လူထောင်ချီကုသနိုင်မည့် COVID-19 ဆေးရုံကို ဖောင်ကြီးတွင် ဖွင့်လှစ်ရန် ရန်ကုန်တိုင်းအစိုးရက ပြင်ဆင်နေ

လူထောင်ချီကုသနိုင်မည့် COVID-19 ဆေးရုံကို ဖောင်ကြီးတွင် ဖွင့်လှစ်ရန် ရန်ကုန်တိုင်းအစိုးရက ပြင်ဆင်နေ

ရန်ကုန်၊ ဧပြီ ၁၁

COVID-19 လူနာထောင်ချီ ကုသပေးနိုင်မည့်  “COVID-19  ကုသရေးဌာန(ဖောင်ကြီး)” ကို ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြင်ဆင်နေပြီး ဧပြီလအတွင်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရှိရသည်။

“ ဟုတ်ပါတယ်။ အရေးပေါ်ပေါ့။ လူနာထောင်နဲ့ချီပြီး ကျကျနန အခြေစိုက်ကုလို့ရအောင်။ အခုဟာက ဝေဘာဂီကလည်းပဲ နောက်ထပ်တိုးလာတဲ့အခါကျ မနိုင် မနင်းဖြစ်မှာစိုးလို့ ဒါကိုကြိုတင်ပြင်ဆင်ထားတာပေါ့ ” ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းတန်က မဇ္ဈိမသို့အတည်ပြုပြောသည်။

COVID-19  ကုသရေးဌာန (ဖောင်ကြီး) ကို ပထမအဆင့်အနေဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် ၂၀၊ High Dependency Unit အဖြစ်အသုံးပြုနိုင်မည့် ခုတင် ၂၄၀၊ လူနာခုတင် ၂၄၀ စုစုပေါင်း ခုတင် ၅၀၀ စီစဉ်ထားရှိမည်ဖြစ်သည်။

“ ပြန်ပြီး ပြင်ဆင်မွန်းမံတာ ကျောင်းသားတွေနေတဲ့အဆောင်တွေ၊ စာသင်ခန်းတွေကိုပြန်ပြီးတော့မှ လူနာတွေထားဖို့ပြင်ဆင်ဆောင်ရွက်တဲ့သဘောပါဗျ” လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အရာရှိတစ်ဦးက ပြောသည်။ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု သိရသည်။

ဒုတိယအဆင့်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင် ၄၀၊ High Dependency Unit အဖြစ် အသုံးပြုနိုင်မည့် ခုတင် ၄၈၀၊ လူနာခုတင် ၄၈၀ စုစုပေါင်း ခုတင် ၁၀၀၀ နှင့် တတိယအဆင့်တွင် ခုတင် ၂၀၀၀ အထိ တိုးချဲ့ဆောင် ရွက်ရန်လည်းရှိနေသည်။
 
ထို့အပြင် Green ဇုန်၊ Yellow ဇုန်၊ Red ဇုန်များခွဲခြား ထားရှိသွားမည်ဖြစ်ကာ လုပ်ငန်းများ စတင်သည့်အခါ တက္ကသိုလ် အတွင်းသို့ တာဝန်ရှိသူများမှအပ ဝင်ရောက်သွားလာခြင်း အားလုံးကို တားမြစ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းသိရသည်။

“ သူက ဆေးရုံကြီး အကျအနတော့မဟုတ်ဘူး။ တကယ့်အရေးကြီး လူနာတွေကိုဒီမှာကုလို့ရမယ့်ဟာမျိုးပေါ့နော် ” လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသန်းတန်ကပြောသည်။

Oxygen Plant နှင့် အောက်ဆီဂျင်ပိုက်လိုင်းများတပ်ဆင်မှု၊ ကုသမှုလုပ်ငန်းများအတွက် လိုအပ်သော အဆောက်အဦ များကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့က တာဝန်ယူမွမ်းမံပေးခြင်းဟုလည်းသိသည်။

ထို့အပြင် လူနာခုတင်များ၊ အသက်ရှူစက်များ၊ လူနာအခြေအနေစောင့်ကြပ်ကြည့်ရှုစက်များအပါအဝင် ကုသမှုစက်ပစ္စည်းကိရိယာများကို ဆေးနှင့် ဆေးပစ္စည်လုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိက ဆေးရုံများအသင်းတို့မှ ကူညီပေးနေသည်။

အလားတူ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးရန် မီးရှို့စက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ပံ့ပိုးမှုဖြင့် တည်ဆောက်ထားရှိမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ဝေဘာဂီအထူးကုဆေးရုံကြီးအပြင် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ လေးထပ်ဆောင်သစ်နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တို့တွင် ကိုဗစ်-၁၉ ကုသရေးဌာနများ ပြင်ဆင်ထားပြီး လူနာများကုသရန်လိုအပ်ပါက ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၌ မွမ်းမံပြင်ဆင်လျက်ရှိ သော ကိုဗစ်-၁၉ ကုသရေးဌာနကို အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိ ဧပြီလ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံထားရသည့် ဓာတ်ခွဲအတည်ပြုလူ နာ ၂၈ ဦးရှိပြီး ယင်းအနက် ၁၇ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required