သင့် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် ဘယ်လိုမြှင့်တင်မလဲ

သင့် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် ဘယ်လိုမြှင့်တင်မလဲ

ဧပြီ ၂၂

သင့် ကိုယ်ခံအားစနစ်ကို ခိုင်မာအားကောင်းစေပြီး အနာရောဂါများကို ခုခံတိုက်ထုတ်နိုင်ရန် အသုံးဝင်မည့် နည်းလမ်းများ

သင့် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်အောင် သင်ဘယ်လို လုပ်ဆောင်နိုင်မလဲ။ ယေဘုယျအားဖြင့် သင့် ကိုယ်ခံအားစနစ်က သင့်ခန္ဓာကိုယ်ကို ပြင်ပကနေ ဝင်ရောက်လာတတ်သည့် ရောဂါဖြစ်စေနိုင်သည့် အရာများ (အဏုဇီဝပိုးမွှားများ) အန္တရာယ်ကနေ ခုခံကာကွယ် တိုက်ထုတ်ပေးသည့် ထူးခြားသည့် အလုပ်တစ်ခုကို ထမ်းဆောင်သည်။ သို့သော် တစ်ခါတစ်ရံသည် ယင်းကိုယ်ခံအားစနစ်သည်လည်း အရှုံးနှင့် ရင်ဆိုင်ရတတ်သည်။ ရောဂါပိုးတစ်မျိုးက သင့်ခန္ဓာကိုယ်ထဲ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ပြီး သင့်ကို နေထိုင်မကောင်း ဖြစ်စေနိုင်သည်။ ဤသဘာဝဖြစ်စဉ်တွင် ကြားဝင်ဆောင်ရွက်ပြီး သင့် ကိုယ်ခံအားစနစ် အားကောင်းစေအောင် မြှင့်တင်ရန် ဖြစ်နိုင်ခြေရှိပါသလား။ သင့် diet (နေ့စဉ် စားသောက်ရမည့် အစားအစာကို ခန္ဓာကိုယ်အတွက် လိုအပ်သလောက်ပဲ သတ်မှတ်စားသောက်ခြင်း) ကို တိုးတက်အောင် လုပ်မည်ဆိုပါကရော မည်သို့ ဖြစ်နိုင်ပါသလဲ။ ဗီတာမင်တချို့ သို့မဟုတ် ဆေးဘက်ဝင်အပင်များမှ ဖော်စပ်ထားသည့် ဆေးများကို မှီဝဲသောက်သုံးနိုင်သလား။ ပြီးပြည့်စုံလုနီးပါး ဖြစ်မည့် ကိုယ်ခံအားတုန့်ပြန်မှု (immune response) တစ်ခု ထုတ်လုပ်နိုင်မည် ဆိုသည့် မျှော်လင့်ချက်ဖြင့် အခြားသော နေထိုင်မှုပုံစံ အပြောင်းအလဲများကိုရော လုပ်နိုင်သလား။

သင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ရန် သင် ဘာတွေ လုပ်နိုင်သလဲ။

သင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်အောင် မြှင့်တင်ခြင်း ဆိုသည့် စိတ်ကူးအိုင်ဒီယာသည် သာမန်အားဖြင့် ဆွဲဆောင်အားကောင်းမွန်သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် မလွယ်ကူသည့် အကြောင်းအရင်း တချို့ ရှိနေသည်ကို တွေ့ကြုံထားရသည်။ ကိုယ်ခံအားစနစ်သည် အတိအကျဆိုရလျင် စနစ်တစ်ခုသာ ဖြစ်ပြီး ထင်ထင်ရှားရှား သီးခြားရပ်တည်နေသည့် အရာတစ်ခု မဟုတ်ပေ။ လုပ်ငန်းဆောင်တာများ ကောင်းစွာ လည်ပတ် နိုင်ရန်အလို့ငှာ ယင်းသည် ဟန်ချက် (balance) မျှမှုနှင့် သဟဇာတ (harmony) ဖြစ်မှုတို့ကို လိုအပ်သည်။ ကိုယ်ခံအားတုန့်ပြန်ခြင်း၏ အနုစိတ်ခြင်းနှင့် ဆက်သွယ်ပတ်သက်မှုတို့နှင့်ပတ်သက်၍ သုတေသီများ မသိသေး သည့် အကြောင်းအရာ အများအပြား ရှိနေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ နေထိုင်မှု ပုံစံ နှင့် ကိုယ်ခံအားစနစ်လုပ်ငန်းဆောင်တာ တိုးတက်ကောင်းမွန်မှုအကြား သိပ္ပံနည်းကျ သက်သေပြနိုင်သည့် တိုက်ရိုက် ချိတ်ဆက်မှုများ မရှိပေ။

သို့သော် ကိုယ်ခံအားစနစ်အပေါ် နေထိုင်မှုပုံစံ၏ သက်ရောက်မှုများက စိတ်ဝင်စားဖွယ် မကောင်းဘဲ လေ့လာမှုများ မလုပ်သင့်ဟု ဆိုလိုခြင်း မဟုတ်ပေ။ လူများနှင့် တိရစ္ဆာန်များတွင် ကိုယ်ခံအားတုန့်ပြန်မှုအပေါ်တွင် diet လုပ်ခြင်း၊ လေ့ကျင့်ခန်း၊ အသက်အရွယ်အပိုင်းအခြား၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် အခြား အချက်အလက်များ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်သိရှိနိုင်ရန် သုတေသီများ ရှာဖွေလေ့လာလျက် ရှိသည်။ယခုအချိန်အတောအတွင်း၌ ယေဘုယျအားဖြင့် ကျန်းမာရေးနှင့် ကိုက်ညီသော နေထိုင်မှု ပုံစံ မဟာဗျူဟာများသည် သင့် ကိုယ်ခံအားစနစ်ကို အကောင်းဘက်သို့ ရောက်ရှိစေနိုင်မည့် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်နေသည်။

သင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေမည့် ကျန်းမာရေးနှင့် ကိုက်ညီသော နည်းလမ်းများ

ခုခံကာကွယ်နိုင်မှုအတွက် သင်ပထမဆုံးလုပ်ရမည့်အလုပ်က ကျန်းမာရေးနှင့် ကိုက်ညီသော နေထိုင်မှု ပုံစံတစ်ခုကို ရွေးချယ်ရန် ဖြစ်သည်။ ယေဘုယျအားဖြင့် ကောင်းမွန်သော ကျန်းမာရေးဆိုင်ရာ ဂိုက်လိုင်းစည်းမျဉ်းများအတိုင်း လိုက်လံလုပ်ဆောင်ခြင်းက သင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ကျန်းမာနေစေအောင် သဘာဝအလျောက် ထိန်းသိမ်းထားနိုင်ရန်အတွက် သင် လုပ်ဆောင်နိုင်မည့် တစ်ခုတည်းသော အကောင်းဆုံး ခြေလှမ်း ဖြစ်သည်။သင့် ကိုယ်ခံအားစနစ်အပါအဝင် သင့် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးအတွက်ဆိုလျင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုက်ခိုက်မှုများကနေ ကာကွယ်ပေးထားသည့်အချိန်၊ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်မှု မဟာဗျူဟာများဖြင့်် ထောက်ကူပေးထားချိန်တို့တွင် လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။

ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်မှု မဟာဗျူဟာများတွင် အောက်ပါတို့ ပါဝင်သည်။

  • ဆေးလိပ်မသောက်ပါနှင့်
  • သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ များများပါသည့် diet တစ်ခုဖြင့် စားသုံးပါ။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
  • ကျန်းမာရေးနှင့် ကိုက်ညီသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ
  • အရက်သောက်တတ်သူဖြစ်ပါလျင် တော်ရုံသင့်ရုံသာ သောက်ပါ
  • အိပ်ရေးဝဝ အိပ်စက်ပါ
  • သင့်လက်များကို မကြာမကြာ ဆေးခြင်း နှင့် အသားများကို သေချာစွာ ချက်ပြုတ်ခြင်းတို့ကဲ့သို့ ကူးစက်ရောဂါများ မဖြစ်အောင် ကာကွယ်သည့် နည်းလမ်းများ ကျင့်သုံးပါ
  • စိတ်ဖိစီးမှု တတ်နိုင်သမျှ လျော့အောင် ကြိုးစားပါ

ကျန်းမာရေးနှင့် ညီညွတ်သော နည်းလမ်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ခြင်း

စတိုးဆိုင် စင်များပေါ်တွင် ရှိသည့် ထုတ်ကုန်အများအပြားသည် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည် သို့မဟုတ် ထောက်ပံ့ပေးနိုင်သည်ဆိုပြီး ပြောဆိုမှုများ ရှိသည်။ သို့သော် ကိုယ်ခံအား မြှင့်တင်ခြင်း ဆိုသည့် အယူအဆ သည် အမှန်တကယ်တော့ သိပ္ပံနည်းအရ ဆိုလျင် အကျိုးအကြောင်းညီညွတ်မှု သိပ်မရှိလှပေ။ အမှန်တကယ်ဆိုလျင် သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ (ကိုယ်ခံအားဆဲလ် သို့မဟုတ် အခြားဆဲလ်များ) ၏ အရေအတွက် တိုးအောင် လုပ်ခြင်းက သေချာပေါက် ကောင်းသည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။ ဥပမာအားဖြင့် blood doping  ( ခန္ဒာကိုယ်တွင်း သွေးဥအရေအတွက် တိုးရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် ကိုယ်တွင်းသို့ သွေးနီဥများ သွင်းခြင်း) လုပ်ဆောင်ထားသည့် အားကစားသမားများသည် လေဖြတ်နိုင်ခြေ များသည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်။

သင့် ကိုယ်ခံအား စနစ်၏ ဆဲလ်များကို တိုးပွားစေရန် ကြိုးပမ်းခြင်းက အထူးသဖြင့် ရှုပ်ထွေးလှသည်။ အဘယ့်ကြောင့်ဆိုသော် မတူညီသော အဏုဇီဝရုပ်များကို မတူညီသော နည်းလမ်း အများအပြားနှင့် တုန့်ပြန်သည့် မတူညီသော ဆဲလ်အမျိုးအစား အများအပြား ကိုယ်ခံအားစနစ်ထဲတွင် ရှိနေ၍ဖြစ်သည်။ မည်သည့် ဆဲလ်များကို သင့်အနေဖြင့် တိုးပွားအောင် လုပ်သင့်သလဲ။ အရေအတွက် မည်မျှတိုးအောင် လုပ်သင့်သလဲ။ ယခုအချိန်အထိ ယင်းနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များလည်း အဖြေကို ရှာမတွေ့သေးပေ။ သိထားသည့်အချက်မှာ ခန္ဓာကိုယ်သည် ကိုယ်ခံအားဆဲလ်များကို ဆက်လက်ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ သေချာတာတစ်ခုက ယင်းသည် သွေးဖြူဥ (lymphocytes) များကို အသုံးပြုနိုင်လောက်သည်ထက် ပိုမို ထုတ်လုပ်ပေးခြင်းဖြစ်သည်။ ပိုနေသည့် ဆဲလ်များသည် apoptosis ဟု ခေါ်သည့် ကလပ်စည်းသေဆုံးခြင်း သဘာဝဖြစ်စဉ်ကနေတဆင့် ယင်းတို့ဘာသာ ဖယ်ရှားရှင်းလင်းသည်။ တချို့သည် လုပ်ဆောင်ချက်တစ်ခုကို ၎င်းတို့ မမြင်တွေ့ခင် ဖြစ်ပြီး တချို့သည် တိုက်ပွဲအနိုင်ရပြီးနောက် ဖြစ်သည်။ ကိုယ်ခံအားစနစ်ကို ယင်း၏ အသင့်တော်ဆုံးလယ်ဗယ်တစ်ခုဖြင့် ကောင်းစွာလုပ်ဆောင်နိုင်ရန်အတွက် ဆဲလ်အရေအတွက် မည်မျှ သို့မဟုတ် ဘယ်လို အကောင်းဆုံးသော ဆဲလ် ရောနှောဖွဲ့စည်းမှုမျိုး လိုသလဲ ဆိုသည်ကို မည်သူမှ မသိပေ။

ကိုယ်ခံအားစနစ်နှင့် အသက်အရွယ်အပိုင်းအခြား

ကျွန်ုပ်တို့ အသက်အရွယ် ရလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ ကိုယ်ခံအားတုန့်ပြန်နိုင်စွမ်းသည်လည်း စတင်၍ လျော့ကျလာမည်ဖြစ်သည်။ ရလဒ်အားဖြင့် ရောဂါကူးစက်မှုများနှင့် ကင်ဆာတို့ကို ဖြစ်နိုင်ခြေ ပိုများစေနိုင်မည်ဖြစ် သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာမှုနှင့်အတူ အသက်အရွယ်နှင့် ပတ်သက်ဆက်နွယ်သည့် အခြေအနေများ ဖြစ်ပွားမှုပမာဏလည်း ပိုများလာသည်။

လူတချို့သည် အသက်အရွယ် ရလာချိန် ကျန်းမာရေး ကောင်းမွန်နေခြင်းမျိုး ရှိနိုင်သော်လည်း လေ့လာချက်အများအပြားတွင် ကောက်ချက်ချထားသည်မှာ လူငယ်များနှင့် နှိုင်းယှဉ်ပါက သက်ကြီးပုဂ္ဂိုလ်များသည် ကူးစက် ရောဂါများ ကူးစက်ခံရနိုင်ခြေ ပိုများပြီး ပိုအရေးကြီးသည်က ယင်းကူးစက်ရောဂါများကြောင့် သေဆုံးနိုင်ခြေ ပိုများသည် ဆိုသည်ပင် ဖြစ်သည်။ တုပ်ကွေး၊ COVID-19 ကိုဖြစ်စေသော ဗိုင်းရပ်စ် နှင့် နမိုးနီးယားတို့ကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည် ကမ္ဘာတဝန်း အသက် ၆၅ နှစ်အထက် သက်ကြီးများကို သေဆုံးစေလျက်ရှိသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ ဘာကြောင့် ယင်းကဲ့သို့ ဖြစ်ရသည် ဆိုသည်ကို မည်သူမှ အတိအကျ မသိကြပေ။ သို့သော် ယင်းကဲ့သို့ ဖြစ်နိုင်ခြေ များပြားခြင်းသည် T cells လျော့ကျမှုနှင့် အပြန်အလှန် ပတ်သက်ဆက်နွယ်နေသည်ဟု သိပ္ပံပညာရှင်တချို့က ထင်မြင်ချက်ပေးထားသည်။ ယင်းသည် အသက်အရွယ်ရလာသည်နှင့်အမျှ သိုင်းမက်စ် ( thymus) အိတ် ချည့်သွားခြင်းကနေတဆင့် ဖြစ်နိုင်ဖွယ်ရာရှိပြီး ကူးစက်ရောဂါများကို တိုက်ထုတ်မည့် T cells များ ထုတ်လုပ်မှု လျော့ကျခြင်းဖြစ်နိုင်သည်။ Thymus လုပ်ငန်းဆောင်တာတွင် ယင်းကဲ့သို့ လျော့ကျခြင်းက T cells လျော့ကျမှုကို ရှင်းပြနိုင်မည်လား သို့မဟုတ် အခြားအပြောင်းအလဲများက အဓိကနေရာတွင် ပါဝင်ပတ်သက်နေသလား ဆိုသည်ကို အပြည့်အဝ နားလည်နိုင်ခြင်း မရှိသေးပေ။ အလားတူ ရိုးတွင်းခြင်ဆီကလည်း ကိုယ်ခံအားစနစ် ဆဲလ်များ အစပြုဖြစ်စေသည့် ပင်မဆဲလ် (stem cells) ထုတ်လုပ်မှုပိုင်းတွင် စတင်အားနည်းသွားသလား ဆိုသည်ကိုလည်း အခြားသူများက စိတ်ဝင်စားနေသည်။

ကူးစက်ရောဂါများနှင့်ပတ်သက်၍ ကိုယ်ခံအားတုန့်ပြန်မှုပိုင်း လျော့ကျခြင်းကို ကာကွယ်ဆေးများအပေါ် သက်ကြီးရွယ်အိုများ၏ တုန့်ပြန်မှုပုံစံက လက်တွေ့ပြလျက် ရှိသည်။ ဥပမာအားဖြင့် တုပ်ကွေး ကာကွယ်ဆေးများနှင့် ပတ်သက်၍ လေ့လာချက်များအရ အဆိုပါကာကွယ်ဆေးသည် အသက် ၂ နှစ်နှင့်အထက် ကျန်းမာသန်စွမ်းသော ကလေးများနှင့်ယှဉ်ပါက အသက် ၆၅ နှစ်အထက် လူကြီးများတွင် ထိရောက်နိုင်စွမ်း အားနည်းသည်ကို ပြသထားခဲ့သည်။ ထိရောက်မှုစွမ်း လျော့နည်းသော်လည်း တုပ်ကွေးနှင့် S.pneumoniae ဘတ်တီးရီးယား ကာကွယ်ဆေးများသည် ကာကွယ်ဆေး လုံးဝမထိုးခြင်းထက် စာပါက သက်ကြီးများတွင် နာမကျန်းဖြစ်မှုနှင့် သေဆုံးနိုင်ခြေနှုန်းတို့ကို သိသိသာသာ လျော့ကျစေသည်။

သက်ကြီးများတွင် အာဟာရနှင့် ကိုယ်ခံအားတို့အကြား ဆက်နွယ်မှုတစ်ခု ရှိနေပုံ ရသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများတွင်ပင် အံ့အားသင့်ဖွယ် တွေ့ရှိထားသော အာဟာရချို့တဲ့ခြင်းပုံစံတစ်ခုကို “micronutrient malnutrition” ဟု သိကြသည်။ “Micronutrient malnutrition” ဆိုသည်မှာ လူတစ်ဦးတစ်ယောက်တွင် diet ဖြင့် ဖြည့်စွက်နိုင်သည့် သို့မဟုတ် diet ကနေ ရရှိနိုင်သည့် လိုအပ်သည့် ဗီတာမင်နှင့် သတ္ထုဓာတ် (trace minerals) တချို့ ချို့တဲ့မှုမျိုး ဖြစ်ပြီး ယင်းသည် သက်ကြီးများတွင် ဖြစ်ပွားနိုင်သည်။ သက်ကြီးများသည် အစားအသောက် စားသောက်မှု နည်းပါးသွားလေ့ရှိပြီး တခါတရံ ၎င်းတို့၏ diet များတွင် အမျိုးအစားစုံလင်စွာ ထည့်သွင်း စားသောက်ခြင်းမျိုး နည်းပါးသွားခြင်းမျိုး ရှိမည်ဖြစ်သည်။ အရေးကြီးသည့် မေးခွန်းတစ်ခုမှာ အတိုင်းအချင့်ဖြင့် စားသည့် ဖြည့်စွက်စားသုံးမှုက သက်ကြီးများကို ကျန်းမာရေးနှင့် ပိုမိုကိုက်ညီသော ကိုယ်ခံ အားစနစ်တစ်ခု ထိန်းသိမ်းရာတွင် အကူအညီဖြစ်စေနိုင်သလား ဆိုသည်ပင်ဖြစ်သည်။ သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ဒီ မေးခွန်းကို ၎င်းတို့၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

Diet နှင့် သင့် ကိုယ်ခံအားစနစ်

အခြားသော တိုက်ခိုက်ရေးတပ်ဖွဲ့များကဲ့သို့ပင် ကိုယ်ခံအားစနစ် စစ်တပ်သည် ယင်း၏ အစာအိမ်ပေါ်တွင် ချီတက်သည်။ ကျန်းမာသန်စွမ်းသော ကိုယ်ခံအားစနစ် စစ်သည်ရဲမက်များသည် ကောင်းမွန်သည့် အာဟာရဓာတ်ကို ပုံမှန်လိုအပ်သည်။ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရပြီး အာဟာရချို့တဲ့သူများသည် ကူးစက်ရောဂါများကို ခုခံနိုင်စွမ်း ပိုမိုအားနည်းသည်ဟု သိပ္ပံပညာရှင်များက ကာလကြာကတည်းက အသိအမှတ်ပြုလက်ခံထားပြီး ဖြစ်သည်။ သို့သော်  ကိုယ်ခံအားစနစ်အပေါ် သက်ရောက်သည့် အာဟာရချို့တဲ့မှု၏ သက်ရောက်မှုများက ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်ခြင်းကို ဖြစ်စေသလား ဆိုသည်မှာ သေချာရေရာခြင်း မရှိပေ။  လူသားတို့၏ ကိုယ်ခံအားစနစ်အ ပေါ် အာဟာရ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ လုပ်ဆောင်ထားသည့် လေ့လာချက်များကလည်း အနည်းအကျဉ်းမျှသာ ရှိနေသည်။

