ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဧည့်တွေ့ခွင့်ပိတ်

ရန်ကုန်၊ ဧပြီ ၁၄

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဧပြီ ၁၄ ရက်မှစတင်ကာ လူနာစောင့် နှစ် ဦးမှလွဲ၍ မည်သည့်ပြင်ပဧည့်သည်ကိုမှ ဆေးရုံအတွင်းသို့ ဧည့်တွေ့ခွင့်၊ ဝင်ရောက်ခွင့် ပြုတော့မည်မဟုတ်ကြောင်းသိရသည်။

ယခင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဧည့်တွေ့ချိန်အား ညနေ ၄ နာရီမှ ၆ နာရီအထိ သတ်မှတ်၍ ဧည့်တွေ့ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်သည် COVID-19 ကူးစက် ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သဖြင့် မည်သည့်ဧည့်သည်ကိုမျှ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပါကြောင်းနှင့် ပူးပေါင်းကူညီ ပေးကြပါရန် ရန်ကုန်ဆေးရုံကြီးတာဝန်ရှိသူများမှ မေတ္တာရပ်ခံခဲ့သည်။

ထို့ကြောင့် မည်သည့်ပုံစံမျိုးဖြင့် ဆေးရုံ၏အဝင်/ အထွက်တို့ကိုထိန်းချုပ်ရန်ရှိသည်ကို မေးမြန်းရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူများအပြင် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

အလားတူ COVID-19 ရောဂါ ကူးစက်မှု့မှကာကွယ်ထိန်းချုပ်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာများကို ဧပြီ ၆ ရက်နေ့မှစ၍ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ လသာ(၂ ) ကျောင်းဝန်းအတွင်း ( ဆေးရုံကြီး ၏ မျက်နှာခြင်းဆိုင်ဘက်အခြမ်း) သို့ပြောင်းရွှေ့ ဖွင့်လှစ်ထားသည်။

ပြောင်းရွေ့ဖွင့်လှစ်ထားသည့် အထူးကုပြင်ပလူနာဌာနများတွင်လည်း လူဦးရေအကန့်အသတ်ဖြင့်သာ ကြည့်ရှု့နေပြီး လွှဲစာအပါသော လူနာများမှာ ပြသခွင့်ရမည်မဟုတ်ကြောင်းလည်း ဆေးရုံကြီးမှထုတ်ပြန်ထားသည်။

သို့သော်လည်း အရေးပေါ်ဌာနကိုတော့ ၂၄ နာရီအချိန်ပြည့်ဖွင့်လှစ်ထားကြောင်းသိရပြီး ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ရန်ကုန်ဆေးရုံကြီးတွင် COVID -19 positive လူနာတစ်ဦးသေဆုံးထားသည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ ဧပြီ ၁၄ ရက် နေ့လည် ၁၂ နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID -19 positive လူနာ ၆၂ ဦးအထိရှိနေပြီး သေဆုံးလူနာ ၄ ဦးနှင့် ပြန်လည်သက်သာလာသူ ၂ဦးရှိနေသည်။

COVID -19 positive လူနာတွေ့ရှိမှု အများဆုံးမှာ အင်းစိန်မြို့နယ်မှဖြစ်ကာ လူနာ ၁၄ ဦး၊ ဗဟန်းမြို့နယ်မှတွေ့ရှိသူ ၁၀ ဦးနှင့် ဒုတိယအများဆုံးဖြစ်ပြီး တောင်ဉက္ကလာပမြို့နယ်မှာ လူနာ ၈ ဦးအထိရှိတွေ့ရှိထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly