COVID-19 သတင်းတွေကြောင့် ညအိပ်မပျော်နိုင်အောင် စိုးရိမ်နေရပြီလား

COVID-19 သတင်းတွေကြောင့် ညအိပ်မပျော်နိုင်အောင် စိုးရိမ်နေရပြီလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူဆိုတာ စိုးရိမ်စရာတွေ၊ စိတ်ပူစရာ ကိစ္စတွေ ခေါင်းထဲ ပြည့်နေရင် မျက်စိကြောင်ပြီး အိပ်မပျော်တတ်တာ သဘာဝပါပဲ။ အခုလိုမျိုး Covid-19 ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် တစ်ကမ္ဘာလုံး ကပ်ဘေးဆိုက်နေတဲ့ အခြေအနေမျိုးမှာဆို ပိုဆိုးတော့တာပေါ့။ မြန်မာနိုင်ငံအတွက်လည်း ဆုတောင်းနေတဲ့ ကြားထဲက ပိုးကူးစက်ခံရသူ အရေအတွက်က များသထက် များလာပြီဆိုတော့ မိဘပြည်သူတွေအနေနဲ့လည်း နဂိုထက်တောင် ပိုပြီး စိုးရိမ်ပူပန်မိမှာ သဘာဝပဲလေ။ အဲ့ဒီအတွက် အိပ်ရေးအပျက်ခံပြီး ကိုယ့်ကျန်းမာရေးကို မထိခိုက်စေဖို့ ဘာတွေ ဆောင်ပြီး ဘာတွေ ရှောင်ရမလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ရအောင်။

၁။ ကိုယ့်ရဲ့ တစ်နေ့တာကို ပုံမှန်လုပ်နေကျအတိုင်း လည်ပတ်ပါ။

မလိုအပ်ဘဲ အပြင်မထွက်ဖို့ရယ် ခါတိုင်းအချိန်ထက် ပိုဂရုစိုက်ဖို့ရယ်က လွဲရင် လူတိုင်းရဲ့ တစ်နေ့တာမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီး နည်းနည်း ပိုအဆင်ပြေသွားမယ့်သူတွေလည်း ရှိသလို တစ်အိမ်လုံးအတွက် ဝယ်ခြမ်းရတဲ့ အိမ်ထောင်ရှင်တွေအတွက်တော့ နည်းနည်း အလုပ်ပိုရှုပ်တာပေါ့။ ဒါပေမယ့်လည်း တစ်နေ့တာ ကိုယ်လုပ်စရာ ရှိတာတွေကို ပုံမှန်အတိုင်းပဲ လုပ်သွားမယ်၊ ရုံးမသွားတဲ့ သူတွေကလည်း အိမ်မှာနေပြီး ရုံးအလုပ် လုပ်တာမျိုး၊ စာအုပ်ဖတ်တာမျိုးနဲ့ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ရင် ရပါတယ်။

၂။ နေ့လယ်ဘက် တစ်ရေးအိပ်တာ ရှောင်ပေးပါ။

ပုံမှန်ဆိုရင်တော့ မနက်ဆို အစောကြီး ထပြီး အလုပ်သွားရတော့ နေ့လယ်ဆိုရင် လူက ငိုက်လာပြီမလား။ အခုကျတော့ ညဘက်လည်း စောစောအိပ်လို့ ရသလို မနက်ဘက် နောက်ကျမှ ထလို့လည်း ဆူမယ့်သူ သိပ်မရှိတော့ဘူးလေ။ အဲ့တော့ ကိုယ့်ရဲ့ တစ်နေ့တာ ညအိပ်ချိန်ကို ခါတိုင်းအချိန်ထက် ပိုယူပါ။ နေ့လယ်ဘက်ကို တစ်ရေး အိပ်မယ့်အစား အိမ်မှာ ကိုယ်ဝိုင်းကူလို့ ရမယ့် အရာလေးတွေ ဝိုင်းလုပ်ပေးပေါ့။

၃။ လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။

လေ့ကျင့်ခန်း လုပ်ဖို့အတွက် မနက်ခင်းစောစော၊ နေ့လယ်ပိုင်း ဒါမှမဟုတ် ညနေခင်းလောက်ဆိုလည်း အဆင်ပြေတယ်နော်။ အဓိကက လေ့ကျင့်ခန်း လုပ်ခြင်းဟာ သွေးပူစေပြီး လူကို တက်ကြွလန်းဆန်းစေတယ်။ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အသက်အရွယ် မရွေး ကျန်းမာရေးအရ အကျိုးရှိစေနိုင်တယ်။ အထူးသဖြင့် ညဘက်ကိုလည်း ကောင်းကောင်း အိပ်ပျော်နိုင်စေဖို့ ကူညီပေးပါတယ်။ ညအိပ်မပျော်တတ်တဲ့သူတွေ အတွက်တော့ တော်တော် အကျိုးရှိစေတာပေါ့။ သတိထားရမှာက အိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီလောက် ခြားပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့ပါပဲ။

၄။ အိပ်တဲ့ အချိန် ဖုန်းမသုံးပါနဲ့

Covid-19 နဲ့ ပတ်သက်တဲ့ သတင်း အများစုက ညဘက်တွေမှာ ထွက်တာများပါတယ်။ လူဆိုတာကလည်း စိုးရိမ်စိတ်က ဝင်နေပြီဆိုတော့ ဘာဖြစ်နေပြီလဲဆိုတာ သူများထက် ဦးအောင် ကြည့်ရမှ စိတ်က နေသာထိုင်သာ ရှိတတ်ကြတာမလား။ ကျွန်တော့်အမြင်မှာတော့ အဲ့လို ကြည့်နေလို့လည်း ဘာမှမထူးပါဘူး။ ရောဂါကူးစက်ခံရပြီးသူကလည်း သူ့ဟာနဲ့ သူ ရှိနေမှာ ဖြစ်သလို အဓိက အရေးကြီးဆုံးက ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေကို မကူးစက်စေအောင် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အချက်တွေကို သိထားဖို့နဲ့ လက်တွေ့လုပ်ဖို့ပါပဲ။ ကျန်တာတွေကို စိုးရိမ်ပူပန်နေလို့ ဒီအချိန်မှာ ဘာမှမထူးပါဘူး။ အိပ်ရေးပျက်လိုက်လို့ ကိုယ်ခံအားကျပြီး Covid-19 တင် မကဘဲ တခြား စိတ်နဲ့ ခန္ဓာ ကျန်းမာရေး ပြဿနာပါ အစစ် ဝင်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ခါနီး ဖုန်းမသုံးပါနဲ့။ ဘာသတင်းမှ မစောင့်ပါနဲ့။ စိတ်ကို ဖြေလျှော့ပြီး အိပ်ပါ။ လုပ်စရာ ရှိတာတွေကို မနက်စောစော နိုးတော့မှ ဆက်လုပ်ပါ။

၅။ အရက် မသောက်ပါနဲ့။

ဘယ်သူက စလိုက်တယ်မှန်း မသိတဲ့ အရက်သောက်ရင် Covid-19 ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သတင်းက အခုထိ ရှိနေတုန်းပဲနော်။ တချို့ကလည်း ဆရာဝန် စကားထက် အကြွင်းမဲ့ ယုံကြည်ကြတယ်။ တချို့ကျတော့လည်း ကိုယ် သောက်ချင်တာကို အကြောင်းပြပြီး သောက်တယ်။ ဒီလိုမျိုး ကိုယ့်ဘာသာ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် အရက်သောက်ပြီး မူးလိုက်လို့လည်း ကောင်းကျိုးမှ မရှိတာ။ အဲ့တော့ ဝယ်ထားတဲ့ အရက်တွေကို ခဏလေး သိမ်းထားပြီး ဒါတွေအားလုံး ပြီးသွားပြီဆိုမှ ကိုယ့်အပေါင်းအဖော်တွေနဲ့ ဝိုင်းဖွဲ့သောက်တာ ပိုကောင်းမှာပေါ့လို့ တွေးကြည့်ပါ။ နောက်တစ်ချက်က အရက်သောက်ခြင်းဟာ ကိုယ့်ရဲ့ အိပ်စက်ချိန်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ အချက်ပါ။ ကိုယ်က အန္တရာယ်ကင်းချင်လို့ အိမ်မှာ နေကာမှ အိမ်ထဲမှာပဲ ရောဂါတွေ ရှာဖွေနေလို့ မဖြစ်ဘူးနော်။

ဒီလို ကပ်ဘေးကာလမှာ Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဆင်ခြင်စရာ ရှိတာတွေ ဆင်ခြင်ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။ Covid-19 ဖြေဆေးကလည်း သိပ်မကြာခင်မှာ ထွက်ရှိဖို့ အလားအလာ ပိုများနေပြီ ဖြစ်တဲ့အတွက် ဒီကာလကို ကျန်းကျန်းမာမာ စိတ်ချမ်းသာစွာနဲ့ ကျော်ဖြတ်ပေးကြဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့ ထပ်မံတိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly