ဒီဇင်ဘာ ၁ရက်တွင် မြန်မာနိုင်ငံလာမည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ၂၀၁၆တွင် နေတိုးနှင့် ရုပ်ရှင်ဇာတ်ကားကြီးရိုက်မည်

ဒီဇင်ဘာ ၁ရက်တွင် မြန်မာနိုင်ငံလာမည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ၂၀၁၆တွင် နေတိုးနှင့် ရုပ်ရှင်ဇာတ်ကားကြီးရိုက်မည်

ရန်ကုန်၊ အောက်တိုဘာ ၄ ။ ။ မြန်မာပြည်က ပရိသတ်များ အကြား ရေးပန်း စားခဲ့သည့် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဒီဇင်ဘာ ၁ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု Media 7 မှ ကိုဝေမင်းမောင်က မဇ္ဈိမကို ပြောသည်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် Media 7 နှင့် အနုပညာလှုပ်ရှားမှု၊ ပရဟိတလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ရန် အတွက် ဗီယက်နမ် နိုင်ငံတွင် အောက်တိုဘာ ၁၀ရက်က Media 7 မှ တာဝန် ရှိသူများနှင့် စာချုပ် ချုပ်ဆိုထားသူ တစ်ဦးလည်း ဖြစ်သည်။

Media 7 မှ ကိုဝေမင်းမောင်က "မြန်မာပြည်က ပရိသတ်တွေ စိတ်ဝင်စားမှုများတဲ့ မင်းသမီး တစ်ဦးလည်း ဖြစ်တာရယ် မြန်မာပြည် ပရိသတ်တွေကို မိတ်ဆက်ပေးချင်တာကြောင့်ရယ် ကိုယ့်နိုင်ငံရဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့အတွက် သူနဲ့စာချုပ်ချုပ်လိုက်တဲ့ သဘောပါ။ ကျွန်တော်တို့ Media 7 က မနှစ်က ထိုင်းနိုင်ငံက မင်းသမီး ကရာဗီ နဲ့ စာချုပ် ချုပ်ထားသလို ဒီနှစ်မှာတော့ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေနဲ့ စာချုပ် ချုပ်ထားပါတယ်" ဟု ပြောသည်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဒီဇင်ဘာ ၁ရက် ည ၁၀နာရီ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပြီး ဒီဇင်ဘာ ၂ရက် နံနက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား နှင့် ဗိုလ်တထောင် ဘုရားသို့ သွားရောက်မည် ဖြစ်သည်။

ဒီဇင်ဘာ ၂ရက် နေ့လည် ၁နာရီ မှ ၃နာရီ တွင် သရုပ်ဆောင် နေတိုး အပါအဝင် ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ နှင့် မီဒီယာများ တွေ့ဆုံမည် ဖြစ်ပြီး ထိုတွေ့ဆုံပွဲကို မြန်မာနိုင်ငံမှ ပရိသတ်များ ကြည့်ရှုနိုင်ရန် MNTV ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့က တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

ညနေ ၄နာရီတွင် MNTV ရုပ်သံလိုင်း နှင့် Talk Show ရိုက်ကူးမည် ဖြစ်ပြီး ထိုအစီအစဉ် ပြီးပါက ဗီယက်နမ် နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

Media 7 မှ ၂၀၁၆ ခုနှစ်တွင် သရုပ်ဆောင် နေတိုး၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့နှင့် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည် ဖြစ်ပြီး ထိုင်းနိုင်ငံမှ ဒါရိုက်တာ တစ်ဦး နှင့် ရိုက်ကူးသွားမည် ဖြစ်သည်။ လက်ရှိတွင် ဇာတ်လမ်း အမျိုးအစား ရွေးချယ်လျက် ရှိပြီး ထူးထူးဆန်းဆန်း ဖြစ်မည့် ဇာတ်ကာမျိုးကို ရိုက်ကူးမှာ ဖြစ်သလို မြန်မာနိုင်ငံတွင် ရိုက်ကူးသွားမည်ဟု Media 7 မှ ကိုဝေမင်းမောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly