ဗဟန်းမြို့နယ်ကို semi-lockdown ချမည်

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ကို ဧပြီ ၁၈ ရက်နေ့မှ စတင်ကာ semi-lockdown ချသွားမည်ဖြစ်ကြောင်း သိရသည်။

“ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် semi-lockdown  ၁၈.၄.၂၀၂၀နေ့မှစတင်ပါမည် ”ဟု ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးထွန်းမြင့်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင်တင်ထားသည်။

semi-lockdown ချမည့်အချိန်ကာလအတွင်းတွင်  ရပ်ကွက်သူ၊ရပ်ကွက်သားများအနြေဖင့် ဝင်/ ထွက်သွားလာခွင့်ရှိမည်ဖြစ်သော်လည်း မြို့နယ်အတွင်းသို့ ပြင်ပလူများ ဝင်/ ထွက်ခွင့်ကို(လုံးဝ)ခွင့် ပြုတော့မည်မဟုတ်ကြောင်းလည်း သိရသည်။

ထို့အပြင် COVID-19 ရောဂါမပြန့်ပွားရေးနှင့် လုံခြုံရေးကိစ္စများ အထူးဆောင်ရွက်ရန် မြို့နယ်အတွင်းရှိလမ်းသွယ်များ (လမ်းမကြီးများမပါ) ပိတ်မည်ဟုလည်း ဦးထွန်းမြင့်က  ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ semi-lockdownချမှတ်မည့် အခြေအနေနှင့်ပတ်သက်၍ ဗဟန်းမြို့နယ်တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း ဧပြီ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လုံခြုံရေးကိစ္စရပ်များပါဝင်သည့်အတွက် ဗဟန်းမြို့မရဲစခန်းမှ ရဲမှူ းသိန်းဝင်းထံသို့ ဆက်သွယ်မေးမြန်းရာတွင်  “အဲ့ဒါ ကျွန်တော်မသိသေးပါဘူး၊ အခုမှ တိုင်းမှာလုပ်တဲ့အစည်းအဝေးပြီးလို့ပါ” ဟု နံနက် ၁၁ နာရီခန့်တွင် ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သံသယနှင့် အတည်ပြုလူနာတို့နေထိုင်ခဲ့သည့် နေအိမ်၊ တိုက်ခန်းများကိုသာ အာဏာပိုင်များက lockdown ပြုလုပ်လေ့ရှိသော်လည်း ဗဟန်းမြို့နယ်မှာမူပထမဆုံး semi-lockdown ချသည့် မြို့နယ်ဖြစ်လာသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၉၄ ဦးရှိနေပြီး သေဆုံးသူ ၅ ဦးအထိရှိလာပြီဖြစ်သည်။

အဆိုပါစာရင်းထဲတွင် အင်းစိန်မြို့နယ်သည် လူနာ ၁၇ ဦးရှိကာ လူနာအများဆုံးဖြစ်နေပြီး ဗဟန်းမြို့နယ်သည် လူနာ ၁၂ ဦးရှိကာ ဒုတိယအများဆုံး မြို့နယ်လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly