NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ တပ်ပေါင်းစုအသစ် ဖွဲ့စည်းရန် အစီအစဉ်ရှိ

NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ တပ်ပေါင်းစုအသစ် ဖွဲ့စည်းရန် အစီအစဉ်ရှိ

ချင်းမိုင်၊ နိုဝင်ဘာ ၄ ။ ။ ဝ ပြည်သွေး စည်းညီညွတ်ရေး ပါတီ (UWSP) ဌာနချုပ် ပန်ဆန်းတွင် ကျင်းပခဲ့သော ထိပ်သီးခေါင်းဆောင်များ၏ ဒုတယိအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်သော မဟာမိတ်တပ်ပေါင်းစု တစ်ခု ဖွဲ့စည်းရန် ရှိနေသည်ဟု သိရသည်။

ယင်းတိုင်းရင်းသားမဟာမိတ်အဖွ့ဲသစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွင် အင်အားအကြီးဆုံးဖြစ်သော UWSP နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA) တို့ အပါအဝင် NCA လက်မှတ်မရေးထိုးသေးသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် တစ်ဦးနှုန်း ပါဝင်၍ ဖွဲ့စည်းသွားရန် ဆွေးနွေးခဲ့ကြသည်ဟု ရခိုင်တပ်မတော် (AA) မှ ဒုတိယ စစ်ဦးစီးချုုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိးများ ဖက်ဒရယ်ကောင်စီ (UNFC) ထက် ပိုမိုစုစည်း ကျစ်လစ်ကောင်းမွန်သော မဟာမိတ် တပ်ပေါင်းစုဖြစ်ပါက လက်ခံကြောင်း ပန်ဆန်း အစည်းအဝေးတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လက ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

 “ယူအန်အန်ဖ်စီ UNFC မှာက တစ်ချိုအဖွဲ့တွေ အနေနဲ့ ဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတော့ UNFC မဟုတ်ဘဲနဲ့ ဝင်လို့ရမဲ့ ပုံစံ တစ်မျိုးအနေနဲ့ ကျနော်တို့ စဉ်းစားထားကြတာ။ UNFC ဥက္ကဌ ပြောတာကတော့ UNFC ထက် ပိုပြီး ကျစ်လစ် ကောင်းမယ် ဆိုရင်တော့ UNFC ထက် ပိုကောင်းတဲ့အဖွဲ့အစည်း ဖြစ်လာနိုင်တယ်ဆိုရင်တော့ သူတို့ လက်ခံနိုင်တယ်လို့ ပြောတယ်။” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

 “အခြေအနေရဲ့ လိုအပ်ချက်က UNFC ဝင် တစ်ချို့ လက်မှတ်ထိုးသွားကြပြီဆိုတော့ တိုင်းရင်းသားအကုန်လုံး အနေနဲ့ ဆုံမှတ်တစ်ခုပေါ့ဗျာ။ ပိုပြီး တိုင်းရင်းသားတွေ ပိုပြီး ကျစ်ကျစ်လစ်လစ်ရှိတယ်။ စုစုစည်းစည်းနဲ့လုပ်ကိုင်မယ်။ ဝ နဲ့ မိုင်းလား တို့လည်း UNFC မှာ မပါဘူး။ အခုက သူတို့အဖွဲ့လည်း ပါလို့ရမဲ့ပုံစုံပေါ့နော်။” ဟု သူက ဆက်လက် ပြောဆိုသည်။

ထိုမဟာမိတ် တပ်ပေါင်းစုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ဖွဲ့ဆီမှ ခေါင်းဆောင်ပိုင်း မဟုတ်ပါက ဗဟိုကော်မတီ အဆင့်ရှိသူ နှစ်ဦးနှုန်း ပါဝင်၍ အမြန်ဆုံး ဖွဲ့စည်းသွားနိုင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု သူက ပြောသည်။

၂၀၁၅ အထွေထွေ ရွှေးကောက်ပွဲပြီးနောက် တက်လာမည့် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အဆင်သင့် ပြင်ဆင်ထားနိုင်ရန် မဟာမိတ်တပ်ပေါင်းစုကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

“ပန်ဆန်းအစည်းအဝေးမှာ ဆွေးနွေးတာက ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ အခြေခံပြီးထွက်ပေါ်လာမဲ့ ဘယ် အစိုးရဘဲ ဖြစ်ဖြစ်။ ကျနော်တို့အနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နိုင်အောင်ဆိုတဲ့ စီစဉ်ထားမှု တွေ ဖြစ်တယ်။” ဟု သူက ပြောသည်။

ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရအသစ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်င်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို အမြန်ဆုံး ဖော်ဆောင်သွားရန် ဆန္ဒရှိနေကြသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့၏ ပန်ဆန်း မျက်နှာစုံညီအစည်းအဝေးမှလည်း ဆုံးဖြတ်ခဲ့ကြကြောင်း နိုဝင်ဘာလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် ဆက်ဆံမှုများကို တစ်ဆင့်တိုးမြင့်သွားနိုင်စေရန်အတွက် အဖွဲ့အစည်းများမှ ဆက်သွယ်ရေး တာဝန်ခံများ ရွေးချယ်ခန့်အပ်၍ အပြန်အလှန် ဆက်သွယ်ရေး စနစ်တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အစိုးရသစ်နှင့် နိုင်ငံတော်ခေါင်းဆောင်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် လွှတ်တော်၊ လွတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်း၍ မဖြစ်မနေ အမြန်ဆုံးလုပ်ဆောင်သွားရန်နှင့် အစိုးရသစ်အနေဖြင့် ပင်လုံစိတ်ဓါတ်နှင့် ပင်လုံ ကတိကဝတ်ကို ပြန်လည် တည်ဆောက်ပြီး အမျိုးသား ပြန်လည်သစ်မြတ်ရေး၊ တန်းတူရေးနှင့် ကိုင်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မဖြစ်မနေ ဖော်ဆောင်သွားရန် တိုက်တွန်းထားသည်။ 
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိ့က္ခများကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရ တပ်မတော်နှင့် သက်ဆိုင်ရာ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့်တကွ တရုတ်အစိုးရ၊ စစ်ဘက်တာဝန်ခံ များ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ညှိနှိုင်းဖြေရှင်းကာ တရုတ်-မြန်မာ နယ်စပ် တစ်လျှောက် တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်ရရှိစေရန် အမြန်ဆုံးဖော်ဆောင်သင့်သည်ဟုလည်း တိုက်တွန်းထားသည်။

UWSP/UWSAနှင့် NDAA တို့ အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကယန်းပြည်သစ်ပါတီ (KNLP) စသည့် အဖွဲ့အစည်း ၁၁ ဖွဲ့တို့ ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့သော UNFC အဖွဲ့ဝင် တစ်ချို့မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်၍ လက်မှတ်မရေးထိုးသေးသည့် အဖွဲ့အစည်းများ စုစည်းမှု ပိုမိုရရှိစေရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags