Social distancing အကြောင်း

Social distancing အကြောင်း

 ရေးသားသူ Dr. Thiha Phyo Myint  

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID -19 ရောဂါက တစ်ကမ္ဘာလုံးကို အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့လာချိန်မှာ ရောဂါကို ထိန်းချုပ်ဖို့ ကာကွယ် နည်း၊ ကုသနည်းအမျိုးမျိုး အသုံးပြုလာရပါတယ်။ ဒီလိုနည်းစနစ်တွေထဲမှာ ရောဂါပျံ့နှံ့မှုကို လျှော့ချဖို့အသုံးပြု လာတဲ့ social distancing အကြောင်းကို နည်းနည်းလောက်ပြောပြချင်ပါတယ်။

COVID -19 ရောဂါက လူစုလူဝေးလုပ်လေ ပိုလျင်လျင်မြန်မြန်ကူးစက်လေဆိုတာ လူအတော်များများ သိပြီးဖြစ်မှာပါ။ ရောဂါပိုးမရှိတဲ့သူတွေချည်းစုဝေးနေရင် ကိစ္စမရှိပေမဲ့ ခက်တာက ဘယ်သူ COVID -19 ဖြစ်နေသလဲ၊ မဖြစ်နေဘူးလဲဆိုတာကို ကြိုတင်သိနိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ရောဂါလက္ခဏာတွေမပြခင် တည်းက ကူးစက်ပျံ့နှံ့နိုင်တာဖြစ်လို့ အစကတည်းက လူစုလူဝေးမဖြစ်အောင် ကာကွယ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် Social distancing လုပ်ဖို့လိုအပ်လာတာပဲဖြစ်ပါတယ်။

ဆေးကုသမှုနည်းလမ်းကို အသုံးမပြုဘဲ ကူးစက်ရောဂါတစ်ခုခု ပျံ့နှံ့မှုကို ရပ်တန့်နိုင်အောင် (ဒါမှမဟုတ်) နှေးကွေးသွားအောင် ဆောင်ရွက်တာကို Social distancing လုပ်တယ်လို့ခေါ်ဆိုပါတယ်။ Social distancing လုပ်ရတဲ့အဓိကရည် ရွယ်ချက်ကတော့ လူအချင်းချင်း ထိတွေ့ဆက်ဆံမှု နည်းနိုင်သမျှနည်းသွားအောင်လုပ်ဖို့ပါ။ ဒါမှသာ ရောဂါကူး စက်ပျံ့နှံ့မှုကျဆင်းလာပြီး တခြားဆက်စပ်နေတဲ့ ရောဂါဖြစ်ပွားမှု၊ အသက်သေဆုံးမှုတွေပါ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ ရောဂါပျံ့နှံ့ဖြစ်ပွားမှုနည်းလာတဲ့အတွက် တစ်ဖက်မှာ ရောဂါကို ကုသပေးရတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဖိအားလျော့နည်းစေသလို ရောဂါအတွက်ဆေးဝါး အသစ်တွေလည်း ပိုပြီးစနစ်တကျတီထွင်ထုတ်လုပ်လာနိုင်စေမှာပါ။

ဒါဆို Social distancing ဘယ်လိုလုပ်ကြမလဲ

အမေရိကန်ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးစင်တာကတော့ ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အောက်ပါနည်းလမ်းတွေအတိုင်း Social distancing လုပ်နိုင်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်

  • လူတစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၆ ပေအကွာမှာရှိပါစေ
  •  အားကစားပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ ဘာသာရေးပွဲတွေလို လူစုလူဝေးဖြစ်မယ့် နေရာတွေကို ရှောင်ပါ
  •  စားသောက်ဆိုင်တွေ၊ ဘားတွေကိုလည်းဖြစ်နိုင်ရင် ရှောင်သင့်ပါတယ်။ စားသောက်စရာတွေကိုလည်း ဖြစ်နိုင် ရင် ဆိုင်မှာထိုင်မစားဘဲ ပါဆယ် (take away) ပဲယူပြီးစားသုံးပါ (ဒါမှမဟုတ်) delivery နဲ့ မှာယူစားသုံးပါ
  •  အလှအပဆိုင်ရာဝန်ဆောင်မှုပေးတဲ့နေရာတွေဖြစ်တဲ့ hairdressers, barbers, nail salons တွေမှာဆို ဆိုင်ဝန်ထမ်းတွေက ကိုယ်နဲ့အနီးကပ်နေပြီးဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက် ဒီလိုနေရာကိုလည်း ရှောင်သင့်ပါတယ်
  •  ပါတီပွဲတွေ၊ ဆွေမျိုးအချင်းချင်းအိမ်တွေ သွားလည်ပတ်တာတွေကိုလည်း ရှောင်ကြဉ်ပါ
  •  COVID -19 ရောဂါကူးစက်ခံရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေသေဆုံးမှုအများဆုံး ဖြစ်တာကြောင့်

သက်ကြီးရွယ်အိုလူအိုရုံတွေ၊ ပြန်လည်နာလန်ထူရေးစင်တာတွေကို မသွားသင့်ပါဘူး

  • ဘတ်စ်ကား၊ ရထားလို အများပြည်သူမျှဝေသုံးစွဲတဲ့ ဝန်ဆောင်မှုမျိုးမှာ လူတစ်ယောက်နဲ့တစ်ယောက် ၆ ပေ ကွာအောင်နေဖို့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ အလုပ်နဲ့အိမ်နဲ့နီးရင် လမ်းလျှောက်သွားတာ၊ စက် ဘီးစီးသွား တာမျိုးလုပ်နိုင်ပါတယ်။ အိမ်ကနေတဆင့် လုပ်လို့ရတဲ့အလုပ်မျိုးဆိုလည်း အလုပ်ရှင်နဲ့ညှိနှိုင်းပြီး အလုပ်ပုံစံ ပြောင်းလဲဖို့ကြိုးစားကြည့်ပါ
  •  လက်ခဏခဏဆေးပါ။ တစ်ခါဆေးရင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆေးပါ။ ဆပ်ပြာနဲ့ရေသုံးပြီး လက်ဆေးတာအကောင်းဆုံးဖြစ်ပြီး အယ်လ်ကိုဟောပါတဲ့လက်ဆေးရည်သုံးပြီးလည်း ဆေးနိုင်ပါတယ်
  • မျက်နှာကို တတ်နိုင်သမျှမထိပါနဲ့၊ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကိုကိုင်တွယ်မိရာကနေ ပိုးကူးစက်ခံရနိုင်ခြေ များလို့ပါ
  •  နေထိုင်မကောင်းမဖြစ်ရင် နှာခေါင်းစည်းမတပ်ပါနဲ့၊ နေကောင်းနေတဲ့သာမန်သူတွေထပ် ကျန်းမာရေးဝန် ဆောင်မှုပေးနေသူတွေက နှာခေါင်းစည်းတပ်ဖို့ ပိုလိုအပ်ပါတယ်
  •  ကိုယ်ခံအားပြည့်ဝအောင်နေဖို့လည်းအရေးကြီးပါတယ်၊ အိပ်ရေးဝအောင်အိပ်၊ အာဟာရပြည့်အောင်စားပြီး စိတ်ဖိစီးမှုနည်းအောင်နေပါ
  •  ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကောင်းပေမယ့် ဒီအချိန်မှာ အားကစားခန်းမတွေသွားဖို့ မသင့်တော် ပါဘူး။ လူအများများနဲ့ ထိတွေ့နိုင်ပြီး ရောဂါကူးစက်ခံရနိုင်ချေများလို့ ဖြစ်ပါတယ်
  •  မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တွေ၊ ဆေးဝါးတချို့ကို လုံလုံလောက်လောက်ဝယ်ယူစုဆောင်းထားပါ၊ ဒါမှ ခဏခဏဈေးဝယ်ထွက်စရာမလိုတော့မှာပါ
  •  COVID -19 ရောဂါလက္ခဏာတွေ၊ကူးစက်ပျံ့နှံ့ပုံတွေကို အချိန်နဲ့           တပြေးညီသိနိုင်အောင် စိတ်ချရတဲ့သတင်း အရင်းအမြစ်တွေကနေ ဖတ်ရှုလေ့လာပါ
  •  အကယ်၍ ကိုယ့်မှာ သံသယဖြစ်စရာရောဂါလက္ခဏာတွေ ပြလာခဲ့ရင် နီးစပ်ရာဒေသန္တရ ဆေးရုံ၊ဆေးခန်းကို အရင်ဖုန်းဆက်အကြောင်းကြားပါ၊ ဆေးရုံ၊ဆေးခန်းကို တစ်ခါတည်းသွားပြလိုက်ရင် တခြားသူ တွေပါ ရောဂါကူးစက်နိုင်လို့ဖြစ်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly