ကိုဗစ် ကြောက်တဲ့ အရာများ

ကိုဗစ် ကြောက်တဲ့ အရာများ

ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီ ၄ လလောက်မှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့  0.1 micron သာသာ လောက်ပဲ ရှိတဲ့ ကိုဗစ် ဗိုင်းရပ်စ် ဝင်မွှေသွားလိုက်တာ မဟာလူသားတွေ အတုံးအရုံးပါပဲလား။ ဒီဗိုင်းရပ်စ် ပိစိလေးကြောင့် လူပေါင်း သန်းနဲ့ချီ ကူးစက်ခံရပြီး သိန်းနဲ့ချီ သေဆုံးရတယ်ဆိုတာ မခံချင်စရာပါ။ ဒါတင်ပဲလားဆိုလားဆိုတော့ ကျန်တဲ့လူကောင်းတွေလည်း အကူးခံရမှာ စိုးလို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ကြဘူး သတဲ့လေ။ စဉ်းစားလေ စဉ်းစားလေ ငဗစ်ဆိုတဲ့ သကောင့်သားကို ပြေးပြေးပြီး ပိတ်ကန်ချင်တော့တာပါပဲ။

ကဲ ဒီတော့ ဒီတိုင်းနေလို့တော့ မဖြစ်သေးဘူး။ သူလုပ်တိုင်းသာ ခံရမယ်ဆို မဟာလူသားတွေ သိက္ခာကျရချည်ရဲ့။ ဒီမမြင်ရတဲ့ ငဗစ်ကို ဒီတိုင်းကြည့်မနေနိုင်ဘူး။ ငါတို့မှာလည်း သူ့ကို သတ်နိုင်တဲ့ နည်းလမ်းတွေ ရှိသေးတယ်ဆိုတာ ပြရဦးမှာပေါ့။ သင်းကို ကိုယ်တွင်း ကိုယ်ပ၊ အိမ်တွင်း အိမ်ပမှာ ဘယ်လို သတ်ပစ်ကြမလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။

ကိုဗစ် ကြောက်တဲ့ အရာများ

ဒီနေရာမှာ ၄ပိုင်း ခွဲပြောကြရအောင်။ တို့များရဲ့ အိမ်တွင်းမှာ၊ အိမ်ပြင်မှာ၊ ကိုယ်ပြင်ပမှာ၊ ကိုယ်တွင်းမှာ ဆိုပြီး ခွဲပြီး ကြည့်ရအောင်။

အိမ်တွင်းမှာ ဘယ်လို သတ်မလဲ။

အိမ်တွင်းမှာ ဆိုရင် အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ ကြမ်းခင်းတွေ၊ အဝဝ်အစားတွေက အဓိကပေါ့။

အသုံးအဆောင်ပစ္စည်း-  တံခါး လက်ကိုင်ဖုတွေ၊ စားပွဲမျက်နှာပြင်တွေ၊ ဖုန်းမျက်နှာပြင်တွေ စတာတွေကို အရက်ပြန် ၇၀ရာခိုင်နှုန်း ပါတာနဲ့ ပိုးသတ်လို့ ရပါတယ်။ အရက်ပြန်မရှိရင် ဆပ်ပြာရည် သုံးလို့ရပါတယ်။ ဆပ်ပြာရည်နဲ့ ပွတ် ၁၀မိနစ်ကနေ မိနစ်၃၀လောက်နေရင် ရေစို အဝတ်နဲ့ ပြန်သုတ်လို့ရပါတယ်။

ကြမ်းခင်း- ကြမ်းခင်းက ချွတ်ဆေးအရည်၊ ချွတ်ဆေး အမှုန့်တွေနဲ့ ပိုးသတ်လို့ရပါတယ်။ ဒါပေမယ့် ဒါက အချိုးအဆ လိုပါတယ်။ နောက်ပြီး ပြင်းအား များတဲ့အတွက် အကာအကွယ်ဝတ်စုံ ဝတ်ပြီးမှ ဖျန်းရတာမျိုး၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ဖျော်စပ်ရတာမျိုး ရှိပါတယ်။ ဒါကြောင့် အိမ်မှာ ကြမ်းတိုက်မယ်ဆိုရင် ဒီလို ကရိကထများတာထက်  ဆပ်ပြာရည်နဲ့ အရင်ကြမ်းတိုက်ပြီး ၁၀မိနစ်မှ မိနစ် ၃၀ အကြာတွင် ရေစိုအဝတ်နဲ့ ပြန်လည် ပွတ်တိုက်တာက ပိုပြီး လွယ်ပါတယ်။

အဝတ်အစား– အဝတ်အစားတွေကိုလည်း အရင်လိုပဲ ရေနဲ့ ဆပ်ပြာနဲ့ စိမ်ပြီး လျှော်လို့ရပါတယ်။ အပြင်က ပြန်လာရင်လည်း အဝတ်အစားတွေကို ချက်ချင်းချွတ်ပြီး ဆပ်ပြာရည်စိမ်ထားနိုင်ရင် ပိုကောင်းပါတယ်။

အိမ်ပြင်မှာ ဘယ်လို ပိုးသတ်မလဲ။

ခုတလော လမ်းတွေမှာ ဆေးလိုက်ဖျန်းတယ်ဆိုတာ ကြားဖူးတယ်မလား။ အဲ့တာ 0.1% hypochlorite solutionတွေ လိုက်ဖျန်းတာပါ။ ခန်းမတွေ၊ ရုံးတွေ၊ ကွန်ကရစ်/ သမံတလင်း ခင်းထားတဲ့ ကြမ်းပြင်တွေ၊ ကော်ရစ်ဒါများ (လူသွားစင်္ကြန်)၊ ကတ္တရာနဲ့ ကွန်ကရစ်လမ်းတွေမှာ ဖျန်းပါတယ်။ မြေကြီးပေါ်ကို တိုက်ရိုက်ဖျန်းလို့မရပါဘူး။

ချွတ်ဆေးအရည် (5% sodium hypochlorite) ဒါမှမဟုတ် ချွတ်ဆေးအမှုန့် Bleaching powder (35% calcium hypochlorite) ကို သုံးလို့ရပါတယ်။ ဖျော်တဲ့နေရာမှာ သူ့အချိုးအဆမတိုင်း ဖျော်ရမှာ၊ ဖျော်တဲ့သူနဲ့ ဖျန်းတဲ့သူကို မထိခိုက်ဖို့ လိုက်နာရမှာတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို အရင်က ရေးထားပါတယ်။ အသေးစိတ်ကို “ COVID-19 ကာလမှာ ဘယ်လို ပိုးသတ် သန့်စင်ကြမလဲ။”  မှာ ကြည့်ပါ။

ကိုယ်ပြင်ပမှာ ဘယ်လို ပိုးသတ်မလဲ။

ကိုယ်ပြင်ပဆိုရင်တော့ လက်နှစ်ဖက်က ဗိုင်းရပ်စ်နဲ့ ထိတွေ့မှု အများဆုံးပါပဲ။ တစ်နေကုန် ဟိုကိုင် ဒီကိုင်နဲ့ လျှောက်ကိုင်နေတာကိုး။ ပြီးတော့ ဒီလက်နဲ့ပဲ အစာတွေ စားကြ၊ မျက်နှာတွေ၊ နှာခေါင်းတွေ၊ မျက်လုံးတွေ ပွတ်ကြနဲ့ ဆိုတော့ ဒီလက်ကိုသာ ကောင်းကောင်း သန့်ရှင်းရေး လုပ်နိုင်ရင် ဗိုင်းရပ်စ်ဝင်ဖို့ အခွင့်အလမ်း တော်တော် နည်းသွားပါပြီ။

ဒါကြောင့် မကြာမကြာ လက်ဆေးရပါမယ်။ ဗိုင်းရပ်စ်တွေကို သတ်ဖို့ အကောင်းဆုံး နည်းလမ်းက ရေနဲ့ ဆပ်ပြာကို သုံးပြီး လက်ဆေးတာပါပဲ။ ဆပ်ပြာက ဗိုင်းရပ်စ်ရဲ့ အပြင်အခွံကို ဖျက်ဆီးနိုင်တယ်လေ။ အနည်းဆုံး စက္ကန့် ၂၀ကြာအောင် လက်ဆေးမှ ဗိုင်းရပ်စ် အပြင်ခွံကျွတ်ဖို့ အချိန်လောက်မှာပါ။ ရေနဲ့ဆပ်ပြာမလွယ်ရင်လည်း အရက်ပြန် ၇၀ ရာခိုင်နှုန်း ပါတဲ့ လက်သန့်ဆေးရည်ကို သုံးလို့ ရပါတယ်။ စက္ကန့် ၂၀ ကြာအောင်တော့ ဆေးပေးပါ။ ဒါမှ ဗိုင်းရပ်စ်တွေ မျိုးပြုတ်မှာပါ။

ကိုယ်တွင်းမှာ ဘယ်လို ပိုးသတ်မလဲ။

ဝမ်းနည်းစရာကောင်းတာက ကိုယ်တွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ကို သတ်ပစ်ဖို့ ကာကွယ်ဆေးတွေ ကုသဆေးတွေ မရှိသေးတာပါပဲ။ ဒါပေမယ့် ပညာရှင်တွေ အများကြီး လေ့လာစမ်းသပ်နေကြတာမို့လို့ မကြာခင်တော့ သတင်းကောင်း ကြားရဖို့ မျှော်လင့်ပါတယ်။ လတ်တလောမှာတော့  ကိုယ်ထဲမှာ ဗိုင်းရပ်စ်သေဖို့၊ ဗိုင်းရပ်စ် မဝင်ဖို့ ဆိုရင် ကိုယ်ခံအား တက်အောင်ပဲ နေရမှာပါ။ ကိုယ်ခံအား တက်အောင် ခုလို အိမ်တွင်းအောင်းရတဲ့ အချိန်မှာ အာဟာရပြည့်အောင် စားမယ်၊ အိပ်ရေး ဝဝအိပ်မယ်၊ လေ့ကျင့်ခန်း လုပ်မယ်၊ အရက် ဆေးလိပ်ရှောင်မယ်ဆိုရင် ကိုယ်ခံအား ပြည့်ပြီး ဗိုင်းရပ်စ်ကို နှိမ်နင်း နိုင်မှာပါ။

ခုဆိုရင် ဗိုင်းရပ်စ် အနိုင်ကျင့်သမျှကို ခေါင်းငုံ့ခံနေစရာ မလိုတော့ပါဘူး။ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ဗိုင်းရပ်စ်ကို သုတ်သင်လို့ ရပါပြီ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly