COVID-19 ကို အစားအသောက်ကနေ ကူးနိုင်သလား

COVID-19 ကို အစားအသောက်ကနေ ကူးနိုင်သလား

 ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 ရောဂါကူးစက်မှုတွေကို ကာကွယ်ဖို့အတွက် အိမ်မှာနေကြ၊ ကာကွယ်နည်းတွေ လိုက်နာနေကြတဲ့ အချိန်မှာ လူတွေသိချင်နေမယ့် မေးခွန်းတစ်ခုကတော့ အစားအသောက်ကနေ ကူးနိုင်လား ဆိုတာပါပဲ။

ဟုတ်တယ်လေ။ ကိုယ်က နှာခေါင်းစည်းတွေတပ်၊ လက်တွေ ခဏခဏဆေး၊ အမျိုးစုံ ဂရုစိုက်ပေမယ့်လည်း ဆိုင်ကဝယ်လာတဲ့ အစားအသောက်တွေကနေ ရောဂါပိုးများ ကူးလာနိုင်သလား စိုးရိမ်မိကြပါလိမ့်မယ်။ အိမ်ကနေ မှာစားတာ၊ မားကတ်တွေမှာ ပြေးဝယ်ထားတာတွေ အတွက် တွေးပူမိပြီပေါ့။

  • ကူးနိုင်လား

ဒီတော့ အစားအသောက်ကနေ ကူးနိုင်လား မကူးနိုင်လားဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ဖော်ပြချက်တချို့ကို ကြည့်ရအောင်။ သူတို့ရဲ့အချက်အလက်တွေအရဆို အစားအသောက် သို့မဟုတ် အစားအသောက်ထုပ်ပိုးမှုကနေ လူတွေကို COVID-19 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ သိပ်မရှိနိုင်ပါဘူးတဲ့။

  • ဘာလို့လဲ

COVID-19 ဟာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုဖြစ်ပြီး မူလပထမကူးစက်မှုလမ်းကြောင်းဟာ လူလူချင်းထိတွေ့မှု၊ ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ထွက်လာတဲ့ အစက်မှုန်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုကတဆင့် ဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို အစားအသောက် သို့မဟုတ် ထုပ်ပိုးမှုကတဆင့် ကူးစက်ပြန့်ပွားတာမျိုး ခုချိန်ထိ အထောက်အထားမတွေ့ရှိရသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်တွေက အစားအသောက်မှာ မပြန့်ပွားနိုင်ပါဘူး။ ဘာလို့ဆို သူတို့က ပွားများ ပြန့်ပွားဖို့ တိရစ္ဆာန် သို့မဟုတ် လူ့ခန္ဓာကိုယ်တို့လို လက်ခံကိုယ်ခန္ဓာကို လိုအပ်ပါတယ်။

  • သတိထားသင့်တာလေးတွေတော့ ရှိနေပါတယ်

ဒီလိုမို့လို့ အစားအသောက်ကနေ မကူးနိုင်ဘူးဟေ့ ဆိုပြီး ဒလီတွေနဲ့ အကြီးအကျယ်ပွဲတော် မတည်ကြပါနဲ့ဦး။ ဆင်ခြင်ရမယ့် အချက်လေးတွေကို မမေ့ဖို့ အရေးကြီးပါတယ်လို့ သတိပေးချင်ပါတယ်။

လတ်တလောလေ့လာတွေ့ရှိချက်တွေအရ COVID-19 ဗိုင်းရပ်စ်ဟာ ပလတ်စတစ်နဲ့ စတီးမျက်နှာပြင် ပေါ်မှာ ၇၂ နာရီအထိ အသက်ရှင်နေနိုင်တယ်၊ ကော့ပါး မျက်နှာပြင်ပေါ်ဆို ၄ နာရီအထိ၊ ကတ်ထူပြားပေါ်မှာဆို ၂၄ နာရီအထိ ရှင်သန်နိုင်ပါတယ်။

(ဒီသုတေသနကို စိုထိုင်းဆနဲ့ အပူချိန် ကန့်သတ်ချိန်ညှိထားတဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့တာမို့ ပြင်ပပတ်ဝန်းကျင်အနေအထားမှာ တော့ ကွာခြားမှုတချို့ရှိရင် ရှိနိုင်ပါတယ်။)

ဒီလိုမျိုး အစားအသောက် ထုပ်ပိုးမှုမှာ ဗိုင်းရပ်စ်ရှိသူနဲ့ထိတွေ့ထားတဲ့ မျက်နှာပြင်ကို စားသုံးသူက ထိတွေ့မိတဲ့အခါ COVID-19 ပိုးက လက်မှာ ပါလာနိုင်တာပေါ့နော်။ အဲဒီမှာ လက်မဆေးမိ၊ မသန့်စင်မိရင် ဒုက္ခများနိုင်တာပေါ့။

ဒီအပိုင်းမှာ သတိထားရမှာက အစားအသောက် ပြင်ဆင်သူ၊ ပေးပို့သူတွေက ဂရုစိုက်ရမယ့်အပိုင်းနဲ့ ဝယ်သူ၊ စားသုံးသူတွေက သတိထားလိုက်နာရမယ့်အပိုင်းပဲ ဖြစ်ပါတယ်။
ပြင်ဆင်သူ၊ ပေးပို့သူတွေဘက်က –

  •     အစားအသောက်ကို ကိုင်တွယ်ထိတွေ့ခြင်း မပြုမီ ကိုယ့်ရဲ့ သန့်ရှင်းမှု၊
  •     အစားအသောက်နဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတိုင်းမှာ ဘာရောဂါပိုးမှာ ကိုယ့်ဆီက မပြန့်ပွားစေရအောင် တာဝန်ယူမှု (နှာချေ၊ ချောင်းဆိုးတာတွေကို ကာကွယ်မှုတွေ လုပ်တာမျိုး)၊
  •     အစားအသောက် ပို့တဲ့အခါ လက်သန့်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ နှာခေါင်းစည်း စတာတွေ အပြည့်အစုံ ကာကွယ်မှု၊
  •     ဝယ်သူနဲ့တွေ့တဲ့အခါ အကွာအဝေး စတာတွေကို ဂရုစိုက်သင့်ပါတယ်။

ဝယ်သူတွေဘက်က –

  •     မားကတ် သို့မဟုတ် ဆိုင်မှာ ပါဆယ်ဝယ်တဲ့အခါ ရောင်းသူနဲ့ အနည်းဆုံး ၃ ပေအကွာမှာနေပါ။
  •     နှာခေါင်းစည်းတပ်ထားပါ၊ မျက်နှာမပွတ်ပါနဲ့။
  •     ပြန်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ် သေချာသန့်စင်ပါ။
  •     ဝယ်လာတဲ့ အစားအသောက်တွေကို ထုပ်ပိုးမှုတွေကို သန့်စင်ပါ။
  •     လက်သေချာဆေးကြောပြီးမှ စားပါ။
  •     လာပို့သူနဲ့ ခပ်ဝေးဝေးကနေ လက်ခံယူပါ (ခပ်လှမ်းလှမ်းမှာ ချထားစေခဲ့တာမျိုး)
  •     နှာခေါင်းစည်းတပ်ပြီးမှ ထွက်လက်ခံယူပါ။

ကိုယ့်ဘက်က အတိုင်းအတာကို လိုအပ်သလောက် ကာကွယ်မှု လုပ်ဆောင်ထားတယ်ဆိုရင် COVID-19 ကူးစက်မှာကို ကြောက်ဖို့ မလိုပါဘူး။ အကောင်းဆုံးကတော့ ကိုယ့်အိမ်မှာ ကိုယ်တိုင်ချက်ပြုတ်စားတာပဲ ဖြစ်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly