COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ (၁)

COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ (၁)

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

(၁)   ရေနွေးနဲ့ရေချိုးခြင်းဟာ ကိုရိုနာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သလား။

ရေနွေးနဲ့ ရေချိုးတာဟာ COVID-19 ရောဂါဖြစ်ပွားမှုကို မကာကွယ်ပေးနိုင်ပါဘူး။ သင်ရေနွေးနဲ့ ရေချိုးသည်ဖြစ်စေ၊ ရေအေးနဲ့ ရေချိုးသည်ဖြစ်စေ သင့်ခန္ဓာကိုယ်တွင်းက အပူချိန်ဟာ ၃၆.၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကနေ ၃၇ ဒီဂရီဆဲလ်စီးယပ်စ်မှာပဲ ရှိနေမှာပါ။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့အနေနဲ့ အရမ်းပူတဲ့ ရေနွေးမှာ ရေစိမ်ပြီးချိုးလိုက်မယ်ဆိုရင်တော့ အခန့်မသင့်ရင် သင့်အသားအရေကိုတောင် လောင်သွားနိုင်ပါသေးတယ်။

COVID-19 ရောဂါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လက်ကို မကြာခဏဆေးပါ။ လက်ဆေးခြင်းအားဖြင့် သင့်လက်မှာ ကပ်တွယ်နေတဲ့ ဗိုင်းရပ်စ်ကို အလိုလိုသတ်ပြီးသား ဖြစ်သွားနိုင်သလို သတိမထားမိဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်နဲ့ ထိတွေ့တဲ့အခါမှာ ရောဂါမကူးနိုင်အောင် ကာကွယ်ပြီးသားလည်း ဖြစ်လာမှာပါ။

(၂)    ကိုရိုနာဗိုင်းရပ်စ်က ခြင်ကိုက်ရင် ကူးစက်နိုင်သလား။

ကိုရိုနာဗိုင်းရပ်စ်ဟာ ခြင်ကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ အချက်အလက်မျိုး လုံးဝမရှိသေးပါဘူး။ ကပ်ရောဂါအသွင်ဆောင်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်ပါ။ ဒါကြောင့် ရောဂါရှိသူကတစ်ဆင့် နှာချေ၊ ချောင်းဆိုးလိုက်တဲ့ တံတွေး၊ နှပ်တွေဟာ တစ်ခြားသူ တစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်တော့မှသာ ကူးစက်နိုင်မှာပါ။

သင့်ကိုယ်သင်ကာကွယ်ဖို့ဆိုရင်တော့ လက်သန့်စင်ဆေးရည် (Handgel) နဲ့ လက်ကို မကြာခဏ ဆေးကြောပါ။ ရေနဲ့ဆပ်ပြာကိုအသုံးပြုပြီး စင်ကြယ်အောင်ဆေးကြောခြင်းကတော့ အကောင်းဆုံးနည်းလမ်းပါ။ နှာချေ၊ ချောင်းဆိုးနေသူတွေနဲ့ အတတ်နိုင်ဆုံး ဝေးဝေးနေပါ။

(၃)   ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ပြန်လည်ကောင်းမွန်နိုင်သလား။

COVID-19 ရောဂါ ခံစားနေရသူတွေရဲ့ အများစုဟာ ပြန်လည်သက်သာ ကောင်းမွန်လာနိုင်ချေ များပါတယ်။ ဗိုင်းရပ်စ်ကိုလည်း ခန္ဓာကိုယ်ကနေအပြီးအပိုင်ဖယ်ရှားသွားနိုင်ပါတယ်။ COVID-19 ရောဂါ ခံစားရပြီဆိုတာနဲ့ တစ်သက်လုံး ဒီရောဂါကြီးရှိသွားမယ်လို့မဆိုလိုပါဘူး။ ဒီတော့ ဖျားနာခြင်း၊ ချောင်းဆိုး ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတွေကိုခံစားရပြီဆိုတာနဲ့ အမြန်ဆုံးဆေးကုသမှုခံယူပါ။‌ ဆေးရုံဆေးန်း သွားမပြခင်မှာ ဖုန်းနဲ့ အရင်ကြိုတင်မေးမြန်းတာမျိုး ပြုလုပ်နိုင်ရင်တော့အကောင်း ဆုံးပါ။မလိုအပ်ဘဲ ဆေးခန်းသွားခဲ့မိရင် ဆေးရုံက ရောဂါပိုးမွှားတွေက သင့်ဆီပြန်ကူးမှာလည်း

ကြောက်ရပါသေးတယ်။ ဒါကြောင့် သင့်အနေနဲ့ သံသယရှိနေပြီဆိုလျှင် ဆေးရုံဆေးခန်းတွေကို ဆက်သွယ်နိုင်မယ့် Hot Line ဖုန်းနံပါတ်ကို အရင်မေးမြန်းပြီး လိုအပ်တယ်လို့ ဆရာဝန်ညွှန်ကြားမှသာ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။ ဗိုင်းရပ်စ်ကူးစက်သူ အတော်များများဟာ ကျန်းမာရေး‌ စောင့်ရှောက်မှုတွေကြောင့် ရောဂါကနေ ရုန်းထွက်လာနိုင်ကြပါတယ်။

(၄)   COVID-19 ရောဂါဟာ ရာသီဥတုပူရင်၊ နေအပူချိန်ပြင်းလွန်းရင် ရောဂါကူးစက်နိုင်လား။

နေဘယ်လောက်ပူပူ COVID-19 ရောဂါဟာကူးစက်နိုင်ပါတယ်။ အပူချိန် ၂၅ ဒီဂရီဆဲလ်စီးယပ်စ် အထက်ရှိတဲ့ ပတ်ဝန်းကျင်ဟာလည်း COVID-19 ကိုမတားဆီးနိုင်ပါဘူး။ အကြောင်းပြချက် ကတော့ ရာသီဥတုပူပြင်းတဲ့နိုင်ငံတွေ (ဥပမာ- မြန်မာနိုင်ငံ) မှာလည်း COVID-19 ရောဂါဖြစ်ပွားသူတွေကို အတည်ပြုတွေ့ရှိနေရလို့ပါ။ ဒါကြောင့် လက်ကိုသာ စနစ်တကျဆေးကြောပါ။

(၅)   ကိုရိုနာဗိုင်းရပ်စ်ဟာ ငယ်ရွယ်သူနဲ့ အသက်အရွယ်ကြီးသူ ဘယ်သူတွေမှာ ပိုကူးစက်သလဲ။

အသက်အရွယ်အပိုင်းအခြားမရွေး ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေနဲ့ အရင်ရောဂါအခံ (ဥပမာ ဆီးချို၊ သွေးတိုး၊ ရင်ကျပ်ပန်းနာနဲ့ နှလုံးရောဂါ) စတဲ့ ရောဂါတွေခံစားနေရသူ တွေအတွက်တော့ ဗိုင်းရပ်စ်ကူးစက်ခံရတာဟာ ပိုမိုပြင်းထန်တဲ့ အခြေအနေကို ကူးပြောင်းသွားနိုင်ပါ တယ်။ ဒီလိုလူတွေဟာ ပိုအထိနာပါတယ်။ ဒီတော့ အရွယ်သုံးပါးစလုံး ဗိုင်းရပ်စ်မကူးစက်အောင် စနစ်တကျနေထိုင်သင့်တာပါပဲ။

(၆)   ပိုးသတ်ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ပေးထားနိုင်သလား။

ပဋိဇီဝပိုးသတ်ဆေးတွေဟာ ဘတ်တီးရီးယားတွေကိုပဲ ချေမှုန်းနိုင်တာပါ။ ၂၀၁၉ COVID-19 ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာပါ။ ဒါကြောင့် ပိုးသတ်ဆေးကြိုသောက်ခြင်းနဲ့ ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ COVID-19 ရောဂါခံစားနေရသူတွေဟာ အခြားအခြားသော ဘတ်တီးရီးယားကူးစက်မှုတွေကို ထပ်မံခံစားလာရနိုင်တာမို့ ရောဂါရှိသူတစ်ယောက်အတွက်တော့ ပိုးသတ်ဆေးသောက်ရတယ် ဆိုတာဖြစ်နိုင်ပါတယ်။

(၇)   ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကုသဖို့ ဆေးဝါးတွေရှိနေပြီလား။

ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝဟာ ကင်းစင်ပပျောက်အောင်ကုသဖို့ ဆေးဝါးရယ်လို့မရှိပါဘူး။ ကူးစက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကိုသာ လိုက်လံထိန်းချုပ်ကုသရတာမျိုးပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကသာ ဗိုင်းရပ်စ်ကို အမြစ်ပြတ်အောင် ဖယ်ရှားတိုက်ထုတ်နိုင်တာပါ။ ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက်လည်း ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးရယ်လို့ မရှိလာသေးပါဘူး။

(၈)   အပူချိန်တိုင်းကိရိယာ (Infrared-Thermometer, thermal scanner) တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူကို ရှာဖွေရာမှာ ဘယ်လောက်အတိုင်းအတာထိ အသုံးဝင်သလဲ။

ဖျားနာနေသူ (ပုံမှန်ခန္ဓာကိုယ်အပူချိန်ထက် မြင့်တက်နေသူ) ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ထားရသူဖြစ်နိုင်ပါတယ်။ ဒီလိုကူးစက်ခံရသူတွေကို အပူချိန်တိုင်းကိရိယာနဲ့ ရှာဖွေစမ်းသပ်ဖော်ထုတ် နိုင်ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်ကူးစက်ခံရသူဟာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေ ခံစားရဖို့ အချိန် (၂) ရက် ကနေ (၁၀) ရက်အထိကြာနိုင်ပါတယ်။ ကူးစက်ပြီးလျှင် ကူးစက်ပြီးချင်း ချက်ချင်းဆိုသလို ရောဂါလက္ခဏာမပြပါဘူး။ ဒါကြောင့် အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးခြင်းဟာ ကူးစက်ခံသူအကုန်လုံးကိုတော့ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။

(၉)   သန့်စင်ခန်းတွေထဲက လက်အခြောက်ခံစက်တွေကရော ကိုရိုနာဗိုင်းရပ်စ်ကို သတ်ပစ်နိုင်သလား။

အကျိူးသက်ရောက်မှုမရှိပါဘူး။ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး လက်ဆေးခြင်းနဲ့ Hand-Gel သုံးပြီး စနစ်တကျနှံ့နှံ့စပ်စပ် ဆေးကြောခြင်းကသာ ဗိုင်းရပ်စ်ကို သတ်ပစ်နိုင်တာပါ။ လက်ဆေးပြီးရင်တော့ လက်အခြောက်ခံစက်ကို အသုံးပြုနိုင်ပါတယ်။ လက်အခြောက်ခံစက်တစ်မျိုးထဲကတော့ ဗိုင်းရပ်စ်ပိုးကို သတ်ပေးနိုင်မှာမဟုတ်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly