တရားဟောဆရာ ဦးစောဒေးဗစ်လားပါနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုရင်ရာ ဥပဒေဖြင့်အမှုဖွင့်

တရားဟောဆရာ ဦးစောဒေးဗစ်လားပါနှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုရင်ရာ ဥပဒေဖြင့်အမှုဖွင့်

ရန်ကုန်၊ ဧပြီ ၁၄

ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ခဲ့သည်ဟုဆိုကာ တရားဟောဆရာ ဦးစောဒေးဗစ်လားပါ နှစ်ဦးကို မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့် လှစ်လိုက်ပြီဟု မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးနှင့် လွှတ်တော် တာဝန်ရှိသူအချို့က မဇ္ဈိမသို့ ပြောသည်။

“သဘာဝဘေးအန္တရာယ်ဆိုရင်ရာ ဉပဒေ ပုဒ်မ ၂၅ နဲ့ ဖွင့်ထားတယ်။ ဥပဒေအကြံပေးကတော့ ဘယ်လိုလုပ်မလဲ မသိသေးဘူး။”ဟု တရားလိုဖြစ်သူ မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က ပြောသည်။

သို့သော်လည်း အမှုဖွင့်ရသူများမှာ COVID-19 အတည်ပြုလူနာများအဖြစ် ဝေဘာဂီဆေးရုံကြီးတွင် ကုသမှုခံယူနေ၍ စစ်ဆေးခြင်းများ မပြုရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း လူစုလူဝေးမပြုလုပ်ကြရန် တားမြစ်မိန့်ကို မတ်လ ၂၆ ရက်တွင် အုပ်ချုပ်ရေးဌာနမှ ထုတ်ပြန်ခဲ့သည့်အတွက် ၎င်းတို့အနေဖြင့် ပုံမှန်ဝတ်ပြု ဆုတောင်းသည့်နေရာကို အသုံးမပြုခဲ့ဘဲ ပေ ၂၀ ပတ်လည်အခန်းကျဉ်းတွင် လူစုလူဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

“သူတို့လည်း ဘာမှမဖြစ်နိုင်ဘူးထင်လို့ လုပ်တာလားတော့ မသိပါဘူး။ ကျွန်တော့်နယ်မြေထဲဖြစ်သွားတာဆိုတော့ ကျွန်တော်ပဲ ဖွင့်ရတာပေါ့လေ။”ဟု ဦးရဲဝင်းအောင်က ပြောသည်။

ထို့ကြောင့် ဧပြီလ ၁၃ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရဲစခန်း၌ အမှုအမှတ် (ပ) (၅၈၃/၂၀၂၀) ဖြင့် တရားဟောဆရာ ဦးစောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း)တို့ကို အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ထို့အပြင် လူစုလူဝေးပြုလုပ်သည့်ဟုဆိုကာ အင်းစိန်မြို့နယ်တွင်လည်း ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကိုလည်း အမှုဖွင့်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမမှအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအချိန်တွင် ဦးစောဒေးဗစ်လားတို့နေထိုင်ခဲ့သော တောင်ဥက္ကလာပမြို့နယ်ရှိ သံသုမာလမ်းနှင့် ဇီဇဝါဥယျာဉ်အိမ်ရာအပြင် လူစုလူဝေးပြုလုပ်ခဲ့သည့် မရမ်းကုန်းမြို့နယ်အတွင်းက နေအိမ်အချို့ကို Lockdown ပြုလုပ်ထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly