စက်ရုံ၊အလုပ်ရုံများအတွက် ညွှန်ကြားချက် အချိန်ကပ်ထုတ်ခဲ့သည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တောင်းပန်

စက်ရုံ၊အလုပ်ရုံများအတွက် ညွှန်ကြားချက် အချိန်ကပ်ထုတ်ခဲ့သည့်အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တောင်းပန်

ရန်ကုန်၊ ဧပြီ ၂၂

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 နှင့်စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရမည့်ညွှန်ကြားချက်အား အချိန်ကပ်ထုတ်ပြန်ခဲ့သည့်အပေါ် တောင်းပန်ကြောင်း နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19 ကာလတွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမားများကိစ္စရပ်နှင့်ပက်သက်၍ ဝန်ကြီးဌာန၊ အလုပ်သမားသမဂ္ဂ၊ လုပ်ငန်းရှင်အသင်းတို့နှင့် တိုက်ရိုက်ထုတ်လွှင့်ဆွေးနွေးမှုတွင် စက်ရုံများဖွင့်လှစ်ရန် တစ်ရက်အလိုမှသာ စက်ရုံများလိုက်နာရမည့်ညွန်ကြားချက်အား ထုတ်ပြန်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်းပန်ခဲ့ခြင်းဖြစ်သည်။

“ညွှန်ကြားချက်တွေထုတ်ထားတာ သိပ်ပြီးတော့ကပ်သွားတယ်ဆိုတာလည်း ကျွန်မလက်ခံပါတယ်။ တောင်းပန်ပါတယ်။ အခြေအနေအရ မြန်မြန်ထုတ်ဖို့လိုတယ်ဆိုပြီး ထုတ်လိုက်တာ။ တကယ်တော့လည်း စောစောစီးစီးထဲကဆွေးနွေးပြီးတော့ ထုတ်သင့်တယ်ဆိုတာလည်းသဘောပေါက်ပါတယ်။ နောက်ဆိုရင်လည်း အချိန်မီဖြစ်အောင်လို့ စီစဉ်ပြီးထုတ်ဖို့ကို စီစဉ်ပါ့မယ်” ဟု ယနေ့နံနက်ကပြုလုပ်သော စက်ရုံ အလုပ်ရုံများ အလုပ်သမားများ၏အရေးကိစ္စနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၏  တိုက်ရိုက်အွန်လိုင်းဆွေးနွေးမူတွင် ပြောကြားသွားခြင်းဖြစ်သည်။

ထို့ပြင် ညွှန်ကြားချက်များရေးသားရာတွင် မရှင်းလင်းသည့်အချက်များပါဝင်ခဲ့သည့်ကိစ္စနှင့်ပက်သက်၍လည်း အမြန်ဆုံးရှင်းရှင်း လင်းလင်းဖြစ်စေရန် ဆောင်ရွက်ပေးသွားမည်ဟု အတိုင်ပင်ခံကဆိုသည်။

ပြည်သူများအနေဖြင့်  ဧပြီ ၁၀ ရက်မှ ဧပြီလ ၂၀ ရက်နေ့အထိ    နေအိမ်တွင်သာနေထိုင်ကြရန် အစိုးရကမေတ္တာရပ်ခံခဲ့သည့်အတွက် စက်ရုံများကိုလည်း ခေတ္တပိတ်ထားခဲ့ကြသည်။

COVID-19 မကူးစက်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်အတိုင်း စစ်ဆေးမှုများပြုလုပ်ပြီးမှ လုပ်ငန်းခွင်အသီးသီးသို့ဝင်ရောက်ကြရန် အလုပ်သမားများဘက်မှလည်း လိုလားနေကြကြောင်းကို မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်ကပြောသည်။

ဝန်ကြီးဌာန၏ အမိန့်စာကိုကျော်လွန်၍ စစ်ဆေးခံခြင်းမရှိသေးဘဲ ထောင်နှင့်ချီအလုပ်သမားများရှိနေသေည့် စက်ရုံတချို့လည်ပတ်နေကြောင်းကိုလည်း ၎င်းက စက်ရုံနာမည်နှင့်တကွ တင်ပြခဲ့သည်။

ယင်းတင်ပြချက်နှင့်ပက်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ ညွှန်ကြားချက်ကိုမလိုက်နာဘဲနဲ့ လည်ပတ်နေတယ်ဆိုတာ ဒီနေ့ကိုသက်ဆိုင်ရာကသွားကြည့်ပြီးတော့ ဒါကိုဥပဒေအရလုပ်ရပါမယ်” ဟုပြောကြားသည်။

နိုင်ငံတော်မှညွှန်ကြားချက်ထုတ်သည်မှာ လိုအပ်၍လုပ်ဆောင်ခြင်းဖြစ်ပြီး မဖြစ်မနေလိုက်နာရမည့်ကိစ္စဖြစ်ကြောင်းလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းဆွေးနွေးမှုတွင် ဖြည့်စွက်ပြောဆိုခဲ့သေးသည်။

ရန်ကုန်တိုင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း ၆၆၃၂ ရုံရှိပြီး အလုပ်သမားပေါင်း ၆၈၀၀၀၀ ကျော်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required