အမျိုးမျိုးသော အနည်းလိုအာဟာရချို့တဲ့မှု (micronutrient deficiencies) များ (ဥပမာအားဖြင့် ဇင့်ဓာတ်၊ ဆယ်လီနီယမ် ၊ သံဓာတ်၊ ကြေးနီ၊ ဖောလစ်အက်ဆစ်နှင့် ဗီတာမင် A၊  B6 ၊ C နှင့် E တို့ ချို့တဲ့ခြင်းများ ) က စမ်းသပ်ပြွန်တွင် တွက်ချက်ထားသကဲ့သို့ပင် တိရစ္ဆာန်များတွင် ကိုယ်ခံအားစနစ်တုန့်ပြန်မှုကို ပြောင်းလဲစေသည်ဆိုသည့် သက်သေအထောက်အထားတချို့ ရှိနေသည်။ သို့သော် တိရစ္ဆာန်များ၏ ကျန်းမာရေးအပေါ် ယင်း ကိုယ်ခံအားစနစ် ပြောင်းလဲမှုများ၏သက်ရောက်မှုနှင့်ပတ်သက်၍လည်း သိပ်ပြီး မရှင်းလင်းလှပေ။ လူသားတို့၏ ကိုယ်ခံအား တုန့်ပြန်မှုအပေါ် အလားတူ ချို့တဲ့မှုများ၏ သက်ရောက်မှုနှင့်ပတ်သက်၍လည်း ချင့်တွက်ရဦးမည်ဖြစ်သည်။။

ယင်းသို့ ဆိုလျင် ကျွန်ုပ်တို့ ဘာလုပ်နိုင်ပါမည်နည်း။ အကယ်၍ သင်၏ diet က သင့်၏ micronutrients လိုအပ်ချက်အားလုံးနှင့်အတူ သင့်ကို ထောက်ပံ့မပေးနိုင်ဘူးဟု သင်သံသယရှိနေမည်ဆိုပါက (ဥပမာအားဖြင့် သင့်အနေဖြင့် ဟင်းသီးဟင်းရွက်များကို မကြိုက်ခြင်းက ဖြစ်ကောင်းဖြစ်နိုင်) နေ့စဉ်နေ့တိုင်း ဗီတာမင်မျိုးစုံနှင့် သတ္တုဓာတ်ဖြည့်စွက်စာများကို မှီဝဲခြင်းဖြင့် ကိုယ်ခံအားစနစ်အပေါ် ဖြစ်နိုင်ဖွယ် အကျိုးသက်ရောက်မှုများ ကိုပင် ကျော်လွန်၍ အခြားသော ကျန်းမာရေးကောင်းကျိုးများကို ဖြစ်ကောင်းဖြစ်စေနိုင်သည်။ ဗီတာမင်တစ်မျိုးတည်းကိုပင် အလွန်အကျွံ များများစားစား မှီဝဲခြင်း မလုပ်သင့်ပေ။ အလွန်အကျွံ လုပ်ခြင်းက သေချာပေါက် ပိုကောင်းနိုင်ဖို့ မရှိပေ။

ဆေးဘက်ဝင်အပင်များနှင့် ဖြည့်စွက်စာများကို မှီဝဲခြင်းဖြင့် ကိုယ်ခံအားကို တိုးတက်စေနိုင်သလား

စတိုးဆိုင်တစ်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားမည် ဆိုပါက ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်သည် သို့မဟုတ် သင့် ကိုယ်ခံအားစနစ်၏ ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်သည်ဟု ဆိုထားသည့် ဆေးဘူးများနှင့် ဆေးဘက်ဝင် အပင်များဖြင့် ဖော်စပ်ထားသည့် ဆေးများကို သင် တွေ့ရှိလိမ့်မည်ဖြစ်သည်။ အချို့သော ဆေးများက ကိုယ်ခံအားစနစ်၏ လုပ်ငန်းဆောင်တာ အစိတ်အပိုင်းတချို့ကို ပြောင်းလဲသွားစေနိုင်သည်ကို တွေ့ရှိရသော်လည်း ယင်းဆေးများက အမှန်တကယ်ပင် သင့်ကိုယ်ခံအားစနစ်ကို ရောဂါနှင့် ကူးစက်မှုများကနေ  ပိုမိုကောင်းမွန်စွာ ခုခံကာကွယ်နိုင်သည့် အမှတ်အနေအထားတစ်ခုသို့ ရောက်ရှိအောင် မြှင့်တင်ပေးနိုင်သလား ဆိုသည်နှင့်ပတ် သက်ပြီး တိကျသည့် သက်သေအထောက်အထားမျိုး လက်ရှိအချိန်အထိ မရှိသေးပေ။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆေးဘက်ဝင် အပင်တစ်ပင် သို့မဟုတ် အခြား အရာတစ်ခုခုက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလား ဆိုသည်ကို လက်တွေ့ပြနိုင်အောင် လုပ်ဆောင်ရခြင်းသည် အင်မတန် ရှုပ်ထွေးသည့် ကိစ္စတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။ ဥပမာအားဖြင့် သွေးတွင်းရှိ ရောဂါကာကွယ်သော ပဋိပစ္စည်း (antibodies) များ၏ လယ်ဗယ်များကို မြင့်တက်စေနိုင်ပုံရသည့် ဆေးဘက်ဝင်အပင်တစ်ပင်သည် အမှန်တကယ်ပင် အလုံးစုံသော ကိုယ်ခံအားစနစ်အတွက် တစုံတရာ အကျိုးဖြစ်ထွန်းစေနိုင်သလား ဆိုသည်ကို သိပ္ပံပညာရှင်တို့လည်း မသိကြသေးပေ။

စိတ်ဖိစီးမှုနှင့် ကိုယ်ခံအားစနစ် လုပ်ငန်းဆောင်တာ

ခေတ်သစ် ဆေးပညာအရ စိတ်နှင့် ခန္ဓာအကြား နီးနီးကပ်ကပ် ဆက်နွယ်ပတ်သက်လျက်ရှိသည်ကို နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။ ဗိုက်နာခြင်း၊ အင်ပြင်ထွက်ခြင်းနှင့် ယုစွအဆုံး နှလုံးရောဂါအပါအဝင် အမျိုးမျိုးသော ရောဂါဝေဒနာများသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၏ သက်ရောက်မှုများနှင့် ဆက်နွယ်ပတ်သက်နေသည်။ စိန်ခေါ်မှုများ ရှိနေလင့်ကစား သိပ္ပံပညာရှင်များသည် စိတ်ဖိစီးမှုနှင့် ကိုယ်ခံအားစနစ် လုပ်ငန်းဆောင် တာအကြား ဆက်နွယ်ပတ်သက်မှုကို တက်ကြွစွာ လေ့လာလျက် ရှိသည်။

အကြောင်းရင်းတစ်ခုအနေဖြင့် စိတ်ဖိစီးမှုကို အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရန် ခက်ခဲလှသည်။ အခြေအနေတစ်ခုက လူပုဂ္ဂိုလ်တစ်ယောက်အတွက် စိတ်ဖိစီးစေသော အခြေအနေ ဖြစ်ချင်ဖြစ်နိုင်သော်လည်း ယင်းက အခြားတစ် ယောက်အတွက်တော့ စိတ်ဖိစီးစေနိုင်သည့် အခြေအနေ ဖြစ်ချင်မှ ဖြစ်လိမ့်မည်ဖြစ်သည်။ လူတို့အနေဖြင့် ၎င်းတို့အတွက် စိတ်ဖိစီးမှုဖြစ်စေသည်ဟု သတ်မှတ်ထားသော အခြေအနေများနှင့် ကြုံတွေ့ရချိန်တွင် ၎င်းတို့အတွက် ၎င်းတို့ခံစားရသော စိတ်ဖိစီးမှုအတိုင်းအတာ မည်မျှ များသလဲ ဆိုသည်ကို တိုင်းတာရန် ခက်ခဲမည်ဖြစ်သည်။ ထို့ပြင် သိပ္ပံပညာရှင်များအတွက်လည်း လူတစ်ယောက်၏ ပုဂ္ဂလဓိဌာန်ကျသော စိတ်ဖိစီးမှုအတိုင်းအတာ ထင် မြင်ချက်က တိကျမှု ရှိသလား ဆိုသည်ကို သိနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များအနေဖြင့် စိတ်ဖိစီးမှုကို ထင်ဟပ်နိုင်သော အရာများကိုသာ တိုင်းတာနိုင်သည်။ ဥပမာ တစ်မိနစ်စီတိုင်း နှလုံးခုန်နှုန်းအကြိမ်အရေအတွက်ကို ရေတွက်ခြင်းမျိုး ဖြစ်သည်။ သို့သော် ထိုကဲ့သို့ တိုင်းတာမှုများသည်လည်း အခြား အချက်များအပေါ်တွင်လည်း ထင်ဟပ်ကောင်းထပ်ဟပ်နိုင်သည်။

သို့သော် စိတ်ဖိစီးမှုနှင့် ကိုယ်ခံအားစနစ် လုပ်ငန်းဆောင်တာအကြား ဆက်နွယ်ပတ်သက်မှုကို လေ့လာနေသော သိပ္ပံပညာရှင်အများစုသည် ရုတ်ခြည်းဖြစ်ပြီး အချိန်တိုတောင်းသော စိတ်ဖိစီးမှုအကြောင်းတရားများ (stressor) များကို မလေ့လာပေ။ ယင်းအစား ၎င်းတို့သည် နှစ်တွေအကြာကြီး ဖိစီးစေသည့် စိတ်ဖိစီးမှု (chronic stress) ဟု သိကြသော ပိုမို ထပ်တလဲလဲနှင့် မကြာမကြာ ဖြစ်တတ်သော စိတ်ဖိစီးမှုအကြောင်း တရားများ ကိုသာ လေ့လာရန် ကြိုးပမ်းနေကြသည်။ ဥပမာအားဖြင့် မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဘက်များနှင့်အကြား ဆက်ဆံရေးများကနေ ဖြစ်စေသော စိတ်ဖိစီးမှုမျိုး၊ သို့မဟုတ် အလုပ်နေရာတစ်ခုတွင် တာဝန် ကို ကောင်းကောင်း ထမ်းဆောင်နိုင်ရန် ကာလရှည်ဆက်တိုက်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကြောင့် ဖြစ်သည့် စိတ်ဖိစီးမှုမျိုး ဖြစ်သည်။ စိတ်ဖိစီးမှုက အတောမသတ်ဘဲ ဆက်လက်ဖြစ်ပေါ်နေခြင်းက ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်သလား ဆိုသည်ကို သိပ္ပံပညာရှင်အချို့က လေ့လာစူးစမ်းလျက် ရှိသည်။

သို့သော် “ထိန်းချုပ်ထားသည့် စမ်းသပ်လုပ်ဆောင်ချက်များ” ဟု သိပ္ပံပညာရှင်များ ခေါ်သည့် စမ်းသပ်မှုများကို လူသားများတွင် လုပ်ဆောင်ရန် ခက်ခဲနေသည်။ ထိန်းချုပ်ထားသည့် စမ်းသပ်ချက်တစ်ခုတွင် သိပ္ပံပညာရှင်များ အနေဖြင့် အထူးသီးသန့်ဓာတုပစ္စည်းတစ်ခု၏ ပမာဏကဲ့သို့ အကြောင်းအရာတစ်ခုတည်းကိုသာ ပြောင်းလဲနိုင်သည်။ ယင်းနောက် အခြားသော တိုင်းတာတွက်ချက်နိုင်သည့် ဖြစ်စဉ်တစ်ခုအပေါ်တွင် အဆိုပါ ပြောင်းလဲမှု၏ သက်ရောက်မှု (ဥပမာအားဖြင့် ဓာတုပစ္စည်းနှင့် ထိတွေ့ချိန် ကိုယ်ခံအားဆဲလ် အမျိုးအစားတစ်ခုကနေ ထုတ်လုပ်လိုက်သည့် ပဋိပစ္စည်းပမာဏ) ကို တိုင်းတာနိုင်သည်။ သက်ရှိ တိရစ္ဆာန်တစ်ကောင်တွင် အထူးသဖြင့် လူသား တစ်ဦးတွင် ထိုကဲ့သို့ ထိန်းချုပ်မှု အမျိုးအစားက ဖြစ်နိုင်ဖွယ်ရာ မရှိပေ။ ထိုကဲ့သို့ တိုင်းတာမှုများ လုပ်ဆောင်နေချိန်တွင် တိရစ္ဆာန် သို့မဟုတ် လူတစ်ဦးတွင် ဖြစ်ပေါ်သည့် အခြားသော အရာအများအပြား ရှိနေ၍ ဖြစ်သည်။

စိတ်ဖိစီးမှုနှင့် ကိုယ်ခံအားအကြား ဆက်နွယ်ပတ်သက်မှုကို တိုင်းတာရာတွင် အဆိုပါ ရှောင်လွဲ၍ မရသည့် အခက်အခဲများ ရှိနေသော်ငြား သိပ္ပံပညာရှင်များသည် တိုးတက်မှုများ ရရှိအောင် လုပ်ဆောင်နိုင်လျက် ရှိသည်။

အအေးမိခြင်းက သင့် ကိုယ်ခံအားစနစ်ကို အားနည်းစေသလား

မိခင်တိုင်းလိုလို ပြောတတ်သည့် စကားတစ်ခွန်း ရှိသည်။ “အနွေးထည် ဝတ်ထားစမ်း၊ မဟုတ်ရင် နင် အအေးပတ်လိမ့်မယ်” ဆိုသည်ပင်ဖြစ်သည်။ ယင်းသည် မှန်ပါသလား။ ဖြစ်ကောင်းဖြစ်နိုင်သည်က ယင်းသည် မမှန် နိုင်ပေ။ အတန်အသင့်ရှိသည့် အအေး အပူချိန်များနှင့် ထိတွေ့ခြင်းက ကူးစက်ရောဂါများကနေ သင်၏ ခုခံနိုင်စွမ်း မရှိမှုကို တိုးမြင့်စေမည် မဟုတ်ပေ။ မည်သည့်အတွက်ကြောင့် ဆောင်းရာသီသည် အေးမြသည့် တုပ်ကွေးရာ သီ ဖြစ်ရသလဲ ဆိုသည်နှင့်ပတ်သက်၍ အကြောင်းရင်းနှစ်ခု ရှိသည်။ ဆောင်းတွင်း၌ လူများသည် နေအိမ်တွင်သာ ပိုမိုနေထိုင်ရင်း အချိန်ကုန်ဆုံးတတ်ကြသည်။ ယင်းအချိန်တွင် ရောဂါပိုးမွှားများကို ဖြန့်ဝေနိုင်သည့် တခြား သူများနှင့် ပိုမို နီးကပ်စွာ ထိတွေ့မိနိုင်သည်။ ထို့ပြင် လေထုသည် အေးမြပြီး စိုထိုင်းမှု နည်းပါးနေချိန်တွင် တုပ်ကွေး ဗိုင်းရပ်စ်က လေထဲတွင် အချိန်ပိုကြာကြာ ရှိနေနိုင်သည်။

သို့သော် ဤမေးခွန်းနှင့်ပတ်သက်၍ မတူညီသော လူအုပ်စုများတွင် လေ့လာရန် သုတေသီတို့ ဆက်လက်စိတ်ဝင်စားလျက် ရှိသည်။ ကြွက်များနှင့် လုပ်ဆောင်ခဲ့သော စမ်းသပ်လေ့လာမှုတချို့ကလည်း အအေးနှင့် ထိတွေ့ခြင်း က ကူးစက်ရောဂါများကို နိုင်နင်းစွာ ခုခံတိုက်ဖျက်နိုင်စွမ်းကို လျော့ကျစေကောင်းစေနိုင်သည်ဟု ညွန်ပြလျက် ရှိသည်။ သို့သော် လူများတွင်ရော မည်သို့ ရှိပါမည်နည်း။ သိပ္ပံပညာရှင်များသည် လူများကို အေးမြသည့် ရေထဲ တွင် နှစ်ကာ လေ့လာခဲ့ပြီး အခြားသူများကိုလည်း ရေခဲမှတ်အောက် အပူချိန်များအောက်တွင် အဝတ်မပါဘဲ ထိုင်စေကာ လေ့လာခဲ့သည်။ ၎င်းတို့သည် အန္တာတိကတွင် နေခဲ့သူများကို လေ့လာခဲ့ပြီး ကနေဒါ ရော့ကီး တောင် တန်းများသို့ စူးစမ်းလေ့လာရေးထွက်သူများကိုလည်း လေ့လာခဲ့သည်။ ရလဒ်များသည် အမျိုးမျိုးထွက်ပေါ်နေခဲ့သည်။ ဥပမာအားဖြင့် အေးမြသည့် အပူချိန်အောက်တွင် အားမာန်ပါတက်ကြွစာ လေ့ကျင့်မှုများလုပ်ဆောင်ပြီး အများနှင့်ယှဉ်ပြိုင်ရသော နိုင်ငံဖြတ်ကျော် နှင်းလျှောစီးသမားများတွင် အသက်ရှုလမ်းကြောင်း အထက်ပိုင်း ကူးစက်မှုများ ပိုမို တိုးမြင့်ဖြစ်ပွားသည်ကို သုတေသီများ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် ယင်းကဲ့သို့ ရောဂါ ကူးစက်မှုများက အအေးကြောင့် ဖြစ်သလား သို့မဟုတ် ပြင်းထန်သည့် လေ့ကျင့်ခန်းများ နှင့် လေထု၏ ခြောက်သွေ့မှု စသည့် အခြားအချက်များကြောင့်ဖြစ်သလား ဆိုသည်နှင့်ပတ်သက်၍ သေချာမသိရှိရသေးပေ။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ဆေးပညာလေ့လာမှု ရာပေါင်းများစွာကို သုံးသပ်လေ့လာထားပြီး ကိုယ်တိုင်ကိုယ်ကျလည်း သုတေသနတချို့ လုပ်ထားသည့် ကနေဒါ သုတေသီအဖွဲ့တစ်ခု၏ အဆိုအရ အသင့်အတင့် အေးမြသည့်အအေးဓာတ်နှင့် ထိတွေ့ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာ မလိုဟု သိရသည်။ ယင်းက လူသား ကိုယ်ခံအားစနစ်အပေါ် ထိခိုက်စေသည့် ဆိုးကျိုးသက်ရောက်မှု မရှိဟု သိရသည်။ ယင်းသို့ဆိုလျင် အပြင်ဘက် တွင် အေးနေသည့်အချိန် သင့်အနေဖြင့် အနွေးထည် ဝတ်သွားသင့်သလား။ သင့်အနေဖြင့် အအေးဓာတ်နှင့် သက်တောင့်သက်သာ မရှိသည့်အခါ သို့မဟုတ် နှင်းကိုက်နာ (frostbite) သို့မဟုတ် ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း (Hypothermia) တို့ကဲ့သို့ အန္တရာယ်များရှိနေနိုင်သည့် အပြင်ဘက်သို့ သင် ရှည်လျားသည့်အချိန်အတိုင်းအတာတစ်ခုအထိ သွားရမည်ဆိုရင် သင့်အနေဖြင့် အနွေးထည် ဝတ်ကာ သွားရမည်ဖြစ်သည်။ သို့သော် ကိုယ်ခံအားနှင့်ပတ်သက်၍ မစိုးရိမ်ပါနှင့်။

လေ့ကျင့်ခန်း လုပ်ခြင်းက ကိုယ်ခံအားစနစ်အတွက် ကောင်းသလား၊ ဆိုးသလား။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကျန်းမာစွာ နေထိုင်နိုင်မည့် အဓိက ဒေါက်တိုင်အချက်တစ်ခုပင် ဖြစ်သည်။ ယင်းက နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေပြီး သွေးဖိအားကိုလည်း လျော့ကျစေမည်ဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန်ကို ကူညီထိန်းသိမ်းပေးနိုင်ပြီး ရောဂါမျိုးစုံမှလည်း ကူညီကာကွယ်ပေးနိုင်သည်။ သို့သော် ယင်းက သင့် ကိုယ်ခံအားစနစ်ကို သဘာဝအလျောက် မြှင့်တင်ပေးပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် ထိန်းသိမ်းထားနိုင်ရန် အကူအညီဖြစ်စေသလား။ ကျန်းမာရေးနှင့်ညီညွတ်သော diet လုပ်ခြင်းကဲ့သို့ပင် လေ့ကျင့်ခန်းလုပ်ခြင်းက ယေဘုယျအားဖြင့် ကျန်းမာရေး ကောင်းမွန်စေမည့် အကြောင်းခံတစ်ခု ဖြစ်သည်။ ယင်းအတွက်ကြောင့် ကျန်းမာရေးနှင့် ကိုက်ညီသော ကိုယ်ခံအားစနစ်ကိုလည်း ရရှိစေနိုင်သည်။ ယင်းက  သွေးလှည့်ပတ်မှုကို ကောင်းမွန်စေအောင် မြှင့်တင်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ရှိ ဆဲလ်များနှင့် အခြားအရာများကို ခန္ဓာကိုယ်တွင်း လွတ်လပ်စွာ ရွေ့လျားလည်ပတ်စေနိုင်ပြီး ယင်းတို့၏ အလုပ်ကို ထိရောက်စွာ လုပ်ဆောင်စေနိုင်မည် ဖြစ်သဖြင့် ပိုမိုတိုက်ရိုက်ကျစွာ ထောက်ကူပေးကောင်းပေးနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required