ဒီကပ်ဆိုးကြီး ဘယ်တော့လောက် အဆုံးသတ်နိုင်မလဲ

ဒီကပ်ဆိုးကြီး ဘယ်တော့လောက် အဆုံးသတ်နိုင်မလဲ

ရေးသားသူ Dr. Thurein Hlaing Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 လို့ခေါ်လိုက်တဲ့ အသစ်စက်စက် ဗိုင်းရပ်စ်ဟာ လူတွေကိုစတင်ပြီးနှိပ်စက်ခဲ့တာ အခုဆိုရင် လေးလရှိလာပြီ။ လေးလဆိုတဲ့အချိန်လေးအတွင်းမှာ ကမ္ဘာပေါ်မှာ အရင်က လုံးဝမရှိခဲ့ဖူးသေးတဲ့ ဗိုင်းရပ်စ်ဘရန်းနယူးလေးကြောင့် လူပေါင်းသန်းနဲ့ချီ ကူးစက်ခံရပြီး သိန်းချီ သေဆုံးတယ်။ တစ်ကမ္ဘာလုံးနီးပါး အိမ်ထဲမှာပဲ နေနေကြရတယ်။ ဒီလောက်သေးငယ်တဲ့အရာလေးတစ်ခုက မယုံနိုင်လောက်အောင် အဖျက်စွမ်းအားကြီးတာကို လက်တွေ့ မျက်ဝါးထင်ထင်မြင်တွေ့ကြရတယ်။

လူသားတွေအတွက် ကြီးကျယ်တဲ့ကပ်ဆိုးကြီးတွေဟာ အနုမြူဗုံးတွေလိုမျိုး ကြီးမားတဲ့လက်နက်တွေဆီကနေ လာမယ်လို့ လူတွေထင်ကြပေမယ့် တကယ့်တကယ်မှာတော့ ရောဂါအကြီးအကျယ် ကူးစက်ပြန့်ပွားတဲ့ ဗိုင်းရပ်စ်လို သေးငယ်တဲ့အရာတွေဆီကန လာနိုင်တယ်လို့ ပြောထားကြတဲ့ပညာရှင်တွေ ရှိပါတယ်။ အဲဒီထဲမှာ ဘီလ်ဂိတ်တောင်ပါသေးတယ်။ ဒါပေမယ့် လူတွေက ဂရုမစိုက်နိုင်ကြဘူး။ အခုတော့ ဒါကလက်တွေ့ဖြစ်လာခဲ့ပါပြီ။

ဒီကပ်ဆိုးကြီး ဘယ်တော့ ပြီးနိုင်မှာလဲ။ ဘယ်လိုများအဆုံးသတ်သွားမှာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေရှာကြည့်ရအောင်။

ကိုဗစ်ရဲ့ ကူးစက်နှုန်း။

ရောဂါတစ်ခုရဲ့ ကူးစက်ပြန့်ပွားမှုနှုန်းကို R0 နဲ့ ပြလေ့ရှိပါတယ်။ အသံထွက်က အာနောက် လို့ထွက်ပါတယ်။ R0 တန်ဖိုးမြင့်လေလေ ရောဂါက ကူးစက်ပြန့်ပွားနိုင်မှုမြင့်လေပါပဲ။ COVID-19 ရဲ့ R0 ဟာ စဦးချင်းမှာ ၂.၂ ကနေ ၂.၇ ကြားရှိပါတယ်။ သဘောက လူတစ်ယောက်ကနေ နောက်ထပ် လူ နှစ်ယောက်ကျော်လောက်ကို ကူးစက်ပြန့်ပွားနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲ လေ့လာချက်တွေမှာတော့ ကူးစက်ပြန့်ပွားနိုင်တဲ့နှုန်းက အဲဒီထက်မြင့်မားတယ်လို့ တွေ့ရှိချက်တွေရှိလာပါတယ်။ R0 ဟာ ၁ အထက်ဖြစ်ပြီဆိုရင် ဒါဟာ ကူးစက်နှုန်းမြင့်တယ်လို့ ဆိုနိုင်ပြီး ၁ အောက်ကို ရောက်နေတယ်ဆိုရင်တော့ အဲဒီလိုရောဂါမျိုးဟာ သူ့ဘာသာ ပျောက်ကင်းသွားနိုင်ပါတယ်။

ဒါပေမယ့် COVID-19 လိုမျိုး ကူးစက်နှုန်းမြင့်မားတဲ့ရောဂါတွေကတော့ သူ့ဘာသာ မပျောက်သွားနိုင်ပါဘူး။ ဒီရောဂါ ရပ်တန့်သွားနိုင်မယ့် နည်းလမ်းက (၂)ခုပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ဟာ ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့အနေအထားကနေ ကျော်လွန်သွားပြီဖြစ်လို့ပါ။ ရောဂါပိုးကူးစက်ခံရတာနဲ့ ချက်ခြင်းထိန်းချုပ်လိုက်နိုင်ရင်တော့ အခုလောက် အခြေအနေမဆိုးဘူးပေါ့။ အခုအခြေအနေမှာတော့

၁။ ရောဂါ ကာကွယ်ဆေး (Vaccine) ပေါ်ရင်ပေါ် ဒါမှမဟုတ်ရင်တော့
၂။ လူတော်တော်များများ ရောဂါကူးစက်ခံရပြီး ကိုယ်ခံအားရ (Herd immunity) တဲ့နည်းလမ်းနဲ့ ပျောက်ကင်းနိုင်မယ်။

ကာကွယ်ဆေးဟာ ဘယ်တော့မှရနိုင်မလဲဆိုတာကို အခုထိမသိရသေးဘူး။ အနည်းဆုံး တစ်နှစ် ကြာမြင့်နိုင်တယ်လို့ ဆိုတဲ့အတွက် ကာကွယ်ဆေးရမှ ဒီရောဂါ ရပ်တန့်နိုင်မယ်ဆိုရင်တော့ တစ်နှစ်လောက်ကြာမြင့်ဦးမယ်လို့ ယူဆနိုင်တယ်။
ဒါမှမဟုတ် လူတော်တော်များများ ကူးစက်ခံရပြီးမှ ပျောက်မယ်ဆိုရင်တော့ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် (၆ဝရာခိုင်နှုန်း)လောက် ရောဂါကူးစက်ခံရပြီး ကိုယ်ခံအားထွက်ရှိရင် ပျောက်ကင်းနိုင်မယ်။

၁၉၁၈မှာဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး (Spanish flu) ဟာလည်း နောက်ဆုံးမှာ လူတော်တော်များများ ကူးစက်ခံရပြီး ပျောက်ကင်းသွားတယ်။ ကမ္ဘာတဝန်း လူပေါင်း သန်း ၅၀၀ ကျော်ကူးစက်ခံရပြီး သန်း ၅၀ လောက်သေကြေခဲ့တယ်။ သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းပေါ့။
Black Death လို့ခေါ်တဲ့ ဥရောပမှာ ၁၃၅၀ ဝန်းကျင်လောက်တုန်းက ဖြစ်ခဲ့တဲ့ ပလိပ်ရောဂါဟာလည်း သူ့ဘာသာ ပြန်လည်ပျောက်ကင်းသွားတယ်။ သူကတော့ ကိုယ်ခံအားရလို့ ပျောက်ကင်းသွားတာမဟုတ်ဘဲ လူပေါင်း သန်းတစ်ရာလောက် သေဆုံးပြီးမှ ပျောက်ကင်းသွားတာပါ။ အဲဒီနှုန်းက ဥရောပ လူဦးရေရဲ့ သုံးပုံတစ်ပုံနှုန်းရှိပါတယ်။

လက်ရှိ ကိုဗစ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၆ ရာခိုင်နှုန်း သေဆုံးနှုန်းရှိတယ်။ လက်ရှိဒီစာရေးနေတဲ့အချိန်မှာ ၁.၇ သန်းကူးစက်ခံထားရပြီး တစ်သိန်းကျော်သေဆုံးတယ်။ တကယ်လို့များ ကုသမှုနဲ့ ထိန်းချုပ်ကာကွယ်မှုတွေကို ပိုပြီး မလုပ်သွားနိုင်ဘူးဆိုရင် ဒီအတိုင်းဆက်ပြီးတက်လာဖို့ရှိတယ်။

ကိုယ်ခံအားကောင်းအောင် အကူးခံတဲ့နည်း အလုပ်ဖြစ်ပါ့မလား။

လူတိုင်းကိုယ်ခံအားထွက်လာအောင် ကူးစက်ခံလိုက်မယ်ဆိုတဲ့နည်းက ပြောရတာလွယ်ပေမယ့် ထိန်းချုပ်လို့မရနိုင်ဘူးဖြစ်နေတယ်။ လက်ရှိ ကမ္ဘာ့သေဆုံးနှုန်းနဲ့ တွက်မယ်ဆိုရင်တောင် မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် လူလေးသိန်းလောက်သေဆုံးပြီးမှ ကိုယ်ခံအားရမယ်ဆိုတဲ့သဘောဖြစ်နေတယ်။ ဒါကြောင့် ကူးစက်မှုနှုန်းကို လျှော့ချနိုင်အောင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်နိုင်တဲ့အနေအထားမှန်သမျှကို ကန့်သတ်နေရတာပါ။ ကိုယ့်အိမ်မှာကိုယ်နေတာလိုမျိုးပေါ့။

ဘယ်လိုနည်းနဲ့ အဆုံးသတ်မှာလဲ။

စာရင်းဇယားတွေအရတော့ ထိရောက်တဲ့ကုသဆေးနဲ့ ကာကွယ်ဆေးကို မရှာတွေ့နိုင်သေးရင် ဆက်ပြီး ကူးစက်ပြန့်ပွားနေဦးမှာပဲလို့ ကောက်ချက်ချနိုင်ပါတယ်။ အိမ်မှာနေရတဲ့အချိန်ဟာ ခန့်မှန်းခြေ တစ်လကနေ သုံးလလောက်အထိတော့ ကြာနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့သူတွေ ကိုယ်ခံအားက တိုက်ထုတ်ပြီးလို့ ရောဂါပျောက်ကင်းသွားနိုင်လောက်တဲ့ အချိန်ပမာဏလောက်ပေါ့။ ကူးစက်မှုလျော့ကျသွားတဲ့အချိန်မှာ ကာကွယ်ဆေးပေါ်လာပြီဆိုရင်တော့ ဒီရောဂါဆိုးကြီး အဆုံးသတ်သွားပါပြီ။

ဒါကြောင့် လက်ရှိမှာ ကူးစက်ပြန့်ပွားနှုန်းကို လျှော့ချနိုင်ဖို့က အရမ်းအရေးကြီးနေတာပါ။ ဒီရောဂါကို ကြောက်ပြီး အထိတ်တလန့်ဖြစ်နေရုံနဲ့တော့ မတားဆီးနိုင်ဘူး။ မှန်ကန်တဲ့အသိအမြင်နဲ့ ကာကွယ်မှုတွေကပဲ တားဆီးနိုင်တယ်။
၁။ လက်ကို အမြဲဆေးပါ။
၂။ မျက်နှာကို မထိ မကိုင်မိအောင်သတိထားပါ။
၃။ အိမ်မှာပဲနေပါ။ ရောဂါကူးစက်မှုနှုန်းကို အိမ်မှာနေခြင်းဖြင့် လျှော့ချပါ။
၄။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် Mask တပ်ပါ။

ကျွန်တော်တို့ တစ်ယောက်ချင်းစီ သတိထားပြီး လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ အထိသက်သာပါလိမ့်မယ်။ လပိုင်းလောက်တော့ ကျွန်တော်တို့ဆက်ပြီး အားတင်းထားရပါဦးမယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly