ရော့ခ်အဆိုကျော် မျိုးကြီးပါဝင်သော COVID-19 လူနာ ၂၁ ဦးထပ်မံတွေ့ရှိ

ရော့ခ်အဆိုကျော် မျိုးကြီးပါဝင်သော COVID-19 လူနာ ၂၁ ဦးထပ်မံတွေ့ရှိ

(ရန်ကုန်၊ ဧပြီ ၁၄ )

ကျန်းမာရေးဝန်ကြီးဌာနက နာရီအနည်းငယ်ခြားကာ ထုတ်ပြန်သော ကြေညာချက်များအရ COVID-19 အတည်ပြုလူနာ ၂၁ ထပ်မံထွက်ပေါ်လာရာတွင် ရော့ခ်အဆိုတော် မျိုးကြီးလည်း ပါဝင်သည်။

ဧပြီ ၁၃ ရက်နေ့ည ၈ နာရီခန့်မှစ၍ လေးနာရီအတွင်း သုံးကြိမ်ခြားထုတ်ပြန်သော ကြေညာချက်များအရ ပထမအကြိမ်တွင် ၁၁ ဦး၊ ဒုတိယအကြိမ်တွင် တစ်ဦးနှင့် တတိယအကြိမ်တွင် ကိုးဦးပါဝင်သည်ကို တွေ့ရသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်က လူနာအမှတ် (၄၆) ဖြစ်သော အဆိုတော်မျိုးကြီးကို ရည်ညွှန်းလျက် "ဗဟန်းမြို့နယ်၊ ပုလဲကွန်ဒိုနေ အဆိုတော်အမျိုးသားတစ်ဦး (၄၄နှစ်)ထံတွင် COVID-19 ပိုးထပ်မံတွေ့ရှိပြန်"ဟု သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိအချိန်အထိ ထို့အပြင် ကိုဗစ်-၁၉ လူနာများထဲတွင် အသက်ငယ်ဆုံးဖြစ်သော အက် ၇ နှစ်အရွယ် မိန်းကလေးလည်းပါဝင်သည်။

၂၄ နာရီအတွင်း အများဆုံးသော ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေ့ရှိမှုသည် တရုတ်ဆေးပညာရှင်များရောက်ရှိလာပြီးနောက်ပိုင်း ရောဂါပိုးစစ်ဆေးနိုင်မှုပမာဏများလာခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။ ယခင်က တရက်လျင် ပျှမ်းမျှ ၆၀ သာ စစ်ဆေးရာမှ တရုတ်ဆေးအဖွဲ႔ရောက်ရှိလာပြီး ပျှမ်းမျှ ၃၀၀ ခန့် စစ်ဆေးသည်ကို တွေ့ရသည်။

လူနာအမှတ် ၄၅ မှာ အသက် ၅၄ နှစ်ဖြင့် ဧပြီ ၁၃ ရက်ကူးစက်ခံရသူများထဲတွင် အသက်အရွယ်အကြီးဆုံးဖြစ်ပြီး အများစုမှာ သက်လတ်ပိုင်းများသာဖြစ်သည်။

လက်ရှိတွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်နေကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ ထုတ်ပြန်ချက်များတွင် ယခင်ရက်များကကဲ့သို့ လူနာများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များထုတ်ပြန်ခြင်းမရှိဘဲနေခဲ့သလို အမျိုးမျိုးသော ကောလဟလများထွက်ပေါ်နေချိန်လည်းဖြစ်နေပြန်သည်။ အထူးသဖြင့် အစုအဖွဲ့လိုက် ဝတ်ပြုဆုတောင်းမှုနှင့် ပတ်သက်နေသည်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ဝန်ကြီးဌာန၏ထုတ်ပြန်ချက်နှင့် အစိုးရမီဒီယာများကိုသာယုံကြည်ရန်လည်း ထုတ်ပြန်ချက်တစ်ခုတွင် ထဲ့သွင်းပြောထားသည်ကိုလည်း တွေ့ရ့သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ၆၂ ယောက်ရှိပြီဖြစ်ကာ ကွယ်လွန်သူ လေးဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly