COVID-19 ကို ထုံးမှုန့်က သတ်နိုင်သလား

COVID-19 ကို ထုံးမှုန့်က သတ်နိုင်သလား

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခုနောက်ပိုင်း အရပ်ထဲမှာ ထုံးမှုန့်တွေ လိုက်ဖြူးကြတယ်၊ လိုက်ဖြန်းကြတယ်ဆိုတဲ့ သတင်းတွေ ခပ်စိပ်စိပ်ဆိုသလို ကြားနေ မြင်နေရပါတယ်။ မြန်မာတွေက ထုံးမှုန့်ဟာ ပိုးမွှားတွေကို ဖယ်ရှားသတ်ဖြတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကလေးကလည်း ရှိထားပါတယ်။

ဒီလိုယူဆချက်တွေကြောင့်ပဲ ခုလို COVID-19 ကာလမှာ ပိုးမွှားတွေကို သတ်နိုင်တဲ့ ထုံးမှုန့်တွေကို ရပ်ကွက်တွေ၊ လမ်းတွေ၊ ရေမြောင်းတွေနဲ့ နေအိမ်ခြံဝန်းတွေမှာ လိုက်ပြီး ဖြူးတာ ဖြန်းတာမျိုးတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေကြတာပါ။

ဘယ်သို့သော လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကြောင့် ဒီလိုပြုမူနေကြတယ်ဆိုတာကို တိကျသေချာစွာမသိရှိထားရပေမယ့် လူနေနေရာတွေမှာ ထုံးမှုန့်တွေ ဖြန်းနေတာကတော့ မြင်ရတွေ့ရ များလာနေပါတယ်။

တကယ်တမ်းအားဖြင့် ထုံးမှုန့်တွေဟာ သံမဏိနဲ့ ပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေအတွက် ဖန်တီးထားတဲ့ အရာတွေဖြစ်ပြီးတော့ ကွန်ကရစ်ဖျော်ဖို့၊ Filler အနေနဲ့ သုံးဖို့၊ စိုက်ခင်းတွေမှာသုံးဖို့၊ သတ္တုပုံသွန်းဖို့နဲ့ ရေသန့်စင်မှုတွေမှာအသုံးပြုဖို့တွေအတွက် ရည်ရွယ်ထားကြတာပါ။ ပါဝင်ပစ္စည်းအနေနဲ့ Chloride၊ Oxocalcium၊ Silicon monoxide၊ Aluminum oxide စတဲ့ ဓာတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်။

ထုံးမှုန့်ဖြူးရင် ရောဂါပိုးကို သတ်နိုင်မှာလား

ထုံးမှုန့်ဖြူးတာဟာ တကယ် COVID-19 ကို သတ်နိုင်သလားဆိုတာနဲ့ ပတ်သတ်ပြီး လူတွေအကြားမှာ ဝိဝါဒကွဲပြားမှုတွေ ရှိနေပါတယ်။ ဒီလိုပါပဲ၊ လူထုအကြားထဲမှာလဲ သို့လော သို့လော မေးခွန်းတွေ ပေါ်လာနေပါတယ်။

လက်ရှိ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ထုံးမှုန့်ဟာ လူကို ကျန်းမာရေးဆိုင်ရာ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေထဲကဆိုရင် Salmonella (ဒါမှမဟုတ်) Campylobacter ပိုးကိုသာ ဖယ်ရှားရှင်းလင်းပေးနိုင်တယ်လို့ သုတေသနရလဒ်တွေက ဖော်ပြထားပါတယ်။ ထုံးမှုန့်ဟာ မြေအောင်း တီကောင်၊ ကျွတ် စတဲ့ မြေအောင်း တွားသွား သတ္တဝါတွေကို ထိခိုက်စေနိုင်ပေမယ့် လူ့ခန္တာကိုယ်နဲ့ ဆက်နွယ်နေတဲ့ ရောဂါပိုးမွှားတွေကို ဖယ်ရှားနိုင် သတ်ဖြတ်နိုင်တယ်ဆိုတဲ့ သက်သေပြချက် လုံလုံလောက်လောက် ရှိမထားသေးပါဘူး။

ဒါကြောင့် လက်ရှိ ဗိုင်းရပ်စ်တွေထက် ပိုမိုအရွယ်အစားကြီးမားပြီး အားကောင်းတဲ့ COVID-19 ကို သတ်နိုင်မသတ်နိုင်ဆိုတာကို တိကျရေရာတဲ့ သက်သေပြချက်မျိုးမရှိသေးပါဘူး။ ထုံးမှုန့်အနေနဲ့ COVID-19 ရောဂါပိုးကို တားဆီးနိုင်ဖို့ဆိုတာက ဖြစ်နိုင်ခြေလည်း နည်းပါးတယ်လု့ိ ယူဆရပါတယ်။ ကံသေကံမပြောလို့မရတဲ့ အရာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ WHO ၊ CDC နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့လို ဦးဆောင်ကျန်းမာရေးဌာနတွေကလည်း ထုံးမှုန့်ကို အသုံးပြုဖို့ လုံးဝ ညွှန်ကြားထားတာမျိုးမရှိကြသလို တခြားတိုင်းပြည်တွေမှာလည်း ရောဂါကာကွယ်ရေးအတွက် အသုံးပြုကြတာမျိုး မရှိကြပါဘူး။ ထုံးမှုန့်ကြောင့် COVID-19 သေစေတယ်လို့လည် ဘယ်သူမှ ပြောဆိုထားခြင်းမရှိပါဘူး။

ဖြူးထားတာက မဖြူးထားတာထက် ပိုမကောင်းဘူးလား?

ထုံးမှုန့်တွေ ဖြူးတာဟာ COVID-19 ကို သတ်နိုင်မသတ်နိုင်မသေချာပေမယ့် သာမန်လူတွေအတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကတော့ အမှန်ဖြစ်ပါတယ်။ ဒါကြောင့် ထုံးမှုန့်ဖြူးထားတာဟာ မဖြူးထားတာထက်စာရင်တော့ ပိုစိတ်ချရတယ်ဆိုတဲ့ အယူက အန္တရာယ်များတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။

ထုံးမှုန့်ဟာ Hypersensitivity လိုမျိုး ကိုယ်ခံအားနစ် (Immune System) ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဝေဒနာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ COVID-19 ဟာ ကိုယ်ခံအားစနစ် အားကောင်းဖို့ လိုအပ်တဲ့ ရောဂါဖြစ်တာမို့ ဒီအချက်ဟာ သတိထားသင့်တဲ့အချက်ဖြစ်ပါတယ်။

ဒါ့အပြင် ထုံးမှုန့်တွေကို မကြာခန ထိကိုင်မိတာ၊ အဆက်မပြတ် ရှုရှိုက်မိတာမျိုးတွေ ကြုံဆုံရပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ တခြားဝေဒနာတွေ ရှိနေပါသေးတယ်။ ဒါတွေကတော့

  • ဓာတ်မတည့်တာ၊ ကိုယ်ခံအားစနစ်ကျဆင်းတာတွေဖြစ်ပေါ်စတဲ့ Hypersensitivity ဖြစ်နိုင်ခြေရှိတာ၊
  • အစားအသောက်ပျက်တာ၊
  • ဝမ်းချုပ်စေတာ၊
  • လေပွစေတာ၊
  • မအီမသာဖြစ်စေတာ၊
  • အော့အန်စေတာ၊
  • ဗိုက်အောင့်တာ၊
  • ကယ်လ်ဆီယံဓာတ် အဆမတန် မြင့်မားတာ၊
  • ဖော့စဖိတ်ဓာတ် အဆမတန် ကျဆင်းတာ၊
  • နို့တိုက်မိခင်တွေ နို့ထွက်နှုန်းကျဆင်းတာ၊
  • ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ထိခိုက်နိုင်တာ၊
  • ဆီးတွင်း ကယ်လ်ဆီယံဓာတ် မြင့်မားတာ၊
  • ကျောက်ကပ် ကျောက်တည်တာ၊
  • Digoxin အဆိပ်သင့်တာ၊
  • သွေးထဲ ကယ်လ်ဆီယံဓာတ် အဆမတန်တိုးပွားမှုကြောင့်ဖြစ်တဲ့ milk-alkali syndrome ရောဂါစွဲကပ်နိုင်တာ စတဲ့ ဝေဒနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အထူးသဖြင့် သွေးနဲ့ ဆီးအတွင်း ကယ်လ်ဆီယံဓာတ်ပမာဏ အလွန်အမင်းမြင့်တက်တာဟာ ရေရှည်ပြဿနာဖြစ်ပြီး ကျောက်ကပ်၊ ဆီးလမ်းကြောင်းစတာတွေနဲ့သက်ဆိုင်တဲ့ နာတာရှည်ဝေဒနာတွေ ခံစားရစေနိုင်တာကို သတိပြုသင့်ပါတယ်။

ဒါကြောင့် အရပ်တွေထဲ ထုံးမှုန့်တွေ လိုက်လံဖြန်းတဲ့ ဖြူးတဲ့အခါမျိုးမှာ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေရဲ့ ခွင့်ပြုချက်ကို ရယူပြီး စီမံသင့်ပါတယ်။ အကြောင်းကတော့ ထုံးမှုန့်ကြောင့်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လူတစ်ဦးချင်းစီရဲ့ ခန္တာကိုယ်ဖွဲ့စည်းပုံနဲ့ ကျန်းမာရေး အခြေအနေတွေအပေါ် မူတည်ပြီး ထိခိုက်မှုရှိခြင်း မရှိခြင်း ကွာခြားတာကြောင့်ဖြစ်ပါတယ်။

တစ်ချို့လူတွေအတွက် ထုံးမှုန့်နဲ့ ခနတစ်ဖြုတ်ထိခိုက်မှုဟာ ဘာမှမဖြစ်ပေမယ့် တစ်ချို့တွေအတွက်တော့ ပိုပြီး ကျန်းမာရေးချို့ယွင်းသွားစေနိုင်တာမို့သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly