လှိုင်သာယာ ၁၈ရပ်ကွက်ရှိ ပျံကျဈေးသည်များကို ရွှေရင်ဈေးသို့ ရွှေ့ပြောင်းပေး

လှိုင်သာယာ ၁၈ရပ်ကွက်ရှိ ပျံကျဈေးသည်များကို ရွှေရင်ဈေးသို့ ရွှေ့ပြောင်းပေး

မတ်လ ၃

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊အမှတ်(၁၈)ရပ်ကွက်အတွင်းရှိ ပျံကျဈေးသည်များကို ရွှေရင်အေးဈေးသို့ မေလ ၃ရက် နံနက်ပိုင်းက စတင်ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း လှိုင်သာယာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ထိုသို့ပြောင်းရွှေ့မှုတွင် ပျံကျဈေးသည် ၆၀၀ ခန့်ကို စနစ်တကျပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

လက်ရှိတွင်လည်း (၁၈)ရပ်ကွက်၊ဈေး (ခ)၊ရွှေရင်အေးဈေးသို့ ပျံကျဈေးသည်များအား သုံးပေခွာ ရောင်းချနိုင်ရန် လုပ်ဆောင်ပေးထား ကြောင်း လှိုင်သာယာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

“ လမ်းပေါ်မှာ ရောင်းချတဲ့ပျံကျဈေးတွေကို စနစ်တကျလုပ်ပေးချင်ပါတယ်။မြေနေရာအခက်ခဲရှိနေပါတယ်။ နေရာပေါ်မူတည်ပြီး ဒီလုပ်ငန်းကိုအောင်မြင်အောင် ဆောင်ရွက်ရတာရှိပါတယ်။ ၁၈ ရပ်ကွက်ပျံကျဈေးရောင်းချတဲ့လူကို ဈေးထဲ ထည့်ပေးပြီးပြီ''ဟု ဦးမြတ်မင်သူက ပြောကြားသည်။

COVID-19 ကာလအတွင်း ထိုသို့ပျံကျဈေးနေရာများမရှိသည့်အတွက် မူလနေရာများတွင်သာ ရောင်းချမှုများရှိနေခြင်းကြောင့် ရောင်းချသူများနှင့်ဝယ်ယူသူတို့ကြား ရောဂါကူးစက်မှုဖြစ်ပေါ်ခြင်းမရှိစေရန် ယခုကဲ့သို့ ပြောင်းရွှေ့ပေးခြင်းဖြစ်ကြောင်း ရွှေရင်အေး ဈေးတာဝန်ခံ ဦးကျော်လှိုင်ဝင်းက ပြောသည်။

“လမ်းမပေါ်မှာရောင်းချနေတဲ့ပျံကျဈေးသည်တွေပါ။ဟိုးတုန်းထဲကရောင်းချနေတာ။အခုကရောဂါတွေလည်းဖြစ်မှာဆိုးလို့ တိုင်းဒေသကြီးလွှတ်တော်အစိုးရနဲ့ ပူးပေါင်းညှိနှိုင်းပြီး လူတွေအန္တရယ်ကင်းအောင်ဈေးအတွင်းထဲမှာနေရာအကွက်လေးတွေရိုက်ပြီး နေရာချထားပေးတာပါ “ ဟု ရွှေရင်အေး ဈေးတာဝန်ခံ ဦးကျော်လှိုင်ဝင်းက ပြောသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်၊(၁၅)ရပ်ကွက်ရှိ ပျံကျဈေးသည်များအား နေရာပြောင်းရွှေ့မှုများပြုလုပ်ပေးချင်သော်လည်း လက်ရှိတွင် မြေနေရာအခက်အခဲများကြောင့် ပြောင်းရွှေ့ပေးရန်ခက်ခဲနေသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

''(၁၅ )ရပ်ကွက်ဈေးကလည်း လှိုင်သာယာမှာနာမည်ကြီးပါတယ်။ ဒီဈေးကိုလည်း လုပ်ပေးချင်ပါတယ်။ မြေနေရာအခက်ခဲ ရှိနေတယ်။ မြေနေရာရရင်ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်” ဟု လှိုင်သာယာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

သို့သော် မီးခွက်ဈေးပတ်ဝန်းကျင်ရှိ လမ်းမများပေါ်တွင် ရောင်းချလျှက်ရှိသည့် ပျံကျဈေးသည်များကို ဗိုလ်အောင်ကျော်အိမ်ယာရှိဈေးတွင် စနစ်တကျပြောင်းရွှေ့နေရာထားနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းလည်း ဦးမြတ်မင်းသူက ဆိုသည်။

“မီးခွက်ဈေးပတ်ဝန်းကျင်နဲ့ လမ်းမပေါ်မှာ ရာင်းချနေတဲ့ပျံကျဈေးသည်တွေကို ဗိုလ်အောင်ကျော်အိမ်ယာမှာရှိတဲ့ ဈေးကို စနစ်တကျနေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အခြားရပ်ကွက်မှာရောင်းချတဲ့ ပျံကျဈေးသည်တွေအများကြီးရှိနေပါသေးတယ်။ ဒီဟာတွေကို အောင်မြင်အောင်လုပ်ဖို့နဲ့ လုပ်ငန်းကြီးအောင်မြင်အောင်လုပ်ဖို့အတွက် သူတို့ကိုပြန်လည်နေရာချထားပေးဖို့ နေရာရှိဖို့လိုပါတယ် “ ဟု ဦးမြတ်မင်းသူက ပြောကြားခဲ့သည်။

လူဦးရေ ၁၀ သိန်းကျော်နေထိုင်သည် လှိုင်သာယာမြို့နယ်တွင် ရွှေ့ပြောင်းလုပ်သားများ နှင့် အခြေခံလူတန်းစား အများဆုံးနေထိုင်နေကြပြီး ရပ်ကွက်တစ်ခုတွင် လူဦးရေ နှစ်သာင်း မှ ခုနှစ်သောင်းအထိ ရှိနေကြောင်းနှင့် ရပ်ကွက် လေးခုမှသာ ဈေးတစ်ခုရှိနေခြင်းကြောင့် ပျံကျဈေးရောင်းချမှုများပြားနေခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly