Lockdown ကာလမှာ ဘော်ဒါတွေမပါဘဲ တစ်ယောက်တည်း မော့တဲ့အခါ

Lockdown ကာလမှာ ဘော်ဒါတွေမပါဘဲ တစ်ယောက်တည်း မော့တဲ့အခါ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Covid-19 ကြောင့် အပြင်မထွက်ရဘဲ အိမ်မှာနေရပြီဆိုမှတော့ အရင်လို ဘော်ဒါတွေနဲ့ မထိုင်ရတော့ဘူးပေါ့။ ဘီယာလေး၊ အမြည်းလေးနဲ့ စကားစမြည်ပြောကြဖို့ မဖြစ်နိုင်တော့ဘူးလေ။

ဒါနဲ့ပဲ ပျင်းပျင်းနဲ့ ဝယ်ထားတဲ့ ရိက္ခာတချို့ အမြည်းလုပ်ပြီး ထိုင်သောက်မိပါရောလား။ ခက်တာက Covid-19 ရဲ့ အိမ်နေကာလက ဘယ်တော့ပြီးဆုံးမယ် မသေချာတဲ့အခါ ကိုယ်တိုင်မသိလိုက်ဘဲ ခဏခဏ မော့မိတာ ပြဿနာရှိပါတယ်။ တစ်ခါတလေ မဟုတ်တော့ဘဲ မကြာခဏ အရက်၊ ဘီယာတွေ ထိုင်သောက်နေရင် အရင်ကထက်တောင် ပိုသောက်မိနေပါလိမ့်မယ်။

နေ့တိုင်း လိုလို သောက်မိနေရင်

အရက်ကို နေ့တိုင်းလိုလို၊ မကြာခဏသောက်မိနေတယ်ဆိုရင် ပမာဏမများရင်တောင် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ကာလတို အတွင်း ဘယ်လို ထိခိုက်လာနိုင်လဲ 

အရက်ကို ဆက်တိုက်သောက်နေမိတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေကို ထိခိုက်စေနိုင်တယ်၊ နာတာရှည်နာကျင်ကိုက်ခဲမှုပြဿနာတွေ အစပြုလာနိုင်တယ်။ ဘာတွေ ဖြစ်မလဲ ကြည့်ရအောင်…

(၁) အစာအိမ်အူလမ်းကြောင်း

အစာအိမ်အူလမ်းကြောင်းဆိုတာ ပါးစပ်ကနေစပြီး အစာအိမ်နဲ့ အူသိမ်လေးတွေကတဆင့် အူမကြီးအထိရောက်တာပါ။ ကိုယ်သောက်ချလိုက်တဲ့ အရက်ဟာ အစာအိမ်အူလမ်းကြောင်းရဲ့ အတွင်းပိုင်းအမြှေးကို ထိလောင်စေပြီး ရောင်ရမ်းစေနိုင်တယ်။

(၂) နှလုံး

အရက်ကြောင့် ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်တွေ လျော့နည်းစေတဲ့အတွက် နှလုံးက သွေးညှစ်ထုတ်ဖို့ ပိုအလုပ်လုပ်ရပါတယ်။ တချိန်တည်းမှာပဲ အရက် သွေးပေါင်ချိန်ကိုတက်စေပြီး နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။

အရက်သောက်တာများရင် အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေမှာ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာဆို နှလုံးဆဲလ်တွေက နှလုံးခုန်စည်းချက်ကို ပုံမှန်မထိန်းနိုင်တော့ဘဲ နှလုံးကို ရုတ်တရက် ရပ်စေပါတယ်။

(၃) ကျောက်ကပ်

ဘီယာသောက်လို့ ဆီးများများသွားတယ်နော်။ အယ်လ်ကိုဟောကြောင့် နည်းအမျိုးမျိုးနဲ့ ခန္ဓာကိုယ်ကအရည်တွေကို ဆုံးရှုံးရစေပါတယ်။ အရင်ဆုံးတော့ ကျောက်ကပ်ကနေ ဆီးစွန့်ထုတ်မှု ပိုများစေတာပေါ့။

သွေးထဲရေဓာတ်လည်း နည်းစေတာမို့ ပျစ်နေတဲ့ခန္ဓာကိုယ်အရည်ဓာတ်တွေကို ကျောက်ကပ်က ပိုစစ်ထုတ်ရပါတယ်၊ ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေနဲ့ ပိုပြီးထိတွေ့ရပါတယ်။ ကြာလာတာနဲ့ အမျှ ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်းတွေ လျော့ကျစေပြီး အဆိပ်အတောက်တွေ မစစ်ထုတ်နိုင်တာကြောင့် တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

(၄) အသည်း

အရက်ကို သောက်လေ အသည်းက အလုပ်ပိုလုပ်ရလေပါပဲ။ အသည်းက အရက်လို အဆိပ်အတောက်တွေကို ချေဖျက်၊ ဖြိုခွဲဖို့ ဇီဝအင်ဇိုင်းတွေ ထုတ်ပေးတာဖြစ်ပါတယ်။

ဒီလိုကနေ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင်ခြင်း၊ အသည်းခြောက်တာ၊ အသည်းအရွတ်ဖြစ်တာ တွေဖြစ်လာမယ်လေ။

(၅) သွေးကြောစနစ်

အရက်သောက်တာများတဲ့သူတွေက အစားအသောက် အားနည်းကြတယ်။ အစားနည်းတာချည်း ပြောတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေပဲစားတာ၊ အစားမမှန်တာတွေမျိုး ပေါ့။ ကျန်းမာရေးနဲ့မညီတဲ့အစားအသောက်တွေကနေ သွေးကြောပိတ်ဆို့စေနိုင်တဲ့ ကိုလက်စထရောတွေစုလာစေနိုင်ပါတယ်။

သွေးကြောပိတ်ဆို့ရာကနေ နှလုံးရုတ်တရက်ရပ်ဆိုင်းတာ၊ လေဖြတ်တာတွေလို အန္တရာယ်တွေ ရုတ်တရက် ဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် တစ်ယောက်တည်း ပျင်းပျင်းနဲ့ သိပ်မမော့နဲ့နော်။ ဗီဒီယိုကော ခေါ်ပြီးသောက်ရင်တောင်မှ အရင်က အဖွဲ့လိုက်သောက်တဲ့ ခွက်အရေအတွက်လောက်ကို ခုတစ်ယောက်တည်းသောက်ဖြစ်မယ်ဆို လွန်ကဲသွားနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly