေသနပညာရှင်တွေဟာ နည်းလမ်းမျိုးစုံ အသုံးပြုပြီး ကပ်ရောဂါဆိုးကြီးကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးကို ရှာဖွေနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ WHO ကလည်း တတ်နိုင်သလောက်ပံ့ပိုးပေးနေပါတယ်။

နမိုးနီးယားကာကွယ်ဆေးဟာ 2019 COVID-19 ရောဂါကိုတော့ မကာကွယ်နိုင်ပေမဲ့ အခြား အသက်ရှူလမ်းကြောင်းရောဂါ အချို့ကို‌ ကာကွယ်ပေးနိုင်တာကြောင့် ထိုးထားဖို့တော့ လိုအပ်ပါတယ်။ သင့်ကလေးကို နိုင်ငံတော်ကပြုလုပ်တဲ့ ကာကွယ်ဆေးရက်သတ္တပတ်တွေမှာ သွားရောက်ပြီးမပျက်မကွက် ထိုးနှံပေးဖို့တော့လိုပါတယ်။

(၇)   ကြက်သွန်ဖြူစားခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ပေးနိုင်သလား။

ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် အလွန်အကျိူးပြုတဲ့ အစားအစာတစ်ခုပါ။ သို့ပေမဲ့လည်း ယခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြီးကို ကာကွယ်ပေးနိုင်ပါတယ်လို့တော့ သက်သေ အထောက်အထားမရှိသေးပါဘူး။

(၈)   သင့်နှာခေါင်းကို (Normal saline) ဓာတ်ဆားရည်၊ ဆိုဒီယမ်ပျော်ရည်နဲ့ ပုံမှန်ဆေးကြောနေခြင်း ဟာ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ပေးနိုင်လား။

ဒီလိုလုပ်ခြင်းဟာ ရာသီတုပ်ကွေးအအေးမိခြင်းကို ကုသရာမှာတော့ အကျိုးရှိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ကူးစက်ရောဂါတွေကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။

(၉)   ပူပြင်းပြီး စိုထိုင်းဆမြင့်တဲ့နိုင်ငံတွေမှာ ကူးစက်နှုန်းနည်းတယ်ဆိုတာ မှန်သလား။

ရာသီဥတုနဲ့ မဆိုင်ပါဘူး။ ဘယ်လိုနိုင်ငံ၊ ဘယ်လိုနေရာမှာမဆို ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်မှုဟာ တူတူပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်မှုနည်းစနစ်၊ ခရီးသွားလာမှု ကန့်သတ်ချုပ်ထိန်းနိုင်ခြင်းပေါ်မူတည် ပြီး ကူးစက်သူများခြင်း၊ နည်းခြင်းဟာကွာခြားသွားတာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly