သင်္ကြန်မှာ လွတ်လပ်စွာပျော်ရွှင်ခွင့်မရတာကိုစိတ်မကောင်းကြောင်းနှင့် ပြည်သူများကိုကျေးဇူးတင်ကြောင်း သမ္မတပြော

သင်္ကြန်မှာ လွတ်လပ်စွာပျော်ရွှင်ခွင့်မရတာကိုစိတ်မကောင်းကြောင်းနှင့် ပြည်သူများကိုကျေးဇူးတင်ကြောင်း သမ္မတပြော

ရန်ကုန်၊ ဧပြီ ၁၇

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် အတာသင်္ကြန်မှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့်မရတာကိုစိတ်မကောင်းကြောင်းနှင့် ရောဂါတိုက်ဖျက်ရေးပါဝင်ကူညီကြသည့် ပြည်သူများကိုကျေးဇူးတင်ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောကြားလိုက်သည်။

ဧပြီလ ၁၇ ရက်နေ့တွင်ကျရောက်သည့် နှစ်ဆန်းတစ်ရက်နေ့တွင်ပြောကြားခဲ့သော မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်းမှာ သမ္မတဦးဝင်းမြင့်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဒီနှစ်အတာသင်္ကြန်မှာ လွတ်လပ်စွာပျော်ရွှင်ခွင့်မရတာကို များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဒီ ကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့တဲ့ ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကိုယ်စီရှိကြတဲ့အတွက် အားလုံးအတူတကွစည်းလုံးညီညွှတ်စွာနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု သမ္မတဦးဝင်းမြင့်ကပြောသည်။

ထို့အပြင် ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ကူညီကြသည့် ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အသိပညာရှင်များ၊ အလှူရှင်များ၊ မီဒီယာများအပြင် ကျန်းမာရေးဌာန၏ နှိုးဆော်တိုက်တွန်းချက်တွေကိုလိုက်နာကြသည့် ပြည်သူများကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်များဖြစ်သော တရားဉပဒေစိုးမိုးရေး၊ လူမှုစီးပွား ဘဝမြင့်မားတိုးတတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး တို့ကို ဆက်လက်ဆောင်ရွက်နေကကြောင်းလည်း သမ္မတကပြောသည်။

 “ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကျန်းမာရေးစတဲ့ ကဏ္ဌအသီးသီးမှာပြုပြင်ပြောင်းလဲမှုများကို ထုဆစ်ပုံဖော်လျှက်ရှိပါတယ်” ဟု ၎င်းကမိန့်ခွန်းမှတစ်ဆင့်ပြည်သူများသို့ ပန်ကြားခဲ့သည်။

ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် ကျရောက်သည့် နှစ်သစ်ကူးနေ့တွင် အကျဉ်းသား/ အကျဉ်းသူစုစုပေါင်း ၂၄,၈၉၆ ဦးကို စည်းကမ်းသတ်မှတ်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required