COVID-19 နဲ့ သင်္ကြန်ရေ

COVID-19 နဲ့ သင်္ကြန်ရေ

 ရေးသားသူ Ye Zon Aung

 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 လို့ ခေါ်ဆိုကြတဲ့ ကူးစက်မြန် အဆုပ်ရောင်ရောဂါဆိုးကြီး ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့နေတာဟာ ၄ လ တိုင်ခဲ့ပါပြီ။ ခုချိန်ထိ တိကျရေရာတဲ့ ကုထုံးမျိုးကို ဖန်တီးနိုင်ခြင်းမရှိသေးပဲ သေဆုံးသူအရေအတွက်နဲ့ ရောဂါ ကူးစက်ခံရသူအရေအတွက်ကတော့ မှန်မှန်ကြီး တိုးတက်လာနေပါတယ်။

ရောဂါပိုး ကူးစက်ခံခဲ့ရသူ အရေအတွက်က ၁ သန်းခွဲနီးပါးရှိနေပြီဖြစ်သလို သေဆုံးသူအရေအတွက်ကလည်း ၈သောင်းကျော်အထိ တိုးတက်လာခဲ့ပါတယ်။ ပြန်လည်သက်သာလာသူအရေအတွက်ကတော့ ၃ သိန်း စွန်းစွန်း ရှိလာခဲ့ပါပြီ။

မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်ခံခဲ့ရသူအရေအတွက် ၂၂ ဦးအထိ ရှာဖွေတွေ့ရှိထားပြီး အဲ့ဒီထဲက လူနာ ၃ ဦးကတော့ သေဆုံးသွားခဲ့ကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ပြည်တွင်းမှာရော ပြည်ပမှာပါ ဒီရောဂါကို ထိမ်းချုပ်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြပေမယ့် အခက်အခဲတွေနဲ့အတူ ရုံးကန်နေကြရဆဲဖြစ်ပါတယ်။

အဲ့လိုအခြေအနေမျိုးမှာပဲ မြန်မာနိုင်ငံမှာတော့ အတာကူးမယ့် နှစ်သစ်ကူးအခါသမယကို ဖြတ်သန်းကြရတော့မှာဖြစ်ပါတယ်။ သင်္ကြန်ကာလရဲ့ ထုံးစံအတိုင်း ရေပက်ဆော့ကစားကြတာမျိုးတွေ ရှိလာမှာဖြစ်ပါတယ်။

လက်ရှိမှာ ပြည်တွင်းက နေရာဒေသအများအပြားမှာ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့ အသိပေးချက်ထုတ်ပြန်ထားပေမယ့် ခုလို ကြေညာချက်ထုတ်ပြန်ထားခြင်းမရှိတဲ့ နေရာဒေသတွေလည်း ရှိနေပါသေးတယ်။ ကြေညာချက်ထုတ်ပြန် သတိပေးထားတဲ့ ဒေသတွေမှာလည်း ရပ်ကွက်တွေအတွင်းမှာ အိမ်နီးနားချင်းတွေအချင်းချင်း ရေပက်ဆော့ကစားတာမျိုး အခြေအနေတွေ ရှိနေနိုင်ပါသေးတယ်။

ဒီလို အခြေအနေမှာ သိထားသင့်တာက COVID-19 ဟာ ရေထဲမှာ ရှင်သန်နိုင်သလား? ဒါမှမဟုတ် ရေကနေတဆင့် ပြန့်နှံ့နိုင်သလား? သင်္ကြန်ရေဆော့ကစားမှုကြောင့် ဒီရောဂါကူးစက်နိုင်သလား? ဆိုတဲ့ မေးခွန်းတွေပါပဲ။

လက်ရှိအချိန်အထိ သိရှိထားရတဲ့ သိပ္ပံလေ့လာချက်တွေနဲ့ WHO၊ CDC စတဲ့ စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ဒီမေးခွန်းတွေကို ဖြေကြားပေးချင်ပါတယ်။

  • COVID-19 ဟာ ရေထဲမှာ ရှင်သန်နိုင်သလား?

COVID-19 ရေထဲမှာ ရှင်သန်နိုင်သလားဆိုတာကို ဘယ်သူမှ မသိကြရသေးပါဘူး။ WHO အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းတွေက ဒီရောဂါပိုးဟာ ရေထဲမှာ ရှင်သန်နိုင်စွမ်းရှိမရှိနဲ့၊ ရေထဲကနေတဆင့် ကူးစက်နိုင်စွမ်း ရှိမရှိဆိုတာတွေကို သေချာစွာ မသိရှိရသေးဘူးလို့ ဆိုထားပါတယ်။

တစ်ဖက်မှာလည်း လက်ကို သန့်စင်တဲ့ရေ၊ ဆပ်ပြာစတာတွေနဲ့ သေချာစွာ ဆေးကြောရင် ရောဂါပိုးကို ဖယ်ရှားရှင်းလင်းနိုင်တာမို့ တစ်ချို့သောလူတွေက ရေက ရောဂါပိုးကို နိုင်တယ်လို့ အလွယ်တကူ မှတ်ယူလိုက်ကြတာမျိုးတွေ ရှိနေပါတယ်။ တကယ်တမ်းမှာတော့ ဒီအယူအဆဟာ အန္တရာယ်များပြီး သက်သေမခိုင်လုံတဲ့ ယုံကြည်ချက်တစ်ခုဖြစ်ပါတယ်။

လက်ကို စင်ကြယ်စွာ ဆေးကြောရုံနဲ့ ရောဂါပိုးကပ်ငြိမှုကို တားဆီးနိုင်၊ ဖယ်ရှားနိုင်တာဟာ သန့်စင်တဲ့ရေ ဒါမှမဟုတ် ရေနွေးနဲ့ ဆပ်ပြာတို့ရဲ့ ပေါင်းစပ်စွမ်းအားကြောင့်သာဖြစ်ပါတယ်။ ရေတစ်မျိုးတည်းကြောင့် မဟုတ်ပါဘူး။

  • ရေသန့်က COVID-19 ကို သတ်နိုင်သလား

ဘူးနဲ့ရောင်းချနေတဲ့ ရေသန့်တွေကရော ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်သလားဆိုတဲ့ မေးခွန်းလည်း ရှိပါသေးတယ်။ အဖြေကတော့ ရိုးရှင်းပါတယ်။ မသတ်နိုင်ပါဘူး။ ဆပ်ပြာနဲ့ ရေတွဲဖက်ပြီး ဆေးကြောသန့်စင်မှသာ ရောဂါပိုးကို ဖယ်ရှားရှင်းလင်းနိုင်တာဖြစ်ပါတယ်။ ရေချည်းသီးသန့်ဆိုရင် ရောဂါပိုးကို သတ်လည်းမသတ်နိုင်သလို ထိထိ ရောက်ရောက်လည်း ဖယ်လည်းမဖယ်ရှားနိုင်ပါဘူး။

  • ရေကနေတဆင့် ပြန့်နှံ့နိုင်သလား?

COVID-19 ဟာ ရေထဲကနေတဆင့် ပြန့်နှံ့နိုင်စွမ်းရှိမရှိကို တိကျသေချာစွာ သက်သေပြသထားနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် WHO အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေအရဆိုရင်တော့ မသန့်စင်တဲ့ ရေဆိုးတွေ၊ မသန့်ရှင်းတဲ့ရေတွေ အသုံးပြုမှုတွေကနေတဆင့်တော့ ရောဂါပြန့်နှံ့နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။

သောက်သုံးရေရှားပါးတဲ့အရပ်တွေမှာ သန့်စင်တဲ့ရေရရှိနိုင်ဖို့ ခက်ခဲနေတာမို့ လက်ကို ဆပ်ပြာနဲ့ ဆေးကြောရာမှာ အဆင်ပြေရာ ရေတွေနဲ့ ဆေးကြောမိနေတာမျိုးတွေ ရှိနေပြီး ဒါဟာ COVID-19 အပြင် တခြားသော ကူးစက်ရောဂါတွေကိုပါ ဖိတ်ခေါ်ရာ ရောက်ပါတယ်။

  • သင်္ကြန်ရေဆော့ကစားမှုကြောင့် ဒီရောဂါကူးစက်နိုင်သလား?

ရောဂါပိုးဟာ ရေထဲမှာ ရှင်သန်နိုင်စွမ်းရှိမရှိနဲ့၊ ရေထဲကနေတဆင့် ကူးစက်နိုင်စွမ်း ရှိမရှိဆိုတာတွေကို သေချာစွာ မသိနိုင်သေးတာမို့ ရေကနေတဆင့် ရောဂါကူးစက်နိုင်ခြေရှိမရှိကို အတိအကျ သုံးသပ်ပြောဆိုဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မသန့်စင်တဲ့ ရေတွေနဲ့ အပက်ခံရမယ်ဆိုရင် ကူးစက်ရောဂါတွေကို ကပ်ငြိနိုင်တာကို သတိထားဖို့ တော့လိုအပ်မှာဖြစ်ပါတယ်။

နောက်တစ်ချက်က ရေပက်ကစားတာကြောင့် လူချင်းထိတွေ့မှုဖြစ်ဖို့ ပိုအခွင့်အလမ်းများတာကိုလည်း မမေ့သင့်ပါဘူး။ လက်ရှိအချိန်မှာ ကျန်းမာရေးဌာနကလည်း Social Distancing လုပ်ပြီး တစ်ဦးနဲ့ တစ်ဦးအကြား ၃ ပေ ကနေ ၆ ပေ အထိ ခြားနားနေထိုင်ဖို့ တိုက်တွန်းနေပါတယ်။ ရေပက်ကစားခြင်းကြောင့် လူလူချင်းထိတွေ့မှုဖြစ်ဖို့ အလွန်နီးစပ်ပြီး ရောဂါကူးစက်နိုင်ခြေလည်း မြင့်မားပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ သင်္ကြန်ကာလမှာ အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ပဲ နေအိမ်မှာပဲ Social Distancing ပြုလုပ်နေတာဟာ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုပြုမူနေထိုင်ခြင်းအားဖြင့် ရောဂါပြန့်ပွားမှု အခြေအနေကို ထိမ်းချုပ်နိုင်ဖို့ အထောက်အကူကောင်း ဖြစ်စေမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly